အွန်လိုင်း အကြွေးဝယ်ကတ်စနစ် စပြီ

E-mail Print
စီးပွားရေး လုပ်ငန်းများ ငွေလွှဲပြောင်းလဲမှု ဆိုင်ရာ လွယ်ကူမှု ရှိစေရန် မြန်မာ့စီးပွားရေး ဘဏ်များနှင့် အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိက ဘဏ်သစ်များတွင် Online Smart Card (အွန်လိုင်း အကြွေးဝယ်ကတ်) များ ယခုလမှ စတင် အသုံးပြုနိုင်ကြောင်း မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ တရားဝင် ထုတ်ပြန် ချက်များအရ သိရသည်။

ယင်း အကြွေးဝယ်ကတ်များကို ငွေကျပ် ၁၀ သိန်းဖြင့် စာရင်းဖွင့်၍ မြန်မာ့စီးပွားရေး ဘဏ်ကြီးများဖြစ်သော နေပြည်တော် ဘဏ်ခွဲ၊ ရန်ကုန် ဘဏ်ခွဲ (၁)၊ ဘဏ်ခွဲ (၂)၊ ဘဏ်ခွဲ (၅)၊ ငွေစုဘဏ်ခွဲ (၃)၊ မန္တလေးဘဏ်ခွဲ (၁) နှင့် ဘဏ်ခွဲ (၂) တို့တွင် စတင်အသုံးပြုနိုင် သကဲ့သို့ အသစ်ဖွင့်လှစ်မည့် ပုဂ္ဂလိက ဘဏ်များတွင်လည်း စုငွေ စာရင်း ရှိထားပါက ငွေထပ်သွင်း စရာမလိုဘဲ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

စာရင်းဖွင့်လှစ်ပြီးပါက အွန်လိုင်း အကြွေးဝယ်ကတ် တခုနှင့် Online Pass book (ငွေအသွင်း အထုတ်မှတ်တမ်း စာအုပ်) ထုတ်ပေးကာ အကန့်အသတ်မရှိ ငွေအသွင်းအထုတ် ပြုလုပ်နိုင်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဘဏ်စနစ် မူဝါဒဆိုင်ရာ ပြောင်းလဲမှုနှင့် ပတ်သက်၍ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူပညာရှင်တဦးက
“ဘဏ်စာရင်း တခု ဖွင့်တာက အစ အခက်အခဲတွေရှိမယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်အချင်းချင်း လွတ်လပ်စွာ အသုံးပြုနိုင်သည့် “ချက်” စနစ် အောင်မြင်မှု မရှိသေးသည့်တိုင် လုပ်ငန်းရှင်များ ငွေချေးရာတွင် ပမာဏတခုအထိ လွတ်လွတ်လပ်လပ်ချေးနိုင်ခြင်း၊ မှန်ကန်သည့် အတိုးနှုန်းများ ထားရှိပေးခြင်း၊ ဘဏ်အပေါ် စိတ်ချယုံကြည်ရမှု ရှိစေခြင်း စသည့် မြန်မာပြည်သူလူထုနှင့် ဘဏ်လုပ်ငန်းကြား အခြေခံ ကျင့်သုံးမှု အသားကျပြီးမှသာ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အသုံးပြုနေသည့် အွန်လိုင်း အကြွေးဝယ်ကတ် စနစ်၊ အွန်လိုင်း ဘဏ်စနစ်များကို တဆင့်ချင်းစီ တိုးတက် လုပ်ကိုင်သင့်ကြောင်း သူက သုံးသပ်သည်။

အွန်လိုင်းငွေလွှဲ ဆောင်ရွက်မှုများအတွက် အခြေခံ အဆောက်အဦဖြစ်သော လျှပ်စစ်မီး မှန်မှန်ရရှိရန်၊ မြန်နှုန်းမြင့် စနစ်များကို ဦးစွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဘဏ်လုပ်ငန်းနှင့် ငွေကြေး ဆောင်းပါးများ ရေးသားနေသူ ပညာရှင်တဦးက ပြောဆိုသည်။

“မြန်မာနိုင်ငံမှာတော့ ဘဏ်မှာ  စာရင်းသေ ငွေစာရင်းဖွင့်ထားဖူးသူက ထောက်ခံရင် Credit Card ထုတ်ပြီး သုံးလို့ရတယ်။အဲဒီလိုနဲ့ ကတ်တွေ အများကြီးသုံးထားပြီးတော့ ငွေပြည့်အောင် မထည့်နိုင်တဲ့အတွက် တရားစွဲ ခံရသူတွေ အများကြီးပဲ။ ကြားထဲက အာမခံပေးတဲ့လူလည်း ဒုက္ခတွေ ရောက်ကုန်ရောပဲ။ ၂၀၀၃ ပုဂ္ဂလိကဘဏ်တွေ ပြိုကွဲမှုမှာ ဒီအချက်လည်းပါတယ်။  မြန်မာပြည်က ဘဏ်တွေ စနစ်မကျတာလည်း ပါတယ်” ဟု သူကပြောသည်။

မြန်မာနိုင်ငံတွင် ဘဏ်စနစ်ဖြစ်ထွန်းလာရန်သာမက အသစ်စတင်မည့် Online Smart Card စနစ်အောင်မြင်မှုရှိစေရန် အာဏာပိုင်များအနေနှင့် ဘဏ်လုပ်ထုံးလုပ်နည်းများ လွယ်ကူရှင်းလင်းရန်၊ သုံးစွဲသူများကိုယ်တိုင် ဘဏ်နှင့် ငွေအကြောင်းကို သေချာစွာ နားလည်မှုရှိရန်၊ စိတ်ချစွာ အသုံးပြုနိုင်သည့် အခြေအနေဖန်တီးပေးရန် လိုအပ်ကြောင်းလည်း သူကပြောသည်။

“မြန်မာပြည်မှာ ဘဏ်ကိုသုံးတဲ့ စနစ် သိပ်ပြီး မထွန်းကားတဲ့အပြင် ၁၉၉၀ ပြည့်နှစ်တုန်းကလို၊ ၂၀၀၃ ခုနှစ် တုန်းကလို ဘဏ်ပြဿာနာတွေ ဖြစ်ခဲ့တော့ ဘဏ်တွေအနေနဲ့ ဘယ်လောက် အတိုင်းအတာထိ ယုံကြည်ရမလဲဆိုတဲ့ မေးခွန်တွေ ရှိလာနိုင်ပါတယ်” ဟု စီးပွားရေး တက္ကသိုလ် အငြိမ်းစားပါမောက္ခ တဦးဖြစ်သည့် ဒေါ်ရီရီမြင့်က ပြောသည်။

၁၉၉၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဗဟိုဘဏ် အက်ဥပဒေ ပေါ်ထွန်းခဲ့ပြီး ၁၉၉၀ ပြည့်နှစ်လွန်မှ စတင်၍ ပုဂ္ဂလိက ဘဏ်များ စတင် လုပ်ကိုင်ခွင့် ရရှိခဲ့သည်။

၂၀၀၃ ခုနှစ်တွင်  ပုဂ္ဂလိက ဘဏ်ကြီးများ ငွေကြေးလည်ပတ်မှု ပြဿနာ ကြုံတွေ့လာခဲ့ပြီး ပြည်သူလူထုက အပ်နှံငွေများကို ပြန်လည် ထုတ်ယူလာခဲ့ရာ ဘဏ်လုပ်ငန်း အကျပ်အတည်းနှင့် ကြုံတွေ့လာခဲ့ရသည်။

အရှုံးပြလာသည့် ဘဏ်လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် ဗဟိုဘဏ်က ကျားကန်ပေးမှု မပြုခဲ့ရုံမျှမက အာရှဓန ဘဏ်၊ မေဖလားဝါးဘဏ်နှင့် ယူနီဗာဆယ် ဘဏ်တို့ကို လိုင်စင်ရုပ်သိမ်းခဲ့သည်။ အပ်နှံငွေကြေးများ အဆက်မပြတ် ထုတ်ယူ နေမှုကိုလည်း ထိန်းချုပ်ခဲ့သောကြောင့် စီးပွားရေးလုပ်ငန်းများ ငွေလွှဲပြောင်းမှုဆိုင်ရာ ခက်ခဲလာပြီး မြန်မာ့ ဘဏ်စနစ် အပေါ် ယုံကြည်မှု ကင်းမဲ့လာခဲ့သည်။

“အများပိုင် ငွေကြေးတွေကို စီမံတဲ့နေရာမှာ အလွဲသုံးစားလုပ်တာမျိုးတွေ မရှိအောင်၊ လုပ်နိုင်စွမ်းထက် ပိုပြီး ငွေချေးတာ မျိုးတွေမရှိအောင်၊ ၂၀၀၃ ခုနှစ်တုန်းက ပုဂ္ဂလိကဘဏ်တွေ ဖျက်သိမ်းခံရတာမျိုးမဖြစ်အောင်  စနစ်တကျ အကောင်အထည် ဖော်ဖို့ လိုတယ်” ဟု စီးပွားရေးတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခကြီးတဦးက ရှင်းပြသည်။

အစိုးရဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များတွင် ကျွမ်းကျင်သည့် လုပ်သား အရင်းအမြစ်၊ အသုံးအဆောင် ပစ္စည်းများ လိုအပ် နေသေးကြောင်း သိရသည်။

“တနိုင်ငံလုံး လွှမ်းခြုံတဲ့ ဘဏ်စနစ်တောင် မဖြစ်နိုင်သေးဘဲ အွန်လိုင်းကနေငွေလွှဲပြီး ငွေစာရင်း ရှင်းလင်းဖို့ ဆိုတာက သိပ်တော့မလွယ်ဘူး။ အခု ရှိနေတဲ့ ဘဏ်လုပ်ငန်းတွေကိုတောင် နည်းလမ်းစနစ်တကျမလုပ်နိုင်သေးဘဲ ဒီစနစ်ထပ်တိုးတာက ပိုပြီး ဘဏ်စနစ်ကို ရှုပ်ထွေးစေတယ်လို့ မြင်မိတယ်။ မြန်မာနိုင်ငံရဲ့  ဘဏ်လုပ်ငန်းစနစ်က ငွေစု၊ ငွေချေး၊ ငွေလွှဲ၊ အတိုးယူရုံ အဆင့်လောက်လေးကိုပဲ စနစ်ကျအောင်တောင် မလုပ်နိုင်သေးပါဘူး” ဟု စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခက ဆိုသည်။

အွန်လိုင်း အကြွေးဝယ်ကတ် များကို Credit Card၊ Debit Card၊ Smart Card စသည်ဖြင့် ခွဲခြားကာ ငွေကြေးလည်ပတ်မှုနှင့် ငွေပေးချေမှုများ ပိုမို အဆင်ပြေစေရန် ရည်ရွယ်အသုံးပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် များတွင်ပါရှိသည်။

Credit Card အသုံးပြုသူမှာ ဘဏ်တွင် စာရင်းဖွင့်လှစ်ထားရန်မလိုဘဲ ထောက်ခံပေးမည့်သူရှိပါက အသုံးပြုနိုင်ကာ ဘဏ်က သတ်မှတ် ပေးထားသည့် ပမာဏ ကျော်သွားလျှင် သတ်မှတ်ချိန်အတွင်း ပြန်မဆပ်ပါက အတိုးယူမည်ဟု ထုတ်ပြန်ထားသည်။

Debit Card အသုံးပြုမည့်သူက ဘဏ်တွင် သုံးမည့် ပမာဏအလိုက် ငွေကြိုသွင်းပေးရမည်ဖြစ်ပြီး ငွေသွင်းပြီးမှ ကတ်ရမည် ဖြစ်သည်။ ထည့်သွင်းထားသည့် ပမာဏ ကုန်လျှင် ဘဏ်မှ စိုက်ပေးခြင်း မရှိသောကြောင့် ငွေထပ်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

Smart Card အသုံးပြုမည့် သူမှာ ငွေကြိုသွင်းရန် လိုအပ်သော်လည်း ဘဏ်စာရင်းရှိပါက ကတ် ထုတ်ပေးမည် ဖြစ်သည်။ ငွေကြေး ပမာဏကန့်သတ်ချက်ရှိကာ ငွေလိုအပ်ပါက ဘဏ်က အနည်းငယ်စိုက်ပေးမည်ဟု ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်