ဇူလိုင်လမှာ ခိုးကူးခွေ မဖမ်းရဟု ဆို

E-mail Print
ခိုးကူးခွေ ဈေးကွက်ကို အနုပညာရှင်များနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ တာဝန်ရှိသူများ ပူးပေါင်း၍ နှိမ်နင်းလျက် ရှိသော်လည်း ယခုလအတွင်း ပြန်လည် ဦးမော့လာကြောင်း သိရှိရသည်။

ယခုလသည် ဇူလိုင်လဖြစ်နေသဖြင့် ခိုးကူးခွေများ ဖမ်းဆီးခြင်းကို ရပ်ဆိုင်းထားရန် မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ အဆင့်မြင့် အရာရှိတဦးက တားမြစ်လိုက်သောကြောင့် ယင်းသို့ပြန်လည်ဦးမော့လာခြင်းဖြစ်ကြောင်း ပြည်တွင်းမှ ဒါရိုက်တာ တဦးက ပြောဆိုသည်။

“အရင် တလောက ခိုးကူးခွေ တွေကို ကြပ်ကြပ် မတ်မတ်နဲ့ လိုက်ဖမ်း နေတော့ အနုပညာ သမားတွေ အတွက် နည်းနည်းလေး အဆင်ပြေ လာတယ်၊ ဒီလထဲမှာပဲ ရုပ်ရှင် လုပ်ငန်းက လူကြီး တယောက်က ဇူလိုင်လ ဖြစ်နေလို့ ဖမ်းဆီးရေးတွေ မလုပ်ရ ဘူးလို့ ပြောလာတယ်၊ အဲဒါကြောင့် ခိုးကူးခွေတွေ ပြန်ပြီး ထလာတယ်”ဟု ၎င်းက ပြောသည်။

ယင်းသို့ ဇူလိုင်လတွင် ခိုးကူးခွေ ဖမ်းဆီးနှိမ်နင်းမှုအား တားမြစ်ခြင်းနှင့်ပတ်သက်ပြီး အကြောင်းအရင်းကို တိတိကျကျ ရှင်းလင်းစွာ မသိရှိရဟုလည်း အနုပညာ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြကြောင်း သိရသည်။

ခိုးကူးခွေ နှိမ်နင်းရေးတွင် ပါဝင်ဆောင်ရွက်နေရသူ တဦးကလည်း“ခိုးကူးခွေ ဖမ်းတာနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဘယ်လိုမှ မပတ်သက်နိုင်ဘူးလို့ ကျနော်ထင်တယ်၊ ခိုးကူးခွေတွေလိုက်ဖမ်းရင်း အရေးခင်းလည်း မဖြစ်နိုင်ဘူး၊ အဓိကရုဏ်းလည်း မဖြစ်နိုင်ဘူး၊ ဘာအတွက် တားဆီးတာလဲဆိုတာကို မသိဘူး ဖြစ်နေတယ်၊ သတင်းအရ ကြားတာကတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်ပြီး ဆိုင်တွေကို စစ်ဆေးရေး ဝင်ရင် လုပ်ငန်း လိုင်စင်တွေကနေတဆင့် မရိုးမသားလုပ်ထားတာတွေ ပေါ်မှာစိုးလို့ ဆိုတာတော့ ပြောသံကြားတယ်”ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ထိပ်ပိုင်း တာဝန်ရှိသူများထံသို့ တင်ပြထားသော်လည်း တစုံတရာ စီစဉ်ပေးမှု မရှိသေးကြောင်းလည်း ၎င်းက ပြောဆိုသည်။

ခိုးကူးခွေ နှိမ်နင်းရာတွင် မြန်မာနိုင်ငံ ဗီဒီယို အခြေခံအဖွဲ့နှင့် အနုပညာရှင်များ ပူးပေါင်းပြီး အဖွဲ့သုံးဖွဲ့ခွဲကာ ဆောင်ရွက် နေကြကြောင်းလည်း သိရှိရသည်။

ယခုလအတွင်း ခိုးကူးခွေ ဖမ်းဆီးခွင့် တားမြစ်ထားခြင်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ဗီဒီယို အခြေခံအဖွဲ့သို့ ဆက်သွယ် မေးမြန်းရာ ယင်းကိစ္စသည် အဖွဲ့ဥက္ကဌနှင့် အတွင်းရေးမှူးတို့က အထက်မှ ညွှန်ကြားချက်များအတိုင်း လုပ်ဆောင်ကြရခြင်း ဖြစ်ကြောင်း အောက်ခြေဝန်ထမ်းများကို အသိပေးထားခြင်းမရှိကြောင်း၊ မီဒီယာများမှ မေးမြန်းလာလျှင် ပြန်လည်ဖြေကြား ခြင်းမပြုရန် မှာကြားထားကြောင်း ပြောဆိုသည်။

အမည်မဖော်လိုသူ ဗီဒီယို ဒါရိုက်တာ တဦးက“အဲဒီလို ဆိုရင် အခုက ဇူလိုင်လ၊ နောက်လက သြဂုတ်လ၊ ၈ ရက် ၈ လ နဲ့ တိုက်နေတယ်၊ နောက်တလဆိုရင် စက်တင်ဘာ အရေးခင်းနဲ့ ငြိဦးမယ်၊ ဆိုတော့ ကျနော်တို့က နောက် သုံး၊ လေး လ လောက် ခိုးကူးခွေတွေကို မဖမ်းရဘဲ ဒီအတိုင်းနေရတော့မလို၊ လူကြီးတွေက ဖမ်းခွင့်ပေးထားတာတွေကို အကုန်လုံး လက်လွတ်ဆုံးရှုံးလိုက်ရမလို ဖြစ်နေတယ်”ဟု ပြောသည်။

ရန်ကုန်မြို့မှ နာမည်ကြီး တေးသံသွင်း တခုကလည်း“ခိုးကူးခွေတွေကို နှိမ်နင်းတာတော့ ကောင်းပါတယ်၊ အဲဒါတွေ ရောင်း နေကြရင် ကျနော်တို့သာမက အနုပညာရှင်တွေ အများကြီး နစ်နာကြရတယ်၊ တချို့ စက်မှုလုပ်သားတွေဆို ထမင်း တောင် ငတ်တယ်လို့ ပြောသံကြားတယ်”ဟု ဆိုသည်။

ခိုးကူးခွေဈေးကွက် နှိမ်နင်းရေးစီမံချက်များကို ယခင်နှစ်များကတည်းက လုပ်ဆောင်နေသော်လည်း ငွေဒဏ်ဖြင့်သာ အရေးယူသဖြင့် ထိထိရောက်ရောက် နှိမ်နင်းနိုင်ခဲ့ခြင်း မရှိချေ။ ယခုနှစ် နှစ်ဆန်းပိုင်းတွင် ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်သဖြင့် ယခုနှစ်အတွင်း ခိုးကူးခွေဈေးကွက် ကျဆင်းခဲ့ကြောင်း သိရသည်။

ဗီဒီယို ဆင်ဆာလက်မှတ်နှင့် ခွင့်ပြုချက် အမှတ်စဉ် မပါရှိသည့် ဗီဒီယိုတိပ်ခွေ၊ ရုပ်ပုံနှင့် အသံကို ရိုက်ကူး ထည့်သွင်းထား သော တိပ်ခွေ၊ လေဆာပြား သို့မဟုတ် အလားတူပစ္စည်းကိရိယာကို စီးပွားရေးအလို့ငှာ ကူးယူခြင်း၊ ဖြန့်ချိခြင်း၊ ငှားရမ်း ခြင်း၊ ပြသခြင်းများ ပြုလုပ် ကျူးလွန်ပါက ဥပဒေ အမှတ် (၈/၉၆) ဖြင့် ထုတ်ပြန်ထားသော ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂၊ ပုဒ်မ ၃၃ အရ ထောင်ဒဏ် ၃ နှစ် အထိ ချမှတ်နိုင်ကြောင်း ဗီဒီယို အခြေခံအဖွဲ့က ထုတ်ပြန်ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်