ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ရန်ကုန်တွင် ကျင်းပ

E-mail Print
လရိပ်ပြာအောက် ကုမုဒြာတို့ ပွင့်သစ်ခဲ့
မတူညီတဲ့ ဒေသတွေက တူညီတဲ့ မျှော်လင့်ချက်တွေနဲ့
သင့်ခေါင်းဆောင်မှုရဲ့ နောက်မှာ ပြည်သူတွေဟာ သွေးစည်းညီညာခဲ့ကြ
သံမဏိဒါး ကျခဲ့ကြ
သင်ဟာ လေထဲက ဖယောင်းတိုင် မဟုတ်
မုန်တိုင်းကြားမှာ မြူးပျော်ပျံတက်
မုန်တိုင်းကို ကြိုဆိုနှုတ်ဆက် မုန်တိုင်းငှက်ဖြစ်တယ်။
.......................................
.......................................
.......................................
အော်နေတဲ့ စစ်နဲ့ ငြိမ်းချမ်းရေး
ဂီလာန အမှောင်ခေတ်နဲ့ အိမ်မက်မဲ့ ညတာရှည်များ
အောင်မြင်စွာဖြတ်သန်းသွားကြစို့။
တန်းတူရေးလား သွေးခွဲရေးလား
တွေ့ဆုံရေးလား ပျက်သုဉ်းရေးလား
နာကျဉ်းခြင်းလား ခွင့်လွှတ်ခြင်းလား
ကော်ဇောနီလား ကြိုးနီလား
အချိန်က စည်းခြားခဲ့ပြီ
သစ္စာတရားဟာ ထာဝရ ဘက်လိုက်နေလိမ့်မယ်။

ပင်နီ တိုက်ပုံဝတ်၊ မျက်မှန် ထူထူ တပ်ထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း တဦးက ကဗျာဆရာ၊ စာရေးဆရာ ဖျာပုံနီလုံဦး ရေးစပ် ထားသော ဒေါ်အောင်ဆန်း စုကြည်မွေးနေ့ အမှတ်တရ ကဗျာကို ရွတ်ဆို အပြီး လူပေါင်း ၇၀၀ ကျော်၏ လက်ခုပ် သံတို့က ခြံဝင်း အတွင်း ဆူညံ သွားတော့သည်။

အင်းစိန် မြို့နယ် ၁၀ မိုင်ကုန်း ဈေးအနီးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေနှင်းကြည်၏ ခြံဝင်း အတွင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ကို ကျင်းပနေခြင်း ဖြစ်သည်။

{slimbox images/multimedia/suu65th/01.jpg,images/multimedia/suu65th/01-sm.jpg, ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲတွင်တွေ့ရသော နိုင်ငံရေး အကျဉ်းသားတဦး၏ သား အသက် ၇ နှစ်အရွယ် မောင်ခိုင်လင်းအောင် (ဓာတ်ပုံ - ဧရာဝတီ);images/multimedia/suu65th/02.jpg,images/multimedia/suu65th/02-sm.jpg, - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲလာသူများ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/suu65th/03.jpg,images/multimedia/suu65th/03-sm.jpg, - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲလာသူများ (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/suu65th/04.jpg,images/multimedia/suu65th/04-sm.jpg, - ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ကိတ် (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/suu65th/05.jpg,images/multimedia/suu65th/05-sm.jpg, သတင်းဆရာကြီး ဦးဝင်းတင်ကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဖရောင်းတိုင်ကိုင်၍ ဆုတောင်း (ဓာတ်ပုံ - ဧရာဝတီ); images/multimedia/suu65th/06.jpg,images/multimedia/suu65th/06-sm.jpg, မွေးနေ့ပွဲလာသူများက ဖရောင်းတိုင်များ ကိုင်၍ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုမွန်ကောင်းများ တောင်းနေကြစဉ် (ဓာတ်ပုံ - ဧရာဝတီ)}
မီးထွန်းညှိထားသော ဖယောင်းတိုင်ကို ညာလက်ဖြင့်ကိုင်ပြီး ဘယ်လက်ဖြင့် နှင်းဆီပွင့် အ၀ါရောင်ပန်းခက်ကို ကိုင်ထားကြသော ဒေါ်အောင်ဆန်းစုကြည် ၏ မွေးနေ့ ဆုတောင်းပွဲသို့ လာရောက်ကြသူများသည် “အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံး လွတ်မြောက်ပါစေ၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံး လွတ်မြောက်ပါစေ”ဆိုသည့် ကြွေးကြော်သံများကို မာန်ပါပါနှင့် တက်တက်ကြွကြွ ကြွေးကြော် ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဒီမိုကရေစီအင်အားစုများ၊ လူငယ်များ နှင့် အမျိုးသမီး များက တန်ဖိုးထား၍ ဦးစီးဦးဆောင် ပြုကာ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိစ္စများအား ဆောင်ရွက်ကြောင်း၊ ပြည်တွင်းတွင်လည်း တပြည်လုံး အားဖြင့် တတ်နိုင်သမျှ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်နေကြသည်ကိုတွေ့မြင်ရကြောင်း NLD ခေါင်းဆောင် တဦးဖြစ်သူ သတင်းစာ ဆရာကြီး ဦးဝင်းတင် က ပြောသည်။

“ဒီနေ့ ဒီအချိန်အခါမှာ သစ်ပင်မရှိခြင်းကြောင့် ရေကြီးတယ်၊ ရေရှားတယ်၊ မိုးခေါင်တယ်ဆိုတာကို ကျေးလက်မှာရှိတဲ့ လူထု ကိုယ်တိုင်ကိုက သိရှိလာပါပြီ၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လူသားတရပ်လုံးနဲ့ ဆက်စပ်နေတဲ့ ဒီသစ်ပင်စိုက်တဲ့အလုပ်ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ကြပါမယ်၊ အလေးအနက်သဘောထားပြီး ဆောင်ရွက်ကြတာ ဖြစ်ပါတယ်”ဟု ဦးဝင်းတင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“ပြည်သူလူထုအားလုံး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနဲ့ အမြန်ဆုံး ပြန်ရပါစေ”ဟု ဆုတောင်း သည်။

မွေးနေ့ပွဲသို့တက်ရောက်လာသော ဒီမိုကရေစီအင်အားစု၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင် ကလည်း နအဖ ကျင်းပမည့် ရွေးကောက်ပွဲသည် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်မည် မဟုတ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး မြန်မာနိုင်ငံ အရေးတွင် ပါဝင်စေချင်ကြောင်း ပြောဆိုသည်။

“မြန်မာနိုင်ငံမှာကျင်းပမယ့် ရွေးကောက်ပွဲဟာ တိုင်းပြည်အတွက် နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းပေးမယ့်အဖြေမဟုတ်ပါဘူး ဆိုတာ သိတဲ့အတွက် ဒီရွေးကောက်ပွဲအပြီးမှာလည်း အခက်အခဲတွေ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးပြဿနာတွေရှိနိုင်ပါတယ်၊ ဒီပြဿနာတွေ အားလုံးကို ညှိညှိနှိုင်းနှိုင်းနဲ့ ဖြေရှင်းနိုင်မယ့် လူက ဒေါ်အောင်ဆန်းစုကြည်ဖြစ်တယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်း စုကြည် ကို အမြန်ဆုံးလွတ်စေချင်တယ်။ လွတ်ပါစေလို့လည်း ဆုတောင်းပါတယ်”ဟု ဦးအေးသာအောင် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းပွဲသို့ တက်ရောက်လာကြသူ အများစုမှာ NLD အဖွဲ့ဝင်များ ဖြစ်ပြီး နိုင်ငံရေး အသိုင်း အ၀ိုင်းနှင့် ဒီမိုကရေစီအင်အားစုများမှ ဖိတ်ကြားထားသူများလည်းပါဝင်သည်။ ထို့အပြင် အကျဉ်းကျနေသော နိုင်ငံရေး အကျဉ်း သား မိသားစုဝင်များလည်း လာရောက်ပြီး ဆုတောင်းကြသည်ကို တွေ့မြင်ရသည်။

“သားဖေဖေကလည်း နိုင်ငံရေးသမားပါပဲ၊ ဖေဖေအမြန်ဆုံးလွတ်ပါစေလို့ ညအိပ်ရာ ၀င်တိုင်း ဆုတောင်းတယ်၊ ပြီးရင် ဘွားဘွား ဒေါ်အောင်ဆန်းစုကြည်လည်း အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းတယ်”ဟု အသက် ၇ နှစ်အရွယ် မောင်ခိုင်လင်းအောင် ဆိုသော နိုင်ငံရေး အကျဉ်းသား တဦး၏ သားက ညအိပ်ရာဝင် ဆုတောင်းကို ပြောပြသည်။

မောင်ခိုင်လင်းအောင်၏ ဘခင်မှာ ကိုစိုးမိုးထွန်းဖြစ်ပြီး အင်းစိန်ထောင်၌ ပုဒ် ၁၃/၁ နှင့် ၁၇/၁ တို့ဖြင့် ထောင်ဒဏ် ကျခံနေရသူ ဖြစ်သည်။

တခြားသော နိုင်ငံရေး အကျဉ်းသား တဦး၏ ဇနီး ဒေါ်ခင်ဝင်းကလည်း“မြန်မာနိုင်ငံကောင်းအောင် မွန်အောင် ဒီမိုကရေစီရအောင် လုပ်ပေးနိုင်တဲ့သူက ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိတယ်ဆိုတာကို ယုံကြည်တဲ့အတွက် မွေးနေ့ဆုတောင်းပွဲမှာ အခုလိုလာပြီး ဆုတောင်းပါတယ်”ဟု ပြောသည်။

သူမ၏ ခင်ပွန်း ဦးတင်ဦး ဆိုသူမှာ စစ်ကိုင်းတိုင်း ခန္တီးထောင်တွင် ထောင်ဒဏ်နှစ်ရှည် ကျနေပြီး သားဖြစ်သူမှာလည်း မွန်ပြည်နယ် သထုံထောင်တွင် ကျနေကြောင်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေဟု အမြဲ ဆုတောင်း လေ့ရှိကြောင်း သူက ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ ရှေ့ဆက် ပြီးတော့ ကျန်းကျန်း မာမာနဲ့ မြန်မာ့ ဒီမိုကရေစီ အတွက် ဆောင်ရွက် ကြိုးပမ်း နိုင်ရေး အဲဒါတွေကို ရည်စူးပြီးတော့ မနက်က သံဃာ ၅ ပါးကို အာရုံဆွမ်း ကပ်ပါတယ်၊ နေ့လည်ပိုင်းမှာ ဧည့်သည်တွေကို ဖိတ်ပြီးတော့ ဆုတောင်းပွဲ ကျင်းပတယ၊် ငှက်လွှတ်တယ်၊ ငါးတွေ လွှတ်တယ်”ဟု NLD ဗဟို ဦးစီးအဖွဲ့ဝင် အမျိုးသမီး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မေ၀င်းမြင့်ကလည်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ပွဲတွင် နှစ်စဉ် သံဃာတော်များ အားဆွမ်းကပ်ခြင်း၊ နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအား ပညာသင်ထောက်ပံ့ကြေးငွေ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ယခုနှစ်အတွက် နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ကျောင်းသူ ကျောင်းသားပေါင်း ၁၂၇ ဦးကိုပေးအပ်မည်ဟု ဆိုသည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားမိသားစု ၀င်များမှာ  NLD အဖွဲ့ဝင်များသာမက မြန်မာ့ ဒီမိုကရေစီအရေးကိုလိုလားသော ဒီမိုကရေစီ အင်အားစုမှ မည်သည့်အဖွဲ့အစည်းကမဆို နိုင်ငံရေးအကျဉ်းသား မိသားစုဝင် သားသမီးများကိုပါ ပညာသင်ထောက်ပံ့ကြေး ပေးကြောင်း သိရှိရသည်။

မွေးနေ့ ဆုတောင်းပွဲကျင်းပသော အင်းစိန် ဆယ်မိုင်ကုန်းဈေး အနီးတ၀ိုက်တွင် လုံထိန်းများအပြည့် ပါဝင်သော ကား ၄ စီး၊ ရဲကား ၃ စီး ၊ လိမ္မော်ရောင် မော်တော်ဆိုင်ကယ်များဖြင့် ရဲများ၊ အရပ်ဝတ်ရဲများ စသည်ဖြင့် လုံခြုံရေး ချထားပြီး မွေးနေ့ပွဲသို့ လာရောက် သူများအား အရပ်ဝတ်ရဲများနှင့် စစ်ထောက်လှမ်းရေးများက ဗီဒီယို၊ ဓာတ်ပုံရိုက် မှတ်တမ်းများ ရိုက်ယူနေသည်ကို တွေ့မြင်ရ သည်။

“ဆယ်မိုင်ဈေး အပြင်က ဈေးသည်တွေကို မနေ့ညနေပိုင်းကတည်းက ဈေးရောင်းခွင့်မပေးဘူး၊ ဈေးသည်တွေအားလုံး ရှင်းထား တယ်၊ ဒေါ်မေနှင်းကြည်အိမ်တ၀ိုက်ကိုလည်း အရပ်ဝတ်ရဲတွေနဲ့ လုံခြုံရေးချထားတယ်”ဟု အင်းစိန်မြို့နယ်မှ ရယက အဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၆၅ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို ထိုင်း နိုင်ငံ အပါအ၀င် ဂျပန်၊ အိန္ဒိယ ၊ မလေးရှား စသည့် နိုင်ငံတကာရှိ မြန်မာ့အရေးလှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင် လေးစားသူများက ကျင်းပကြကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နေအိမ်သို့ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလျံ ယက်ထော တိတ်တဆိတ် ၀င်ရောက် မှုဖြင့် တရားစွဲခံရပြီး နေအိမ်အကျယ်ချုပ် ၁ နှစ် ခွဲ ချခံထားရသည်။ လာမည့် နိုဝင်ဘာ လတွင် ပြစ်ဒဏ်ကျခံချိန် ကုန်ဆုံးမည်ဖြစ် သည်။

၂၀၀၃ ခုနှစ်မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှုအပြီးတွင် နေအိမ်အကျယ်ချုပ်ဖြင့် ၆ နှစ် အဖမ်းခ့ခဲ့ရပြီး နောက် ပြန်လည် လွတ်မြောက်ရန် နီးကပ်လာချိန်တွင် ယခုကဲ့သို့ အကျယ်ချုပ် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ်အကျယ်ချုပ်ဘ၀ ဖြင့်စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်