“ပျော်စရာကြီး” တေးစီးရီး ထွက်မည်

E-mail Print
နာမည်ကြီး ဟစ်ပ်ဟော့ပ် အဆိုတော် စိုင်းစိုင်းခမ်းလှိုင် စီစဉ်ရွေးချယ်ပြီး လူငယ် ရက်ပ်ပါ ၆၀ ပါဝင်သည့် “ပျော်စရာကြီး” အမည်ရှိ တေးစီးရီး တခွေကို Tape၊ CD အဖြစ် မကြာခင် Excellent Creation မှ ဖြန့်ချိတော့မည် ဖြစ်ကြောင်း သိရသည်။

မျိုးဆက်သစ် လူငယ်များ ဖန်တီးထားသော ဟစ်ပ်ဟော့ပ် သီချင်းသစ်များကို ၎င်းနှင့် ဘိုစန်းတို့က စီးရီးအဖြစ် စီစဉ်ခြင်းဖြစ် သည် ဟု  စိုင်းစိုင်းခမ်းလှိုင် က ပြောပြသည်။

စိုင်းစိုင်းခမ်းလှိုင်က “လူသစ်တန်းတွေ အနေနဲ့ တေးစီးရီး တခွေထွက်ဖို့ဆိုတာ မလွယ်ပါဘူး။ ဈေးကွက် အနေအထားကလည်း မကောင်းဘူး။ ဒါပေမယ့် လူငယ်တွေက သူတို့ရဲ့ကြိုးစားမှုတွေကို ပရိသတ်ရှေ့ကို ချပြချင်တယ်။ ကျနော်တို့တုန်းကလည်း ဒီလိုပါပဲ။ ဒါကြောင့် အခု အရည်အချင်းရှိတဲ့ လူငယ်တွေကို ရွေးချယ်ပြီး စီစဉ်တာပါ။ ကျနော့်ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီ ပေးထားပါတယ်”ဟု ဆိုသည်။


ယင်းစီးရီးကို BO BO Entertainment နှင့် Frenzo production တို့က ပူးပေါင်းတင်ဆက်ခြင်း ဖြစ်ကြောင်းသိရသည်။အဆိုပါ တေးစီးရီး ထွက်ရှိခြင်းအတွက် စာနယ်ဇင်းတွေ့ဆုံပွဲကို ဇွန်လ ၁၄ ရက်နေ့ နေ့လယ်ပိုင်းက ဗိုလ်ချုပ်လမ်း CENTRAL HOTEL တွင် ကျင်းပခဲ့ရာ ပါဝင်သောအနုပညာရှင်များနှင့် အတူ စာနယ်ဇင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

“နောက်ထပ် ၁၀ ခွေ ထပ်ထုတ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီလူတွေချည်းပဲလည်း ဖြစ်ချင်မှဖြစ်မယ်။ နောက်ထပ် အသစ် တွေလည်း ပါနိုင်တယ်။ အသစ်အဆန်း ဖြစ်အောင်တော့ အမြဲလုပ်သွားမယ်”ဟု စိုင်းစိုင်းခမ်းလှိုင်က ဆိုသည်။

စိုင်းစိုင်းခမ်းလှိုင်စီစဉ်သည့် စီးရီးအပြင် ရတနာမိုင်၏ တကိုယ်တော် စီးရီး “မရှိလို့မဖြစ်”နှင့် မြန်မာသံအဆိုရှင် ဗညားဟန်နှင့် နှင်းဧကရီတို့ သီဆိုထားသည့် “ဆုတောင်းပြည့်ချိန်” အမည်ရှိ VCD တို့ ယခုလအတွင်း ဖြန့်ချိတော့မည်ဖြစ်ကြောင်းလည်း သိရသည်။

ရတနာမိုင်၏ စီးရီးတွင် ကိုယ်ပိုင်သံစဉ် ၁၄ ပုဒ်နှင့် ကော်ပီသီချင်း ၂ ပုဒ် ပါဝင်ပြီး စုစုပေါင်း သီချင်းသစ် ၁၆ ပုဒ်ပါဝင်မည် ဖြစ်ပြီး သီချင်းများကို မင်းချစ်သူ၊ နောင်နောင် (S.F)၊ လင်းလင်း၊ NGERR၊ စိုးမိုးသန်း၊ လင်းထက်၊ K.L.C ၊ ညီမင်းခိုင်၊ အောင်လ၊ မိုင်နှင့် ရတနာမိုင်တို့က ရေးသား၍ Metal Zone အဖွဲ့က Metal Zone စတူဒီယိုတွင် အသံသွင်း ထားကြောင်း သိရသည်။

ယင်းစီးရီးကို VCD အဖြစ် ဒါရိုက်တာ မောင်ပြည့်ဝ(ပန်းဝေသီ)၊ ကြည်ဖြူသျှင်၊ ဇော်မျိုး၊ ဟန်လင်းဆွေ တို့က ရိုက်ကူးထားပြီး သြဂုတ်လ အတွင်း ဖြန့်ချိမည် ဖြစ်ကြောင်း ရတနာမိုင်က ပြောသည်။


၎င်းစီးရီးနှင့်ပတ်သက်၍ ရတနာမိုင်က“ဒီ စီးရီးတခွေ ဖြစ်လာအောင် အရမ်းကြိုးစားရပါတယ်။ အတွဲခွေတွေသာ ဆိုဖြစ်တဲ့ အတွေ့အကြုံပဲ ရှိတယ်။ တကိုယ်တော် စီးရီးဆိုတာက လုပ်ရတာ မလွယ်ဘူး။ သမီးရဲ့ ဆရာတွေ၊ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်းတွေ ၀ိုင်းကူတာရယ်၊ သမီးရဲ့ ကျေးဇူးရှင်မေမေက ပံ့ပိုးတာရယ်ကြောင့် အဆင်ပြေတာပါ။ သမီးကလည်း ကိုယ့် ပရိသတ်အတွက် အများကြီး ကြိုးစားထား ပါတယ်။ ပရိသတ်ကြီးကပေးတဲ့ သမီးရဲ့ချွေးနှဲစာလေး စုပြီးတော့ လုပ်ရတာပါ”ဟု လည်း ဆိုသည်။

EAGLE တေးထုတ်လုပ်ရေးမှ စီစဉ်ပြီး မေလက audio (အရုပ်မပါ အသံ သီးသန့်)ခွေအဖြစ် ထွက်ခဲ့သည့် ဆုတောင်းပြည့်ချိန် တေးစီးရီးကိုမူ VCD ကာရာအိုကေ အဖြစ် ဇွန် ၂၆ ရက်နေ့တွင် ရတနာမြိုင် တေးသံသွင်းက ဖြန့်ချိမည် ဖြစ်ပြီး တေးရေး အောင်နိုင်စန်း ၊နေထွဏ်းဦး၊ ရွှေတိုး၊ ဇော်ဝင်းနိုင်၊ ဇော်မင်း(ဂစ်တာ) တို့က ရေးသားကာ ဂီတမှူး အောင်မြတ်ထွတ် အဖွဲ့ (AMS) က တီးခတ် ထားကြောင်း၊ VCD အတွက် စန္ဒရား သန်းဇော်က စီစဉ် ရိုက်ကူးထားကြောင်း သိရသည်။

မြန်မာပြည် ဂီတဈေးကွက်တွင် ယင်းသို့သော တေး စီးရီး အသစ်များ၊ VCD များ ဆက် တိုက် ထွက်ရန်ကြိုးပမ်းမှုများ ရှိနေကြ ကြောင်း၊ သို့သော် ခိုးကူးခွေ ဈေးကွက်ကို နှိမ်နင်းနိုင်ခြင်း မရှိသေးသောကြောင့် ဂီတဈေးကွက်မှာ ကျဆင်းနေဆဲ ဖြစ်ကြောင်း ဂီတလောကသားများက ပြောသည်။

ယခုနှစ်ဆန်းပိုင်းက ခိုးကူးဈေးကွက်ကို ပြင်းထန်စွာ နှိမ်နင်းမည်၊ ငွေဒဏ်သာမက ထောင်ဒဏ် အရေးယူမှုများ ပြုလုပ်မည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

ဟစ်ပ်ဟော့ပ် အဆိုတော် အနဂ္ဂကမူ“ဒီအစီအစဉ် ဖြစ်သင့်တာလည်း ကြာပြီ၊ ဂီတ လောကသားတွေ ပြောခဲ့တာလည်း များပါ ပြီ။ ဒါပေမယ့် အခုမှ အရေးယူမယ်ဆိုတာကတော့ ရွေးကောက်ပွဲနီးလာလို့ စည်းရုံးမှုတရပ်လား၊ ခုလိုလုပ်တာ ဖွဲမီးလား၊ ထင်းမီးလား၊ ကောက်ရိုးမီးလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ဈေးကွက်က နှစ်တော်တော်ကြာကြာ ပျက်နေတာ ကြာပြီ။ ဂီတ လောကလည်း ထင်သလောက် အလုပ်မဖြစ်ဘူး”ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်