ပါတီဝင်ရန် ကြံ့ဖွံ့ပါတီ နည်းမျိုးစုံသုံး

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ နှင့် စွမ်းအားရှင် အဖွဲ့ဝင်များကို ကြံ့ဖွံ့ပါတီဝင်အဖြစ် အသွင်ကူးပြောင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်းရှိ သက်ဆိုင်ရာ ကြံ့ဖွံ့ပါတီများက မြို့နယ်အလိုက်၊ ရပ်ကွက်အလိုက် အဆိုပါ အသင်းဝင်များအား စုစည်းခေါ်ယူကာ ကြံ့ဖွံ့ပါတီဝင်ရန် ပြောဆိုတိုက်တွန်းပြီး လက်မှတ်ရေထိုးခိုင်းကြောင်း ရန်ကုန်တိုင်း ဗဟိုအမျိုးသမီးရေးရာ အဖွဲ့ဝင် အမျိုးသမီးတဦးက ပြောသည်။

“ဓာတ်ပုံနှစ်ပုံနဲ့ လက်မှတ်ထိုး ခိုင်းတာပေါ့။  အဲဒါနဲ့ ကျမတို့မှာ ပါတီဝင်တွေ ဖြစ်ကုန်ရော။ ကျမတို့ကျတော့ မလွှဲသာ မရှောင်သာတော့ ၀င်ရတာပေါ့။ သူတို့က ရှင်းရှင်းလင်းလင်း ပြောဆိုပြီး ၀င်ခိုင်းတာတော့ မဟုတ်ဘူး။ မလှိမ့်တပတ်နဲ့ ၀င်လိုက်ရတာများတယ်” ဟု အဆိုပါ အမျိုးသမီးက ဆက်လက်ပြောသည်။

ကြံ့ဖွံ့အသင်းဝင် အများစုသည် နိုင်ငံရေးပါတီဝင် မဖြစ်လိုကြသော်လည်း ရှောင်လွှဲရန် ခက်ခဲခြင်း၊ ကြောက်ရွံ့ခြင်းတို့ကြောင့် ကြံ့ဖွံ့ပါတီဝင် ဖြစ်လာရကြောင်း သိရသည်။

“ကျနော်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ ကြံ့ခိုင်ရေးပါတီ မ၀င်ပါရစေနဲ့လို့ ပြောသေးတယ်။ မရတာနဲ့ဘဲ လက်မှတ် ထိုးပေးလိုက်တယ်။ အဲဒီတော့ ပါတီဝင် ဖြစ်သွားတာပေါ့” ဟု ဘုရင့်နောင် ပွဲရုံမှ ကုန်သည်ကြီးတဦးက ဆိုသည်။

ထိုကဲ့သို့ အစိုးရ ကျောထောက်နောက်ခံ လူမှုရေး အသင်းဝင်များအား ပါတီဝင်အဖြစ် ပြောင်းလဲ ၀င်ရောက်ခိုင်းခြင်းကို ရန်ကုန်တိုင်းအပြင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊  မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း စသည့် ပြည်နယ်နှင့် တိုင်းများတွင်လည်း စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ကျမတို့ တမိသားစုလုံးက ၀န်ထမ်းတွေလည်း ဖြစ်ကြတော့ အရင်က ကြံ့ဖွံ့အသင်းဝင် ပေါ့နော်။ အဲဒါ တနေ့ကပဲ ရယက က ခေါ်ပြီးတော့ ပြောတယ်။ ပါတီဝင်လျှောက်လွှာလည်း ပေးလိုက်တယ်။ ပါတီဝင်ဖို့ပေါ့” ဟု ပဲခူးမြို့မှ မြို့ခံတဦးက ပြောသည်။

သက်ဆိုင်ရာ ရယကများက မိမိတို့ ရပ်ကွက်အတွင်းရှိ ကြံ့ဖွံ့အသင်းဝင်များကို စာရင်းကောက်ယူလျက်ရှိပြီး ကြံ့ဖွံ့ပါတီ လျှောက်လွှာများပေးကာ ပါတီဝင်ခိုင်းလျက်ရှိကြောင်း၊ မ၀င်လိုဟု ငြင်းဆန်ပါက ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်း
မြောက်ဥက္ကလာပမြို့နယ်အတွင်း နေထိုင်သူများထံမှ သိရသည်။

ထိုကဲ့သို့သော နည်းလမ်းများဖြင့် ပါတီဝင် စုစည်းလျက်ရှိသောကြောင့် တခြားနိုင်ငံရေး ပါတီများ ပါတီဝင် စုဆောင်းရန် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP) ၏ ဥက္ကဋ္ဌရာထူးမှ မကြာသေးမီက နုတ်ထွက်လိုက်သူ ဦးဖြိုးမင်းသိန်းက ဆိုသည်။

“အခု ဖြစ်နေတာက လူတွေက ကြောက်နေကြတယ်။ ပါတီမ၀င်ဘူးလို့ ငြင်းလိုက်ရင် ဘာဖြစ်မလဲဆိုတာလည်း ကြောက်ကြတယ်။ ဒီ (ကြံ့ဖွံ့က) လူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် ငါတို့ဘ၀ လုံခြုံမှု ရှိပါ့မလား၊ တခြားပါတီ ၀င်လိုက်ရင်လည်း တခုခုနဲ့ အရေးယူခံရမလား၊ ဒါမှမဟုတ် တခြား ဖိအားပေးမှုတွေနဲ့များ ကြုံနိုင်မလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။ တစုံတရာ ထိခိုက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတာကတော့ အမှန်တကယ်ပါပဲ”ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

မန္တလေးတိုင်းရှိ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) မှ ဦးတင်အောင်အောင်ကလည်း ပြည်သူလူထုသည် တခြား နိုင်ငံရေးပါတီကို ရွေးချယ်လိုသော်လည်း ကြံ့ဖွံ့များ၏ အငြိုးထားမည်ကို စိုးရိမ်လျက်ရှိပြီး တွန့်ဆုတ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

“ဟိုဘက်ကနေ လက်ဦးမှုယူပြီး ပါတီအဖွဲ့ဝင် လုပ်ထားတဲ့အခါကျတော့ မလွန်ဆန်နိုင်ဘဲ လက်မှတ်ထိုး ပေးလိုက်ရတယ်။ သူတကယ် ၀င်ချင်တဲ့ ပါတီမှာအတွက်ကျတော့ အခက်အခဲဖြစ်သွားတယ်" ဟု ဦးတင်အောင်အောင်က ပြောသည်။

NDF မှ မကွေးတိုင်း တာဝန်ခံ ဦးမြင့်ဖေကလည်း “အကြီးဆုံး ရင်ဆိုင်နေရတာ ဒီပြဿနာပဲ။ တခြား ငွေရေးကြေးရေး ပြဿနာလည်း ရှိတယ်။၊ ဒါပေမယ့်လို့ အဲဒါထက် ပိုဆိုးနေတာက ကြံ့ဖွံ့ပါတီဝင်တွေ မတရားလုပ်နေတဲ့ ပြဿနာပဲ” ဟု ပြောသည်။

“အရေအတွက်ကို လိုချင်တာ၊ အရည်အချင်းကို မလိုချင်ဘူးတဲ့။ ကျနော်တို့ကြားတာ သူတို့က အနည်းဆုံး တမြို့နယ်ကို ပါတီဝင် ၂ သောင်းလောက် ရအောင် လုပ်သွားတာ” ဟု ရန်ကုန်မြို့မှ နိုင်ငံရေးသမားတဦးက ပြောသည်။

ချင်းပြည်နယ် ဟားခါးမြို့ရှိ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များသည် အာဏာပိုင်များနှင့် ပူးပေါင်းပြီး ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ မြို့ပေါ်ရှိ ရပ်ကွက်ငယ်များတွင် တံတားများ ခင်းပေးခြင်း၊ လမ်းဘေး ကျောက်စီပေးခြင်း၊ ရေမြောင်းများကို အုတ်စီ ကွန်ကရစ် လောင်းပေးခြင်းတို့ဖြင့် ပြည်သူလူထုကို မဲဆွယ်စည်ရုံးသော်လည်း တချို့ရပ်ကွက်များက လက်မခံကြောင်း သိရသည်။

ဟားခါးမြို့နယ် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျူံဘိခ်က ဟားခါးမြို့ဟောင်း ရပ်ကွက်လူကြီးများထံ ကြံ့ဖွံ့ပါတီကို မဲပေးထောက်ခံကြပါက ရပ်ကွက်အတွင်း လမ်းများကို ကတ္တရာခင်းပေးမည်ဟု မဲဆွယ် စည်းရုံးခဲ့သော်လည်း ရပ်ကွက်လူထုက ဇူလိုင်လ ၂၂ ရက်နေ့တွင် စည်းဝေးပြီး ကြံ့ဖွံ့ပါတီ၏ ကမ်းလှမ်းချက်ကို လက်မခံရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။

ချင်းပြည်သူလူထု အများစုက ကြံ့ဖွံ့ပါတီကို စိတ်မ၀င်စားကြကြောင်း၊ လာမည့် ရွေးကောက်ပွဲတွင်လည်း ချင်းပါတီများကိုသာ မဲပေးကြမည်ဟု ယုံကြည်ကြောင်း ဟားခါးမြို့ခံတဦးက ပြောသည်။

ထို့အပြင် ဟားခါးမြို့ရှိ ကြံ့ဖွံ့ပါတီ ခေါင်းဆောင် ချင်းလူကြီးများ၏ သားသမီးများသည် စစ်အစိုးရ မကောင်းကြောင်း ပြော၍ ပြည်ပတွင် ဒုက္ခသည်အဖြစ် ခိုလှုံနေကြပြီး မိဘဖြစ်သူများကမူ စစ်အစိုးရအတွက် အလုပ်လုပ်ပေးနေသည်ကို မြို့ခံများက ဝေဖန်လျက်ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်