မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ကြည်းတပ်များတိုးချဲ့ချထား

E-mail Print
ရေပိုင်နက်အငြင်းပွားမှု ပြဿနာဖြစ်နေသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း နယ်စပ် တလျှောက်တွင် နှစ်နိုင်ငံ လုံခြုံရေးတပ်များကို တပ်လှန့်ချထားကြောင်း သိရ သည်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့ အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အဆိုအရ မိုင် ၁၇၀ ခန့် ရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် တလျှောက်တွင် လုံခြုံရေး တပ်ဖွဲ့များကို စနေနေ့က စတင်ချထားကြောင်း သိရှိရ သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ အခြေစိုက် နိရဉ္စရာ သတင်းဌာနအယ်ဒီတာ ကိုခိုင်မြတ်ကျော်ကလည်း“ကုန်းပိုင်းမှာ ဟိုဘက် ဒီဘက် စစ်တပ်တွေ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရှိတယ်၊ လွန်ခဲ့တဲ့ စနေနေ့လောက်ကတည်း က စပြီး တော့ ဖြစ်တာ၊ တပ် အင်အား အရေအတွက်တော့ မသိရဘူး၊ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ red alert လုပ်ထား တယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ် တောင်ဘက် မိုင် ၃၀ ခန့် အကွာ စိန့်မာတင်ကျွန်း အနီးတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ရှာဖွေ နေသော ကိုရီးယားကုမ္ပဏီ သဘောင်္လုံခြုံရေးအတွက် မြန်မာ ရေတပ် စစ်သင်္ဘောများ ပို့ဆောင်လိုက်ပြီး နောက် ပိုင်း ယခုကဲ့သို့ နှစ်နိုင်ငံ တင်းမာမှု ဖြစ်လာရခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်က နယ်စပ် လုံခြုံရေး တပ်များကိုတပ်လှန့်ချထားသည်ဟု တရားဝင်ပြောဆိုနေစဉ်အတွင်းမှာ ပင် အဆိုပါ အငြင်းပွားနေသော ရေပိုင်နက်ရှိ မြန်မာဘက်က ရေတပ် စစ်သင်္ဘောများ ပြန်လည် ဆုတ်ခွာသွား သည်ဟု ရိုက်တာ သတင်းဌာနက ရေးသားထားသည်။

နိုဝင်ဘာ ၆ ရက်နေ့က မြန်မာ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်အား ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေး အတွင်းဝန်နှင့် အဖွဲ့က လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံ အငြင်းပွားရာရေပိုင်နက်အတွင်း သဘာဝဓာတ်ငွေ့ တူးဖော်နေသည့်လုပ်ငန်းကို ရပ်ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။

ယင်းတောင်းဆိုချက်ကို နောက်တနေ့တွင် မြန်မာအစိုးရဘက်က ပယ်ချကြောင်း အစိုးရပိုင် သတင်းစာများမှ တဆင့် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၉ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်မူ ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ကွက် AD-7 ရှိ စမ်းသပ်တိုင်းတာရေးလုပ်ငန်းများ နိုဝင်ဘာ ၈ ရက်တွင် ပြီးစီးသောကြောင့် A-3 လုပ်ကွက် သို့ စတင် ပြောင်းရွှေ့နေ ကြောင်းနှင့် လုပ်ငန်းအစီအစဉ်များကို ဆက်လက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

မြန်မာဘက်က အစိုးရ သတင်းစာများကသာ ယင်းကဲ့သို့ထုတ်ပြန်ကြေညာချက်ကို ထည့်သွင်းဖော်ပြခဲ့သော် လည်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများကမူ အကျယ်တ၀င့် ဖော်ပြကြကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ် မီဒီယာတွေက ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အချာအာဏာပိုင်စိုးမှုကို မြန်မာပြည်က ကျူးကျော်တယ် ဆိုပြီး ရေးသားကြတယ်၊ ခေါင်းကြီးပိုင်းကကို ရေးကြတာများတယ်၊ ဒေးလီးစတားတို့ ဘာတို့မှာ ရေးကြတယ်”ဟု ကိုခိုင်မြတ်ကျော်က ပြောသည်။

ယခုကြုံတွေ့နေရသည့် ပြဿနာအတွက် လာမည့် နိုဝင်ဘာ ၁၆-၁၇ ရက်များတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ အနေနှင့် တွေ့ဆုံ ဆွေးနွေးမှုများပြုလုပ်ရန် ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စစ်အစိုးရ ဒုတိယ စစ်ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ အဖွဲ့ဝင် ၅၀ ကျော်နှင့် သွားရောက်ခဲ့ပြီး ပင်လယ်ရေပိုင်နက် အငြင်းပွားမှုကိစ္စ
အပါအ၀င် သဘာဝဓာတ်ငွေ့၊ လမ်းဖောက်လုပ်ရေး၊ ဆန်တင်သွင်းရေး ၊ အခွန် ၂ ထပ် လျှော့ချရေး၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စများ စသည့် နှစ်နိုင်ငံ အကျိုးစီးပွားကိစ္စရပ်များကို လက်ရှိ ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ဆွေးနွေးခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်