ဘဏ်သစ်များ ဖွင့်ခွင့်ပေးမှု ဘဏ်လုပ်သား ဈေးကွက် ဂယက်ရိုက်

E-mail Print
စီးပွားရေး အင်အားကြီး လုပ်ငန်းရှင် ၄ ဦးကို ပုဂ္ဂလိက ဘဏ်များ လုပ်ကိုင်ခွင့် ချပေးလိုက် ပြီးနောက် ဘဏ်ကျွမ်းကျင် လုပ်သား ဈေးကွက် ဂယက်ရိုက်လျက် ရှိကြောင်း သိရသည်။

ဘဏ်သစ်များက လုပ်သားများ အပြိုင်အဆိုင် ခေါ်ယူနေပြီး လက်ရှိလည်ပတ်နေသော ပုဂ္ဂလိက ဘဏ်များကလည်း ဝန်ထမ်း များကို လစာများ တိုးမြှင့်ပေးနေရကြောင်း ဘဏ်အသိုင်းအဝိုင်းမှ သတင်းရရှိသည်။

ဦးတေဇ၏ Asia Green ဘဏ်၊ ဦးဇော်ဇော်၏ ဧရာဝတီ ဘဏ်၊ ဦးနေအောင်၏ အမရာ ဘဏ်၊ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင် ဘဏ်တို့က ဘဏ်နေရာများ ရွေးချယ် ဆောက်လုပ်နေကြကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ တောင်ကြီး၊ မန္တလေး တို့တွင် စတင်ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်နေကြောင်း သိရသည်။

“ဘဏ်အသစ်တွေက ၀န်ထမ်းခေါ်ရာမှာ အခြေခံလစာ ကျပ် တသိန်း အထက်ပေး ခေါ်နေကြ တယ်။ ဒါကြောင့် ကျနော်တို့က လည်း လစာတိုးပေးရတာပေါ့။ ကိုယ့်ဝန်ထမ်း သူများဆီ ရောက်မသွားအောင် လုပ်ရတာပေါ့”ဟု ရိုးမဘဏ်မှ တာဝန်ရှိသူတဦး က ပြောသည်။

ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတဦးကလည်း “ကျနော်တို့ ဘဏ်မှာတော့ ဝန်ထမ်းတွေကို ဘယ်ဘွဲ့ရရမယ် ဆိုပြီးတော့ ကန့် သတ် မထားပါဘူး။ လက်ရှိ ဝန်ထမ်းတွေကိုလည်း လစာတိုးပေးထားပါတယ်”ဟု ပြောသည်။

လက်ရှိ ပုဂ္ဂလိက ဘဏ်များမှာ ရိုးမ ဘဏ်၊ အင်းဝ ဘဏ်၊ ကမ္ဘောဇ ဘဏ်၊ မြန်မာနိုင်ငံသားများ ဘဏ်၊ ပထမ ပုဂ္ဂလိက ဘဏ်၊ မြန်မာအရှေ့တိုင်း ဘဏ်၊ ထွန်းဖောင်ဒေးရှင်း ဘဏ်၊ ရတနာပုံ ဘဏ် စသည့် ဘဏ်များ အပါအ၀င် မြန်မာနိုင်ငံတွင် တရားဝင် ခွင့်ပြုထားသော ပုဂ္ဂလိက ဘဏ် စုစုပေါင်း ၁၅ ခု ရှိကြောင်း ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန က ထုတ်ပြန်သော စာရင်းများ အရ သိရသည်။

Asia Green ဘဏ် တည်ထောင်မည့် ထူးထရေးဒင်းမှ တာဝန်ရှိသူတဦးကလည်း“ဘဏ်လုပ်ငန်းအတွက် ၀န်ထမ်းတွေခေါ်နေ ပါပြီ။ မှတ်ပုံလည်း တင်ပြီးပါပြီ။ လုပ်ငန်းလိုင်စင်ကျတာနဲ့ စတော့မှာပါ”ဟု ပြောသည်။

အသစ်ဖွင့်လှစ်မည့် ဘဏ်များက လက်ရှိလုပ်ငန်းခွင်ရှိ ဘဏ်ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ဘဏ်သင်တန်းကျောင်းမှ သင်တန်း ဆင်းများကို ဦးစားပေး ခေါ်ယူလျက်ရှိရာ ဘဏ်လုပ်ငန်း လုပ်ကိုင်လိုသော တခြားဘွဲ့ရများအနေဖြင့် အလုပ်အကိုင် ရရန် အခွင့် အလမ်း နည်းနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ဘဏ်လုပ်ငန်း သင်တန်းကျောင်းကို ရန်ကုန်မြို့ အမှတ်(၂) စည်ပင်လမ်းသစ် ရန်ကင်းမြို့နယ်၌ ဖွင့်လှစ်ထားပြီး မန္တလေးမြို့တွင် သက်ဆိုင်ရာ ဘဏ်ခွဲများ၌ သင်ကြားကြောင်း သိရသည်။

Asia Green ဘဏ်တွင် သွားရောက် လျှောက်ထားသူ တဦးက“ကျနော်သွားလျှောက်တော့ လူတော်တော်များများ တွေ့ရတယ်။ လျှောက်လွှာတော့ လက်ခံလိုက်တယ်။ ဒါပေမယ့် အလုပ်ရဖို့ မသေချာဘူး။ သူ့လူနဲ့သူ ပြည့်နေပြီ”ဟု ဆိုသည်။

၂၀၀၃ ခုနှစ်က ဖျက်သိမ်းခဲ့သော အာရှ ဓန ဘဏ်၊ မြန်မာ မေဖလားဝါး ဘဏ်နှင့် မြန်မာ ယူနီဗာဆယ် ဘဏ်များမှ လုပ်ငန်း ခွင် ကျွမ်းကျင်ဝန်ထမ်း ထောင်ဂဏန်းမျှ ရှိနေကြောင်း ဘဏ် လုပ်ငန်း ပညာရှင်တဦးက ဆိုသည်။

ဘဏ်လုပ်ငန်း ပညာရှင် ဦးဝင့်ကျော်က လူထုအနေဖြင့် ဘဏ်များကို လေ့လာစောင့်ကြည့်ရန်လိုအပ်ပြီး၊ ဘဏ်များက သတ် မှတ်စည်းမျဉ်းနှင့်အညီ လုပ်ကိုင်ရန်လိုအပ်ကြောင်း ပြည်တွင်းထုတ် 7 Day ဂျာနယ်နှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

ဘုရင့်နောင်ကုန်စည်ဒိုင်မှ စီးပွားရေး လုပ်ငန်းရှင်တဦးက“ဘဏ်တွေ အသစ်ပေါ်လာတယ်ဆိုပေမယ့် သူတို့ဘဏ်တွေကို စိတ်ချယုံကြည်ရဖို့ဆိုတာ ရှိသေးတယ်။ အဲဒီ အာမခံချက်အတွက် ဘယ်လိုသက်သေပြမလဲ။ ကိုယ်က ယုံယုံကြည်ကြည် အပ်နှံတယ်။ နောက်ပိုင်းမှာ အာရှဓနဘဏ်တို့၊ မေဖလားဝါးဘဏ်တို့လိုဖြစ်ရင် တနိုင်ငံလုံးထိမှာ” ဟု ပြောသည်။

ပုဂ္ဂလိက ဘဏ်သစ်များနှင့် အပြိုင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးရေး ဘဏ် ကလည်း ဘဏ်ခွဲ ၁၀ ခု ထပ်မံ ဖွင့်လှစ်မည်ဟု သိရသည်။

ပုဂ္ဂလိကဘဏ်သစ်များတွင် အကြွေးဝယ်ကတ်(Smart Card) ၀န်ဆောင်မှုကို ပေးရန်ပြင်ဆင်လျက်ရှိသည်ဟုလည်း သိရသည်။

၁၉၉၀ ပြည့်နှစ်တွင် တရားဝင်ပြဋ္ဌာန်းထားသော Financial Institution of Myanmar Law အရ ငွေကြေးဆိုင်ရာ လုပ်ငန်းများ (ပုဂ္ဂလိကဘဏ်များ) ထူထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှုဘဏ်ဆိုပါက အနည်းဆုံး မတည် ရင်းနှီးငွေ ကျပ် သိန်း ၆၀၀ နှင့် ကူးသန်း ရောင်းဝယ်ရေး ဘဏ် ဆိုပါက ကျပ် သိန်း ၃၀၀ တရားဝင် သတ်မှတ်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်