မြန်မာစက်မှုကျွမ်းကျင် အလုပ်သမားတဦး ဘန်ကောက်လေဆိပ်အထွက်တွင် သေနတ်မှန်သေဆုံး

E-mail Print
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်အထွက်လမ်းပေါ်တွင် ထိုင်းရဲအရာရှိ တဦး၏ သေနတ်နှင့် ပစ်ခတ်မှု ကြောင့် မြန်မာနိုင်ငံသားတဦး သေဆုံးခဲ့ရသည့်ဖြစ်ရပ် စနေနေ့ ညနေ ၆ နာရီခန့်က ဖြစ်ပွားခဲ့သည်။

စင်ကာပူနိုင်ငံမှ ဘန်ကောက်သို့ အလုပ်တာဝန်ဖြင့် ရောက်ရှိလာသော ကိုအောင် သက်မိုးနှင့် အိန္ဒိယ နိုင်ငံသား အဖော်တဦးကို သက်ဆိုင်ရာ ဘွိုင်လာမာစတာ အာရှ ကုမ္ပဏီက ကားဖြင့် လာကြိုခဲ့ပြီး လေဆိပ်မှ အထွက် ၁၀ မိနစ်ခန့်အကြာ တွင် ၎င်းဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း အဖော် ဖြစ်သူ အိန္ဒိယနိုင်ငံသားက ထိုင်းရတ် သတင်းစာ (Thai Rath) ကို ပြောပြထားသည်။

လေဆိပ်မှအထွက် ခုံးကျော်တံတား တနေရာတွင် ရှေ့မှ ကားတစီးကို ကုမ္ပဏီပိုင် ကားက ကျော်တက်ရာမှ ထိုကားကပြန်လည်ကျော်တက်ကာ ကားပေါ်ပါလာ သူက သေနတ်ကို မြှောက်ပြခဲ့သည်ဟု အိန္ဒိယ နိုင်ငံသားက ပြောခဲ့သည်။

“ကိုအောင်သက်မိုးက ကားရှေ့ခန်းမှာထိုင်တာပါ။ ခုံးဆင်းကွေ့မှာ နောက် ကားက ကျော်တက်ပြီး ရှေ့ကနေပိတ်ရပ်ပြီး တော့ ပစ်တာပါ” ဟု ၎င်းက ဆိုသည်။

သေနတ်ထုတ်၍ ပစ်ခတ်သွားသူမှာ ထိုင်းရဲအရာရှိတဦးဖြစ်ပြီး ၎င်းကို ဖမ်းဆီးခဲ့သော်လည်း ယခုအခါတွင် အာမခံကြေး ဘတ် ၁ သိန်းဖြင့် ပြန်လွှတ်ပေးထားကြောင်း ၎င်း သတင်းစာက ဖော်ပြထားသည်။

၎င်းဖြစ်ရပ်နှင့်ပတ်သက်၍ ဘန်ကောက်အခြေစိုက် မြန်မာသံရုံးသို့ ဧရာဝတီ မဂ္ဂဇင်းမှ တယ်လီဖုန်းဖြင့် မေးမြန်းစုံစမ်းရာ တဘက်မှ ခေတ္တစောင့်ဆိုင်းနေရန် ပြောထားပြီး ၁၅ မိနစ်ခန့်အကြာတွင် ဖုန်းလိုင်း ပြတ်တောက်သွားသည်။

မြန်မာအလုပ်သမားများ၏ လူမှုရေး၊ ကျန်းမာရေးများကို တတ်အားသရွေ့ ဆောင်ရွက် ပေးနေသော ထိုင်းနိုင်ငံရောက် မြန်မာအဖွဲ့အစည်း (ဘီအေတီ) ၏ တာဝန်ရှိသူ ဦးကျော်သောင်းက “ထိုင်းတွေက အသင့်အတင့် ဖွံ့ဖြိုးတိုးတက်တယ်၊ လူနေမှု အဆင့်အတန်း အထိုက်အလျှောက်မြင့်တယ်ဆိုပေမယ့် ဆင်ခြင်မှုနည်းတယ်လို့ပြောရမယ်။ ကားချင်းပြိုင်မောင်းတဲ့ ကိစ္စလေးနဲ့ ခုလိုဖြစ်ရတာ မလိုလားအပ်တဲ့ ဆုံးရှုံးမှုကြီးပဲ” ဟု ပြောသည်။

ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် နေထိုင်လျှက်ရှိသော ကိုအောင်သက်မိုး၏ အစ်မဝမ်းကွဲ တော်စပ်သူ မဝင်းဝင်းခိုင်က ဘန်ကောက် သို့ ချက်ချင်းလိုက်သွားပြီး ကိုအောင်သက်မိုး၏ ဈာပန ကိစ္စရပ်များ စီစဉ်ခဲ့ရာ ဘွိုင်လာမာစတာ ကုမ္ပဏီက ကုန်ကျစရိတ်ကို တာဝန်ယူခဲ့သည်ဟု ဆိုသည်။ ကိုအောင်သက်မိုး၏ ဈာပနကိစ္စကို နိုဝင်ဘာ ၅ ရက်နေ့က အပြီးအစီး ဆောင်ရွက်ခဲ့သည်။

“ကျမတို့ ရှမ်းတိုင်းရင်းသားထုံးစံအရ အရိုးအိုးကို ပြန်သယ်ပြီး လွိုင်ကော်က မိဘတွေ ဆီပို့ရမယ်။ အဲဒီမှာ ဂူသွင်းရမယ်။ ဒါပေမယ့် အရိုးအိုးပြန်သယ်ဖို့စရိတ်ကို ကုမ္ပဏီက ထုတ်မပေးဘူး” ဟု မဝင်းဝင်းခိုင်က ပြောသည်။

ကိုအောင်သက်မိုးသည် စက်မှုကျွမ်းကျင်တဦးအဖြစ် စင်ကာပူနိုင်ငံတွင် ၃ နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးဖြစ်ကာ ကုမ္ပဏီကိစ္စဖြင့် ဘန်ကောက်သို့ စေလွှတ်ခံခဲ့ရခြင်းဖြစ်သည်။ ကယားပြည်နယ် လွိုင်ကော်မြို့ တွင်နေထိုင်သော ရှမ်းတိုင်းရင်းသား တဦး ဖြစ်ပြီး မွေးချုင်း ၈ ဦးအနက် တတိယမြောက်သား ဖြစ်သည်။

“သူ့မိဘတွေက အသက်ကြီးကြပြီ။ အဖေကတော့ တရားသမားဆိုတော့ ဘာမှသိပ် မဖြစ်ပေမယ့် အမေကတော့ တော်တော် လေးကို ငိုနေတာ” ဟု မဝင်းဝင်းခိုင်က ဆိုသည်။

ကိုအောင်သက်မိုး၏ အရိုးအိုးကို နယ်စပ်မှ ဖြတ်ကျော်၍ အငှားကားဖြင့် တင်ဆောင်လျှင် ကျပ် ၃ သိန်းနှင့် ၅ သိန်းကြား ကုန်ကျမည်ဖြစ်သောကြောင့် မတတ်နိုင်သဖြင့် ဘတ်စ်ကားဖြင့်ပင် သယ်ယူသွားရမည် ဖြစ်ကြောင်း မဝင်းဝင်းခိုင်က ပြောသည်။

“မြန်မာ အလုပ်သမားတွေ ကိစ္စကို ကျနော်တို့ အတတ်နိုင်ဆုံး လိုက်ဖြေရှင်းပေးပေမယ့် သူများနိုင်ငံမှာဆိုတော့ တော်တော့် ကို ခွဲခြားဆက်ဆံတာတွေနဲ့ ကြုံရတယ်။ ထိုင်းအလုပ်သမား အဖွဲ့တွေနဲ့ စကားပြောတိုင်း ကျနော်ပြောပြပါတယ်။ ဗမာ ဆိုတာကိုဖျောက်ပြီး အလုပ်သမား လူတန်းစား ဆိုပြီးမြင်ပေးရင် အရမ်းကောင်းသွားမှာလို့” ဟု ဦးကျော်သောင်းက ပြောသည်။

ယခုအခါတွင် သေနတ်ဖြင့် ပစ်ခတ်သူ ထိုင်းရဲအရာရှိကို တရားစွဲဆိုရန် ဘန်ကောက် အခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့အစည်းများက စီစဉ်နေသည်ဟု ၎င်းကဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်