မြန်မာဇာတ်ကား မင်နီဆိုတာ အာရှ ရုပ်ရှင်ပွဲတော်တွင် ပြမည်

E-mail Print
အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် မင်နီဆိုတာ အာရှ (Asia Film Festival of Minnesota) ရုပ်ရှင်ပွဲတော်တွင် မြန်မာ ဇာတ်ကားများ ပါဝင်ပြသနိုင်ရန် ပြင်ဆင်နေကြောင်း သိရသည်။

Asia Film Festival of Minnesota ရုပ်ရှင်ပွဲတော်ကို နိုဝင်ဘာ ၃ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်သည်။

magwe-mmမြန်မာနိုင်ငံ ကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်နိုင်ရန် အမေရိကန် နိုင်ငံရှိ Network of Myanmar American Association (NetMAA) က မြန်မာ ဗီဒီယို ထုတ်လုပ်ရေး တခုဖြစ်သော ဆာတိုရီကို ဖိတ်ခေါ်ထား သည်ဟု NetMAA မှ ကိုအောင်မင်းနိုင်က ပြောသည်။

“ပြီးခဲ့တဲ့လက Myanmar Film Festival of Los Angeles (MFFLA)  ဆိုပြီး ရုပ်ရှင်ပွဲ လုပ်ခဲ့တယ်။ ဒီပွဲမှာ မြန်မာ ဇာတ်ကားတွေနဲ့ ပတ်သက်ပြီး လူတော်တော် သိသွားခဲ့တယ်။ ဒါနဲ့ Asia Film ပွဲတော် ကျရင်လည်း ၀င်ပြိုင်နိုင်ဖို့ တာဝန်ယူ လုပ်ပေးပါ ဆိုတာနဲ့ ပြည်တွင်းကို ကမ်းလှမ်း ဖြစ်ခဲ့တာ” ဟု သူက ဆိုသည်။

NetMAA သည် အမေရိကန်ရောက် မြန်မာများအတွက် ရည်ရွယ်၍ မြန်မာ့အနုပညာ၊ ယဉ်ကျေးမှု၊ ရုပ်ရှင်နှင့် သီချင်းများ၌  ပိုမိုတိုးတက်မှု ရှိစေရန် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်သည်။

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်တွင်ကျင်းပသည့် MFFLA ရုပ်ရှင်ပွဲတော်တွင် သြဂုတ်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့က “ရင်ခုန်နှင်းဆီ” နှင့် “ပုံပြင်ဟောင်း” ရုပ်ရှင် ဇာတ်ကားများအား ပြသခဲ့ကြောင်း သိရသည်။

Asia Film Festival of Minnesota ရုပ်ရှင်ပွဲတော်တွင် အာရှ နိုင်ငံများမှ ဇာတ်ကား ၂၈ ကား ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာ ဇာတ်ကားအနေနှင့် ဆာတိုရီ ဗီဒီယို ထုတ်လုပ်ရေးမှ “မြစ်” (The River ) နှင့် တခြား ဗီဒီယို ဇာတ်ကား တကား ပါဝင်ပြသ မည်ဟု သိရသည်။

“ဖလင်ဆိုတဲ့ အတွက် ရုပ်ရှင်ကားကြီးဖြစ်မှရမယ်၊ ဗီဒီယို ဖြစ်ရင်မရဘူး ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အဓိကကတော့ ဘာကိုမှ မှီငြမ်းမထားတဲ့ ဇာတ်ကား မျိုးဖြစ်ရမယ်။ ကိုယ်ပိုင် စိတ်ကူး၊ ကိုယ်ပိုင်ဖန်တီးမှုတွေနဲ့ ရိုက်ထားတဲ့ ကား လိုချင်တာကြောင့် ရွေးဖြစ်ခဲ့တာ” ဟု ကိုအောင်မင်းနိုင်က ဆက်ပြောသည်။

“မြစ်” ဇာတ်ကားနှင့် ပတ်သက်၍ ဆာတိုရီ ထုတ်လုပ်ရေးမှ ဦးမျိုးဇော်က “မကွေးနဲ့ မင်းဘူးကြားမှာ ရှိတဲ့ ကျွန်းလေး တကျွန်းမှာ နေတဲ့ လူငယ်တယောက်ရဲ့အချစ်ဇာတ်လမ်းလေးကို ရိုက်ပြထားတာ။ ဒီကျွန်းက နွေရာသီဆို ပေါ်လာပြီး မိုးရာသီဆို ပြန်ပျောက်သွားတယ်။ လူတွေက ကျွန်းလေးပေါ်လာပြီဆို ရောက်လာတယ်။ ပြီးရင် ပြန်သွားတယ်။ ဒီလို ရှိနေတဲ့ သဘာဝ တရားတွေကိုလည်း ရိုက်ပြထားတယ်” ဟု ပြောသည်။

“မြစ်” ဇာတ်ကားကို ပြည်ပတွင် သွားရောက်ပြသနိုင်ရန် အင်္ဂလိပ်စာတန်းထိုးပြင်ဆင်မှုများ ပြုလုပ်နေကြောင်း၊ ကိုယ်ပိုင် ဖန်တီးထားသည့် ဇာတ်ကား လိုချင်သည် ဆိုခြင်းကြောင့် ယင်းဇာတ်ကားအား ပေးပို့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သူက ဆိုသည်။

“နိုင်ငံတကာ အဆင့်မီ၊ အရမ်းကို အရည်အသွေးပြည့်နေတဲ့ ဇာတ်ကား မဟုတ်ပေမယ့် ကိုယ့်အနေနဲ့ အတွေ့အကြုံရအောင် ထင်မြင်ချက်တွေ၊ ဝေဖန်ချက်တွေ ရအောင် ၀င်ပြိုင်တဲ့သဘောပါ” ဟု ယင်းက ပြောသည်။

မြန်မာ့ ရုပ်ရှင် အဆင့်အတန်းမီသည်ဟု မပြောနိုင်သေးကြောင်း၊ နိုင်ငံတကာမှ ဇာတ်ကားများကို ၀ယ်ယူလာမှသာ အဆင့်အတန်း မီသည်ဟု ပြောနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာတဦးက ဆိုသည်။

“ဟိုးအရင်ကထက် စာရင်တော့ ကင်မရာပိုင်းမှာ တော်တော်တိုးတက်လာပေမယ့် အသံပိုင်းမှာတော့ ဘယ်လိုမှ မလုပ်နိုင် သေးပါဘူး။ ဒီလို အားနည်းချက်တွေ ရှိနေတဲ့ အပြင် တဖက်မှာလည်း ဆင်ဆာနဲ့ ကန့်သတ်ခံရ တာတွေလည်း ရှိနေ တော့ အရည်အသွေး နိမ့်ကျတာတွေ ဖြစ်လာတယ်။ ဘာကြောင့် ဆင်ဆာဖြတ်တယ်ဆိုတာကို နားမလည်နိုင် လောက်အောင် ဖြစ်တယ်။ သူတို့မှာ တိတိကျကျသတ်မှတ်ထားတာလည်းမရှိဘူး” ဟု သူက ဆိုသည်။

“ရုပ်ရှင်ပွဲတော်မှာ မြန်မာ ဇာတ်ကား သွားပြရမယ်ဆိုရင် အစိုးရက သတ်မှတ်ပေးတဲ့ ကားကိုပဲ သွားပြရတယ်။ ကိုယ့် စိတ်ကြိုက်လည်း ရွေးခွင့် မရသလို၊ ပြည်ပပရိသတ်ကြိုက်တဲ့ ကားကိုလည်းရွေးခွင့်မရတဲ့ ပြဿနာတွေရှိတယ်။ ဒီလို အပြင်ကနေ အခွင့်အရေးတွေ ရလာတာ ကောင်းပါတယ်” ဟု သူက ဆက် ပြောသည်။

မြန်မာ့ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ပြည်ပသို့ မထိုးဖောက်နိုင်ခြင်းသည် ငွေကြေးလိုအပ်ချက်များခြင်းကြောင့်လည်း ဖြစ်ကြောင်း၊ ငွေကြေး လိုအပ်ချက်ကြောင့် ပြည်တွင်း ဈေးကွက်ကို အခြေပြု၍ ပြည်တွင်း ပရိသတ် အခြေအနေကို ဦးတည်ကာ ရိုက်ကူးနေကြရကြောင်း အဆိုပါ ဒါရိုက်တာ ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်