နိုင်ငံရေး အမြင် ပိုပွင့်လင်းရန် ရည်ရွယ်ဟု ပါတီများပြော

E-mail Print
ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှု ရှိမည် မဟုတ်ဟု သိရှိထား သော်လည်း ပြည်သူများ နိုင်ငံရေး အမြင် ပိုမို ပွင့်လင်း လာစေရန် ရည်ရွယ်၍ ၀င်ရောက် ယှဉ်ပြိုင်ခြင်း ဖြစ်ကြောင်း ပါတီများက ဆိုသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ အတွင်းရေးမှူး ဦးနေမျိုးဝေက “ကျနော်တို့က အခြေအနေကို သိထားပြီးသား တရား မျှတ မှုရဲ့ အဆင့်အတန်းကိုလည်း သိထားပြီးသား၊ လူထု နိုင်ငံရေးကို တတ်နိုင်သလောက် နိုင်ငံရေး တည်ငြိမ်မှုရှိရှိနဲ့ နိုင်ငံရေး စာပေ တွေကို ချဉ်းကပ်နိုင်အောင်၊ နိုင်ငံရေး သဘောတရားတွေ လေ့လာနိုင်အောင် အဲဒါတွေကို လုပ်နိုင်မယ် ထင်လို့လုပ်တာ”ဟု ပြော သည်။

ပြည်သူလူထု အများစုမှာ နိုင်ငံရေးကို စိတ်ဝင်စားသော်လည်း ကြောက်ရွံ့ကြကြောင်း၊ နိုင်ငံရေးသမားများ အနေဖြင့် လူထု မကြောက်ရွံ့စေရန် တာဝန်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီမိုကရေစီသမားဆိုတာ ကြံ့ဖွံ့တွေများနေတာကို ကျနော်တို့ကဘာဖြစ်လို့ ကြောက်ရမှာတုန်း၊ လူတွေက ကြောက်တာ အဓိကပါ၊ ကြံ့ခိုင်ရေးပွဲကျတော့ ဘာလို့ လူတွေအများကြီး တက်တာလည်း မကြောက်လို့လေ၊ ကြံ့ဖွံ့ ကျတော့ ၀င်ရဲတယ်၊ အာဏာပိုင် အဖွဲ့ အစည်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပါတီ ဆိုရင်တော့ ပါတီဝင်ရှိတယ်”ဟု ဦးနေမျိုးဝေက ဆိုသည်။

ပဲခူးတိုင်းအတွင်း ပြည်သူများအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး အသင်း အကြောင်းကိုသာ သိရှိကြကြောင်း ယင်းဒေသ ပါတီစည်းရုံးရေး လုပ်ငန်းစဉ်မှ ပြန်လည် ရောက်ရှိလာသော ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုသည်။

“သူတို့က နိုင်ငံရေးကို စိတ်ဝင်စားတယ်၊  အရမ်းလည်း ကြောက်တယ်၊ နှစ်ပေါင်း ၄၀၊ ၅၀ လောက် အဖိနှိပ် ခံထားရတော့ လူတွေက အစိုးရနဲ့ ဘာမှ ပြဿနာ မရှိနဲ့ အဲဒါဆိုရင်တော့ တို့ဘ၀က အေးချမ်းတယ်၊  ဖိနှိပ်ခံ လူတန်းစားနဲ့ ဖိနှိပ်တဲ့ လူတန်းစား ခေါက်ရိုးကျိုးနေပြီ”ဟု ဒေါ်ချိုချိုကျော်ငြိမ်းက  ပြောသည်။

ပြည်သူများအနေဖြင့် နိုင်ငံရေး အရ နိုးကြားမှုမရှိကြောင်း၊ အစိုးရအနေဖြင့် မတရားမှုများကို ပြုလုပ်မည်ဟူသော အသိမျိုး ကတော့ ရှိကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း ပြောဆိုသည်။

“ပြည်သူလူထုက လောင်းကစားတွေထဲမှာ ရောက်နေကြတယ်၊ အစိုးရက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အနိုင်ရရေးပဲ ဇောင်းပေးကြိုးစား လာတဲ့ အတွက် ဒီကိစ္စဟာ လုပ်ပွဲကြီးတခုပါဆိုတဲ့ အခြေအနေပေါ်မှာ ပြည်သူလူထုရဲ့ အမြင်က အဲသလိုမျိုးကြီး ဖြစ်နေတယ်၊ မတက်ကြွဘူးပေါ့”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

အစိုးရအနေဖြင့်လည်း ရွေးကောက်ပွဲကို ပြည်သူလူထုအား အာရုံစူးစိုက်မှုမရှိစေရန်အတွက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို နိုင်ငံ တ၀န်းလုံး ထုတ်လွင့် ပြသစေခြင်း စသည့်နည်းလမ်းများဖြင့် လမ်းကြောင်းလွှဲခြင်းများလည်း ရှိကြောင်း ၎င်းက ဆက်လက် ပြော ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စုဝေး ဟောပြောခြင်း ပြုလုပ်ရာတွင် အလံများ ကိုင်ဆောင်၍ စီတန်းလှည့်လည် ကြွေးကြော် ချီတက်ခြင်း မပြုရန်၊ စုဝေးခြင်းနှင့် ဟောပြော ခြင်းများ ပြုလုပ်လိုပါက သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲသို့ အနည်းဆုံး ၇ ရက်ခန့် ကြိုတင်၍ ခွင့်ပြုမိန့်ကို လျှောက်ထားရန် စသော အချက် ၁၄ ချက်ပါဝင်သည့် ညွှန် ကြားချက်ကို ထုတ်ပြန်ခဲ့သည်။

ယနေ့အထိ ပါတီ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီပေါင်း ၄၂ ပါတီ၊ မှတ်ပုံတင်ခွင့် ကျသဖြင့် လျှောက်ထားသည့် ပါတီ ၃၈ ပါတီနှင့် မှတ်ပုံတင်ခွင့် ပြုပြီးပါတီ ၃၃ ပါတီ ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်