“တချို့က ရူးတယ် ဆိုချင်ဆို၊ ကျနော် ရှိနေတုန်းမှာ ကျနော်တို့ ကိုယ်ပိုင် မွန်ဘာသာ စကားကို ပျောက်မသွား စေချင်ဘူး” ဟု ၂၀၀၅ ခုနှစ် မတ်လက The Nation သတင်းစာနှင့် အင်တာဗျူးတွင် ဒေါက်တာ နိုင်ပန်းလှက ပြောခဲ့သည်။
မွန်ဘာသာ စကားသည် မထိန်းသိမ်းလျှင် အနှစ် ၄၀ အတွင်း ကွယ်ပျောက် တော့မည်ဟု အဆိုပါ အင်တာဗျူးတွင် ပြောထားပြီး The Nation သတင်းစာက မွန်ဘာသာ စကားကို ကယ်တင်သူ ဟူ၍ ရည်ညွှန်း ဖော်ပြခဲ့သည်။
ဒေါက်တာနိုင်ပန်းလှသည် ဂျပန်မှ ပြန်ရောက်ချိန်မှစ၍ ခေတ်ဟောင်းနှင့် ခေတ်သစ် မွန်ကျောက်စာနှင့် စာပေကို ရန်ကုန်တွင် သင်ကြားပို့ချခဲ့ပြီး မွန်ပညာရှင် မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးခဲ့သည်။
“အောက်တိုဘာ မှာ တလ ဆေးရုံတက်ရတယ်။ လေဖြတ်သလိုဖြစ်ပြီး စကားသိပ်မပြောနိုင်တော့ဘူး။ ဆေးရုံမှာ တလနေပြီး ပြန်ဆင်းလာတယ်။ ရောဂါ ပြန်ဖောက်လာပြီးမှ ဆုံးသွားတာ” ဟု ဒေါက်တာနိုင်ပန်းလှ၏ သမီးတဦးဖြစ်သူ မိပေါ့ပ်က ပြောသည်။
ဖခင်ဖြစ်သူ ဒေါက်တာနိုင်ပန်းလှသည် မွန်ဘာသာစကား၊ စာပေနှင့် ယဉ်ကျေးမှုအတွက် များစွာလုပ်ဆောင်ပေးခဲ့သဖြင့် ဂုဏ်ယူကြောင်း မိပေါ့ပ်က ဆက်လက်ပြောပြသည်။
ဒေါက်တာနိုင်ပန်းလှသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ကျေးရွာမှ တွေ့ရှိရသည့် မွန်ပေမူကို အခြေပြု၍ မွန်နှင့် မြန်မာ ပေမူများ၊ ဦးကုလားရာဇဝင်၊ မှန်နန်းရာဇဝင်တို့နှင့် တိုက်ဆိုင်စစ်ဆေးကာ “ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း” ကို ပြုစုခဲ့ရာ နောက်အကျဆုံးနှင့် အပြည့်စုံဆုံး ကျမ်းအဖြစ် ထင်ရှားသည်။
ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းကို ၁၉၅၈ ခုနှစ်တွင် မွန်ဘာသာဖြင့် ရှင်းလင်းချက်များနှင့်တကွ မြန်မာနိုင်ငံ သုတေသနအသင်းမှ ထုတ်ဝေခဲ့သည်။ နောင် ဆယ်နှစ် အကြာတွင်မှ မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့သည်။
ဒေါက်တာနိုင်ပန်းလှကို ကရင်ပြည်နယ်၊ ဂျိုင်းမြစ်ပေါ်ရှိ ကော့ဗိန်းရွာတွင် ၁၉၂၃ ခုနှစ်က မွေးဖွားခဲ့သည်။ မော်လမြိုင်မြို့ရှိ ကရင် ကေဘီအမ် အထက်တန်းကျောင်း၊ ရန်ကုန်မြို့ရှိ မြို့မ အထက်တန်းကျောင်းတို့တွင် ပညာသင်ယူသည်။
၁၉၅၃ ခုနှစ်တွင် ယဉ်ကျေးမှု ဝန်ကြီးဌာန၌ မွန်ယဉ်ကျေးမှု အထက်တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်သည်။ ၁၉၅၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဟားဗတ်တက္ကသိုလ်၌ အပြည်ပြည်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲအတွက် ၃ လကြာ သွားရောက်ခဲ့သည်။ ၁၉၈၆ တွင် အစိုးရဝန်ထမ်း အဖြစ်မှ အနားယူသည်။
၁၉၈၈ ခုနှစ်တွင် ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်၌ ဧည့်ပါမောက္ခအဖြစ် ဆောင်ရွက်ရင်း သမိုင်းနှင့် ယဉ်ကျေးမှု ဆိုင်ရာ စာအုပ် ၄ အုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည်။
၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျယ်လိစ်ရှိ Pacific Western တက္ကသိုလ်မှ ယဉ်ကျေးမှု မနုဿဗေဒ အထူးပြုဖြင့် B.Sc နှင့် Ph.D ဘွဲ့များကို ဂုဏ်ထူးနှင့် ရရှိခဲ့သည်။
၁၉၉၂ ခုနှစ်တွင် မွန်ဓမ္မသတ် ၁၁ မျိုးကို ကျမ်းပြုသဖြင့် ဥပဒေ ပါရဂူ (LL.D) ဘွဲ့ကို ယင်းတက္ကသိုလ်မှပင် ချီးမြှင့်ခြင်း ခံရသည်။
၁၉၉၄ ခုနှစ်တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းရှိ မေယိုတက္ကသိုလ်၌ အမြဲတမ်း ပါမောက္ခအဖြစ် အရှေ့တောင်အာရှ ယဉ်ကျေးမှုနှင့် သမိုင်းဘာသာရပ်များကို ပို့ချပေးခဲ့သည်။ မြန်မာ့ ရှေးဟောင်းသုတေသန ဦးစီးဌာနတွင်လည်း သုတေသနမှူးအဖြစ် ဆောင်ရွက်ခဲ့သေးသည်။
ဒေါက်တာ နိုင်ပန်းလှသည် အသက် ၇၀ နားနီးတွင်မှ အဆင့်မြင့်ဘွဲ့များကို ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်သည်။
< Prev | Next > |
---|