ဒေါ်အောင်ဆန်းစုကြည် အတွက် မွေးနေ့ဆုတောင်း ဗြိတိန် သံအမတ် ပေးပို့

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် စာမျက်နှာ ၁၂၀ ရှိ မွေးနေ့ဆုတောင်းကို သူမ၏ ကိုယ်စားလှယ် ထံသို့ ပေးပို့လိုက်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် မစ္စတာ Andy Heyn က ဆိုသည်။
myanmar400ယင်းမွေးနေ့ဆုတောင်းများသည် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မတိုင်မီ ၇ ရက်ခန့်က တက်ကြွ လှုပ်ရှားသူများနှင့် မွေးနေ့ အတွက် ဆုတောင်းပေးကြသူများက မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံခြားရေးရာဌာန Facebook အင်တာနက် စာမျက်နှာတွင် ရေးသားထားခြင်းဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးရာ ဌာန၏ ယမန်နေ့က ထုတ်ပြန်ချက်၌ ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်ပြည့် မွေးနေ့မှာ ကမ္ဘာ တ၀န်းလုံးနဲ့ ဗြိတိန်က ပြည်သူတွေရဲ့တုံ့ပြန်မှုက အံသြစရာပါ”ဟု မစ္စတာ Andy Heyn ကပြောသည်။

ပြီးခဲ့သော ဇွန်လ ၁၉ ရက်နေ့သည် ဒေါ်အောင်ဆန်းစုကြည်၏  ၆၅ နှစ်ပြည့် မွေးနေ့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း “မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ နှလုံးသား” “ဆင်းရဲနွမ်းပါး အတိဒုက္ခ ရောက်နေ သူများ၏ ဘ၀ကို မီးမောင်းထိုးပြရန်အတွက် မိမိ၏ လွတ်လပ်မှုကို စတေးခဲ့သူ” အဖြစ် ချီးကျူးပြောဆိုခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည် အပါအ၀င် ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန်လည်း ၎င်းက တောင်းဆိုလိုက်သည်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေနဲ့ တိုင်းရင်းသားခေါင်းဆောင်များ အားလုံး ပါဝင်နိုင်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးကို ဆောင်ရွက်နိုင်မှသာလျှင် မြန်မာပြည် သာယာဝပြော လုံခြုံတည်မြဲရေး ရရှိနိုင်ပါလိမ့်မယ်”ဟု မစ္စတာ Andy Heynက ပြောသည်။

ဇူလိုင် ၈ ရက်နေ့တွင် အဆိုပါ မွေးနေ့ဆုတောင်းများကို ဗြိတိန်နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ Jeremy Browne က ဒေါ်အောင်ဆန်းစုကြည် ၏ ကိုယ်စားလှယ်ထံပေးပို့ရန် မစ္စတာ Andy Heynကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် မေလ၊ အိမ် အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏ နေအိမ်သို့ တိတ် တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ကြောင့် ရုံးတင် တရားစွဲ ခံခဲ့ရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ကျနေချိန်တွင် ဥပဒေ ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းက ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ သို့သော် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ်ဘ၀ဖြင့် စုစုပေါင်းနေရချိန် ၁၄ နှစ်ကျော် ရှိပြီ ဖြစ်သည်။

တချိန်တည်းတွင် မြန်မာ့အရေးတွင် ဦးဆောင်၍ တာဝန် ယူဆောင်ရွက်ပေးရန် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) အဖွဲဝင်နှင့် စေတနာရှင်တို့ လက်မှတ်ရေးထိုးထားသော စာ ၁၆၀၀ ကို ဗြိတိန် ၀န်ကြီးချုပ် မစ္စတာ David Cameron ထံသို့ ယမန်နေ့က ပေးပို့လိုက်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Burma Campaign UK မှ တာဝန်ခံ တဦးဖြစ်သူ မေရီလှက “လက်တွေ့ကျတဲ့ လုပ်ငန်းတွေကို သူက ဦးဆောင် ထောက်ပံ့ ဆောင်ရွက်နိုင်မယ်လို့ ကျမတို့မျှော်လင့်ပါတယ်၊ မြန်မာပြည်မှာ စစ်ရာဇ၀တ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းဖို့ ကော်မရှင် တခုဖွဲ့စည်းပေးဖို့ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်တဲ့အခါ သူ တိုက်တွန်း ပေးနိုင်ပါလိမ့်မယ်” ဟု ပြောသည်။

အဆိုပါစာတွင် ကုလသမဂ္ဂက မြန်မာပြည်ကို လက်နက်တင်ပို့ရောင်ချနေမှု ပိတ်ပင်ထားမှုကို ထောက်ခံပေးရန်၊ စစ်ရာဇ၀တ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းရန်အတွက် ကုလသမဂ္ဂက ကော်မရှင် တခုဖွဲ့စည်းမည့် အစီအစဉ်ကို ထောက်ခံရန် အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်များအား တိုက်တွန်းပေးရန် တောင်းဆိုထားသည်။

ယင်းအပြင် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်(IDP)များအတွက် နယ်စပ်ဒေသ ဖြတ်ကျော်၍ ထောက်ပံ့ ပေးနေသော အကူအညီ များနှင့် မြန်မာပြည်ကို ကူညီထောက်ပံ့မှုများကို ပေးအပ်မည့် အစီအစဉ်ကို ဆက်လက် ထိန်းသိမ်း ပေးရန်နှင့် ကုလသမဂ္ဂ ဦးဆောင် ပြုလုပ်နေသည့် စစ်အစိုးရနှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများ၊ တိုင်းရင်းသားလူမျိုးစုများ တွေ့ဆုံဆွေးနွေးရေးအတွက် နိုင်ငံတကာမှ ထောက်ခံမှု ရရှိရေး ဆောင်ရွက်ပေးရန် လည်း တောင်းဆိုထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်