ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်းဆိုချက်ကို မြန်မာစစ်အစိုးရ တရားဝင်ငြင်းပယ်

E-mail Print
နှစ်နိုင်ငံအငြင်းပွားနေသည့် ရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့တူးဖော်နေသည့် လုပ်ငန်းကို ရပ်ဆိုင်းပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံက တောင်းဆိုခဲ့ရာ မြန်မာစစ်အစိုးရက ၎င်းတောင်းဆိုမှုကို ပယ်ချကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြပါရှိသည်။

ယမန်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်ကို ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့်အဖွဲ့က နေပြည်တော်ရှိ နိုင်ငံခြားရေး ဌာနတွင် လာရောက်တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက တောင်းဆိုသည့် ကိစ္စရပ်ကို ပယ်ချလိုက်ကြောင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ အေဒီ - ၇ လုပ်ကွက်ကို မြန်မာစစ်အစိုးရက ၂၀၀၅ ခုနှစ်တွင် တင်ဒါခေါ်ယူခဲ့ရာ ကိုရီးယား နိုင်ငံပိုင် ဒေဝူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းက တင်ဒါအောင်မြင်ခဲ့သည်။

ထိုလုပ်ကွက်တွင် ၂၀၀၇ အတွင်း ရေနံရှာဖွေရေး လုပ်ငန်း များနှင့် ၂၀၀၈ အ တွင်း စမ်းသပ် တူးဖော်မှုများ ပြုလုပ်နေစဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့ရေပိုင်နက်အတွင်း ရောက်ရှိနေသည်ဟု စွပ်စွဲကာ သဘာဝဓာတ်ငွေ့ တူးဖော်မှုကို ရပ်ဆိုင်းပေး ရန် မြန်မာ စစ်အစိုးရထံ “ဥပဒေမဲ့ မှားယွင်း တောင်းဆိုခဲ့သည်” ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားထားသည်။

ဆက်လက်၍ ၎င်း သတင်းစာတွင် “မိမိတို့ နိုင်ငံ၏ အကျိုးစီးပွားကို အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ ဆက်လက် ကာကွယ် စောင့်ရှောက်သည့် အနေဖြင့် အေဒီ - ၇ လုပ်ကွက်အတွင်း ဆောင်ရွက်ရန် ရှိသည်တို့ကို ပြီးဆုံးသည်အထိ ဆက်လက် ဆောင်ရွက် သွားမည်” ဟုလည်း ဖော်ပြထားသည်။

နိုဝင်ဘာ ၆ ရက်နေ့ကမူ ဒါကာအခြေစိုက် သတင်းဌာနတခုက နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်အတွင်း ဓာတ်ငွေ့တူးဖော် သည့်လုပ်ငန်းကို မြန်မာနိုင်ငံဘက်က ရပ်ဆိုင်းကာ ရှာဖွေတူးဖော်ရေး ယန္တရား စက်ပစ္စည်းများနှင့် သင်္ဘောများအား စတင် ဖယ်ရှားနေပြီဟု ရေးသားထားသည်။

ဒေဝူး အပြည်ပြည်ဆိုင်ရာ ကော်ပိုရေးရှင်းတွင် တာဝန်ယူ လုပ်ကိုင်နေသည့် ဝန်ထမ်းတဦးက “ယန္တရားတွေ ပြန်သိမ်းနေပြီ ဆိုတာ ဟုတ်ပါတယ်။ ဘာလို့ ဆိုတော့ အဲဒီအေဒီ - ၇ လုပ်ကွက်က အပြီးသတ်နေပါပြီ။ အဲဒါကြောင့် နောက် လုပ်ကွက် တခုကို ပြောင်းဖို့အတွက် ပြန်သိမ်းတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဆက်လက်၍ ၎င်းက ရေပိုင်နက်ကိစ္စကို နားမလည်သော်လည်း ရေနံတူးဖော်ခြင်း လုပ်ငန်း ကို တရက်ပင်ရပ်နား၍ မဖြစ် နိုင်ကြောင်းနှင့် တရက် ရပ်နားလိုက်ပါက ဒေါ်လာ သန်းနှင့် ချီ၍ ဆုံးရှုံးမည်ဖြစ်ကြောင်း ပြောသည်။ ဒေဝူး အပြည်ပြည် ဆိုင်ရာ ကော်ပိုရေးရှင်း အနေနှင့် ယခု အေဒီ - ၇ လုပ်ကွက်အပြီးတွင် ၎င်းနေရာ၏ အရှေ့တောင် အရပ်တွင် ရှိသော ရခိုင်ကမ်းလွန် အေ - ၃ လုပ်ကွက်သို့ ပြောင်းရွှေ့တူးဖော်မည် ဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ ရေပိုင်နက်ပြဿနာနှင့် အငြင်းပွားရာ ဒေသအတွင်း မြန်မာဘက်မှ ဓာတ်ငွေ့ တူးဖော်နေသည်ကို ရပ်ဆိုင်းပေးရန် တောင်းဆိုရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နှစ်နိုင်ငံ စလုံး၏ အိမ်နီးချင်းနိုင်ငံဖြစ်သော တရုတ်နိုင်ငံကို အကူအညီတောင်းထား သည်ဟု ဒါကာ အခြေစိုက် သတင်းဌာက ဖော်ပြသည်။

တရုတ်နိုင်ငံအနေနှင့်မူ နှစ်နိုင်ငံစလုံးနှင့် မိတ်မပျက်ရအောင် သင့်တင့်လျော်ကန်သော အနေအထားဖြင့်သာ ရပ်တည်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကွင်ဂျန်းက ဆင်ဟွာသတင်းဌာနတွင် ပြောထားသည်။

နိုဝင်ဘာ ၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် နှစ်နိုင်ငံ အငြင်းပွားရာ ရေပိုင်နက်သို့ ၎င်းတို့၏ စစ်သင်္ဘောများကို စတင် စေလွှတ်ခဲ့သည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ် အခြေစိုက် တပ်ရင်းများမှ အဝေးရောက်နေသည့် အရာရှိ၊ အရာခံ အကြပ်တပ်သား အားလုံး ကို သက်ဆိုင်ရာ တပ်ရင်းများသို့ အမြန်ဆုံးပြန်လာရန် အမိန့်ထုတ်ထားကြောင်း စစ်တပ် အသိုင်းအဝန်းမှ သတင်းရရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်