FEC ဈေးနှုန်း တောက်လျှောက် ကျဆင်း

E-mail Print
အမေရိကန် ဒေါ်လာနှင့် တန်ဖိုးနှင့် ညီမျှသည်ဆိုသည့် စစ်အစိုးရ ထုတ်ဝေ ထားသော FEC ငွေကြေးဈေးနှုန်း တောက်လျှောက် ထိုးကျနေပြီး ရန်ကုန် တရားမ၀င် ငွေကြေး ဈေးကွက်တွင် အရောင်းအ၀ယ် မဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်း တရားမ၀င် နိုင်ငံခြားငွေ လဲလှယ်သည့် ဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၀ယ်လိုအား အထူး မြင့်တက်နေပြီး ဈေးနှုန်းလည်း အားကောင်းလျက် ရှိကြောင်း၊ FEC တန်ဖိုးမှာမူ ၀ယ်သူနည်းပါး သောကြောင့် ဈေးဆက်လက် ကျဆင်းနေပြီး နိုင်ငံခြားငွေ အရောင်း အ၀ယ်လုပ်သူ အများစုသည် FECကို အ၀ယ် ရပ်တန့်ထား ကြကြောင်း ရန်ကုန် အခြေစိုက် တရားမ၀င် ငွေလဲလှယ်သည့် ဈေးကွက် သတင်းများ အရ သိရှိရသည်။

“FECကို ဇူလိုင်လလယ် လောက်ကတည်းက မ၀ယ်ဖြစ်တော့ဘူး။ အ၀ယ်ရပ်လိုက်တယ်။ အမေရိကန်ဒေါ်လာ တမျိုးပဲ အရောင်းအ၀ယ် လုပ်တယ်။ ဒီနေ့ ဈေးက တဒေါ်လာကို မြန်မာငွေ ၁၀၀၇ ကျပ်ပါ” ဟု ရန်ကုန်ရှိ နိုင်ငံခြားငွေလဲ ဒိုင်ကြီးတဦးက ဆိုသည်။

FECကို ယခင်က အစိုးရ စက်သုံးဆိုင်များမှ စက်သုံးဆီဝယ်ယူခြင်း၊ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ဦးတေဇပိုင် ထူးကုမ္ပဏီတို့ ပူးပေါင်းရောင်းချသော တခါသုံး ဖုန်းကတ်များ ၀ယ်ယူခြင်း၊ ပြည်ပသို့ ဖုန်းခေါ်ဆိုခများ ပေးဆောင်ခြင်း အပါအ၀င် အစိုးရနှင့် ပတ်သက်သော အခွန်အကောက်များ ပေးဆောင်ရာတွင် အဓိက အသုံးပြုကြသည်။

ယခုအခါ ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များ ပေါ်ထွန်းလာခြင်းကြောင့် FECဖြင့် စက်သုံးဆီ ၀ယ်ယူသည့်စနစ် ပျက်သွားခြင်း၊ တခါသုံးဖုန်းကတ်များကို မြန်မာငွေနှင့် ပြောင်းလဲရောင်းချခြင်း အပါအ၀င် FEC အသုံးဝင်မှု လျော့နည်းလာခြင်းတို့ကြောင့် ဈေးကျသွားခြင်းဖြစ်ကြောင်း ရန်ကုန် စီးပွားရေးအသိုင်းအ၀န်းမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ အရာရှိတဦးက “FEC ဈေးထိုးကျတာက အသုံးဝင်မှုနည်းလို့။ နောက်ပြီး အဓိကကျတဲ့ အချက်က FECကို ခိုင်မာမှုရှိတဲ့ ငွေကြေးအဖြစ် စီးပွားရေးသမားတွေက မရှုမြင်ကြလို့” ဟု ရှင်းပြသည်။

ပုံမှန်အားဖြင့် ၂၀၁၀ ပြည့်နှစ်အတွင်း FECနှင့် အမေရိကန်ဒေါ်လာ တန်ဖိုးသည် အလွန် ကွာဟခြင်းမရှိဘဲ တချို့သောလများတွင် FECတန်ဖိုးက အမေရိကန်ဒေါ်လာတန်ဖိုးထက် မြင့်တက်ခဲ့ကြောင်း၊ ယခုအခါတွင်မူ FECတန်ဖိုးက တဒေါ်လာလျှင် ကျပ် ၁၀၀ ခန့် ဈေးပြုတ်ကျသွားကြောင်း ရန်ကုန်မြို့တော်၏ အကြီးဆုံး ငွေလဲဒိုင် စီးပွားရေးသမားကြီးတဦးက ရှင်းပြသည်။

အမေရိကန် တဒေါ်လာလျှင် ကျပ် ၁၀၀၀ အောက်တွင် လပေါင်းများစွာ ရှိခဲ့ရာမှ နယ်စပ် ဒေသများမှ ဒေါ်လာငွေ အ၀ယ် လိုက်ခြင်းနှင့် ပြည်တွင်းတွင် ဒေါ်လာဝယ်ယူ စုဆောင်းသူ များပြားလာခြင်း တို့ကြောင့် တဒေါ်လာလျှင် ကျပ် ၁၀၀၀ အထက်သို့ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ပြန်တက်လာခဲ့သည်။ FEC ဈေးနှုန်းမှာမှု ၉၂၀ ကျပ် ဝန်းကျင်တွင် ယနေ့အထိ တောက်လျှောက် ရှိနေသည်။

ရန်ကုန်ဈေးကွက်တွင် FEC ပမာဏ အများအပြား ရောင်းချရန် ခက်ခဲပြီး ရောင်းဝယ်သည့် ငွေလဲဒိုင်များကလည်း ဈေးနှိမ်ဝယ်ယူကြသည်ဟု သိရသည်။

“FEC ပမာဏ အများကြီးတော့ မ၀ယ်ဘူး။ တကယ်လို့ လာရောင်းရင် တဦးကို အနည်း ဆုံး FEC ၅၀၀ လောက်ထိပဲ ၀ယ်တယ်။ ဒါတောင် ဈေးကို ပေါက်ဈေးနဲ့ တော်တော်ခွာပြီး ၀ယ်တယ်။ ဈေးထပ်ကျသွားရင် ကျနော်တို့ ဒိုင်တွေ အရမ်းရှုံးမှာစိုးလို့ပါ။ ဈေးကလည်း ထပ်ကျဖို့ ရှိတယ်” ဟု ရန်ကုန်မြို့ ၃၅ လမ်းမှ နိုင်ငံခြားငွေ အရောင်းအဝယ် ပွဲစားတဦးက ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က FEC ငွေစာရင်းများကို ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းနိုင်သော ပို့ကုန်ရငွေ အမေရိကန်ဒေါ်လာ ငွေစာရင်းကဲ့သို့ ပြည်ပမှ သွင်းကုန်များ တင်သွင်းခွင့်ပြုကြောင်း တရားဝင်ကြေညာခဲ့သော်လည်း
FEC တန်ဖိုးမှာ ထူးထူးခြားခြား တက်လာခြင်းမရှိခဲ့ပေ။

အမေရိကန်ဒေါ်လာနှင့် အကယ်ဒမီ အခေါက်ရွှေသည် ၀ယ်ယူစုဆောင်းသူ များပြားပြီး နယ်စပ်ဒေသများသို့လည်း ဒေါ်လာစီးဆင်းမှု များပြားဆဲဟု သိရသည်။

“ဒေါ်လာ အရောင်းအ၀ယ်က သိပ်မဆိုးဘူး။ ၀ယ်လက်များတော့ ပစ္စည်းရှားတယ်။ ပစ္စည်းလက်ထဲရှိရင် ပေါက်ဈေးထက် ဈေးတင်ပြီးရောင်းလည်း ၀ယ်လက်က ၀ယ်တာပဲ။ တချို့ဝယ်သူတွေက ကြိုက်ဈေးပေးပြီးတော့ကို လိုက်ဝယ်တယ်” ဟု ရန်ကုန်အခြေစိုက် ကုန်သည်တဦးက ဆိုသည်။

ရန်ကုန်ဈေးကွက်တွင် အမေရိကန်တဒေါ်လာ ၁၀၀၇ ကျပ်မှ ၁၀၁၀ ကျပ် ဝန်းကျင်အတွင်း ရှိသော်လည်း နယ်စပ်တွင်
တဒေါ်လာ ၁၀၂၀ ကျပ်ခန့် ဈေးပေါက်လျက်ရှိသည်ဟု နယ်စပ်ကုန်သည်များက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်လျက်ရှိသောကြောင့် ကုန်သည်များက အမေရိကန် ဒေါ်လာနှင့် ရွှေဝယ်ကြသည်ဟုလည်း သိရှိရသည်။

“ကုန်သွယ်ရေးရပ်တော့ လက်ထဲမှာ ရှိနေတဲ့ ငွေကြေးတွေကို တခြားခိုင်မာတဲ့ ဒေါ်လာနဲ့ ရွှေ အဖြစ်ပြောင်းကြတဲ့ သဘောရှိတယ်” ဟု ထိုင်း-မြန်မာ နယ်စပ်ကုန်သည်များနှင့် အဆက်သွယ် ရှိသည့် မန္တလေး ရွှေကုန်သည်တဦးက ရှင်းပြသည်။

အကယ်ဒမီ အခေါက်ရွှေဈေးသည် တကျပ်သားလျှင် ၆၄၂၀၀၀ ကျပ် တွင်ပင် တည်ငြိမ်လျက်ရှိပြီး အရောင်းအ၀ယ် ကောင်းနေဆဲဟု ရွှေကုန်သည်များက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်