သန်းခေါင်စာရင်း ကောက်၍ ကြံ့ဖွံ့ပါတီဝင်ရန် စည်းရုံး

E-mail Print
ရန်ကုန်တိုင်း အတွင်းရှိ မြို့နယ်များတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အဖွဲ့ဝင်များက တအိမ်တက်ဆင်း သန်းခေါင် စာရင်းများ လိုက်လံစစ်ဆေး၍ အသက် ၁၈ နှစ် ပြည့်ပြီး သူများကို ကြံ့ဖွံ့ပါတီဝင်ရန် လက်မှတ်ထိုးခိုင်းမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“မြို့နယ်ကြံ့ဖွံ့ဥက္ကဌ ဦးဝင်းမြိုင်နဲ့ တခြား အဖွဲ့ဝင်တွေပေါ့။ ဒီမနက် တအိမ်တက်ဆင်း လာပြီးတော့ သူတို့ ပါတီဝင်လက်မှတ် ထိုးခိုင်းတာ၊ သန်းခေါင်စာရင်းလည်း ပြရတယ်။ ၁၈ နှစ်ပြည့်တာ ဘယ်နှယောက်ရှိလည်း မေးတယ်။ မိသားစု အားလုံး ကိုယ်စား တယောက်တည်း လက်မှတ်ထိုးလည်း ပြီးတယ်ဆိုပြီး လုပ်တယ်”ဟု ဒေါပုံမြို့ခံတဦးက ဆိုသည်။

ထိုသို့ လာရောက်ရာတွင် သက်ဆိုင်ရာ ရယက၊ မယက ဥက္ကဌနှင့် အဖွဲ့ဝင်များမပါဝင်ဘဲ ကြံ့ဖွံ့ပါတီဝင်များသာ လာရောက် ခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း အိမ်ထောင်စုမည်မျှရှိကြောင်း၊ လူဦးရေမည်မျှရှိကြောင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူ မည်မျှရှိ ကြောင်းတို့ကို စာရင်းကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“သူတို့ပါတီကို ၀င်ပါဆိုတာမျိုးပဲ ပြောတယ်။ တချို့က ကြောက်တာနဲ့ လက်မှတ်ထိုးလိုက်တာ၊ ဘုမသိ ဘမသိ လက်မှတ် ထိုး လိုက်မိတာတွေ ပြီးတော့ သူတို့ပြန်သွားမှ ဟာ ဒီလိုလုပ်တော့ ရွေးကောက်ပွဲကျ မဲရုံသွားဖို့ မလိုတော့ဘဲ ပြီးသွားပြီ လား၊ ဆန္ဒမဲပေးတုန်းကလိုပဲ ဖြစ်သွားလား၊ သွားဖို့မလိုတော့ဘူးလား ဆိုတာတွေ ဖြစ်ကုန်ကြတယ်”ဟု ဒေါပုံမြို့ခံက ဆို သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလအတွင်း နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ပြုလုပ်ခဲ့သည့် အခြေခံဥပဒေ အတည်ပြုရေး မဲဆန္ဒ ခံယူပွဲတွင်လည်း ဒေါပုံမြို့ခံများအနေဖြင့် သက်ဆိုင်ရာ ရယက၊ မယက အဖွဲ့ဝင်များမှ အိမ်ထောင်စုစာရင်း လိုက်လံ စစ်ဆေးရင်း ကြိုတင်မဲ ဟုဆိုကာ ထောက်ခံမဲများကို လက်မှတ်ရေးထိုးစေခဲ့ခြင်းများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

“ကျမကတော့ လက်မှတ်မထိုးလိုက်ဘူး။ သူတို့ပါတီမှ မ၀င်ချင်တာ။ ရွေးကောက်ပွဲလည်း မဲမပေးချင်၊ မပေးဘူးရှင်”ဟု  မြို့ခံ အမျိုးသမီး တဦးက ပြောသည်။

ရန်ကုန်တိုင်း အတွင်းရှိ ဒဂုံမြို့သစ် တောင်ပိုင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သင်္ကန်းကျွန်းမြို့နယ်၊ တောင်ဥက္ကလာ၊ မြောက် ဥက္ကလာနှင့် အင်းစိန်မြို့နယ်များရှိ ကြံ့ဖွံ့ပါတီများသည်လည်း အလားတူစည်းရုံးမှုများ လိုက်လံ ပြုလုပ်နေသည်ဟုဆိုသည်။

တောင်ဥက္ကလာ မြို့ခံတဦးက“အမတို့ အိမ်ကို ရယက ဥက္ကဌရယ် ကြံ့ဖွံ့တွေရယ် လာသွားတယ်။ အိမ်ထောင်စု ဇယား တောင်းကြည့်ပြီး ၁၈ နှစ်ပြည့် ဘယ်နှယောက်ဆိုတာ စာရင်းတွေ ယူသွားတယ်။ ကြံ့ဖွံ့တွေက သူတို့ ပါတီဝင်ပါ့လား၊ ရပ်ကွက် လမ်းတွေကောင်းအောင် လုပ်ပေးမယ်၊ ဘာညာနဲ့ ဆွယ်တယ်လေ။ အမကတော့ ဘာလို့ ၀င်ရမှာလဲလို့ပဲ ပြော လိုက်တယ်”ဟု ပြောသည်။

သူ့အနေဖြင့် မည်သည့်ပါတီကို မဲပေးရမည် မသိသေးသော်လည်း ပြည်သူကို အမှန်တကယ် အကျိုးမပြုသည့် ကြံ့ဖွံ့ အသင်း မှ အမည်ပြောင်းထားသည့် ကြံ့ဖွံ့ပါတီကိုမူ မကြိုက်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ၏ စကားအတိုင်း မဲမပေးဘဲ နေမည်ဟုလည်း ၎င်းကဆိုသည်။

အင်းစိန်မြို့ခံတဦးကလည်း“သူတို့တွေ စာရင်းလာကောက်တယ်လေ။ အိမ်ထောင်စု စာရင်းထဲက အချက်တွေကို ဇယား လေးမှာဖြည့်ပြီး လက်မှတ်ထိုးရတယ်၊ ပါတီဝင် စာရွက်ပြပြီး ၀င်မလားလည်း မေးတယ်။ မ၀င်ချင်ဘူး ပြောလိုက်တယ်။ မဲကတော့ ဟိုတခါတုန်းကလိုပဲ သူတို့ဘာသာ ကြိုက်ရာထည့်ပြီး လုပ်မှာပါပဲ။ အဲ့ဒီတုန်းက မဲဆန္ဒ စာရွက်ဆိုတာ မြင် တောင် မမြင်ဘူး လိုက်ဘူး။ သူတို့လုပ်တဲ့ရွေးကောက်ပွဲ စိတ်မ၀င်စားပါဘူးဗျာ”ဟု ပြောသည်။

သင်္ကန်းကျွန်းမြို့နယ်(ဈ) မြောက်ရပ်ကွက်တွင်လည်း ရပ်ကွက်လမ်းခင်းရာ၌ ကြံ့ဖွံ့ပါတီက အမည်ခံခင်းပေးမည်ပြောပြီး လမ်းဘေးဝဲယာရှိ နေအိမ်များသို့ ပါတီဝင်ရန် လိုက်လံစည်းရုံးနေသည်ဟု မြို့ခံများကဆိုသည်။

“အမှန်တော့ လမ်းအတွက်က မြို့တော်ဝန်စီမံချက်နဲ့ ချပေးထားတာ။ တချို့ကတော့ ရပ်ကွက်က ကျခံရတာ။ ဒါကို မလောက်ဘူးဆိုပြီး အရပ်ထဲမှာ ငွေလည်း ထပ်ကောက်တယ်။ လမ်းကလည်း မပြီးဘူး။ လမ်းတလျှောက်က အိမ်တွေကို လည်း အတင်းဝင် အတင်းတက်ပြီး ပါတီဝင်ဖို့ ပြောတယ်။ တချို့ကတော့ ရှောင်နေတယ်။ တချို့ကျတော့လည်း ရပ်ကွက် လူကြီးက ပါနေတော့ ကြောက်ပြီး လက်မှတ်ထိုးလိုက်ကြတယ်”ဟု မြို့ခံတဦးက ပြောသည်။

စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီးများ အပါအဝင် အရာရှိကြီး ၂၆ ဦး ပါဝင်သည့် ကြံ့ဖွံ့ ပါတီဝင် ဦးရေမှာ ၁၆ သန်းကျော်ရှိနေပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ တနိုင်ငံလုံး၌ ၂၇ သန်းကျော် ရှိသည်ဟု ခန့်မှန်း ကြောင်း သတင်း မီဒီယာများက ဖော်ပြထားသည်။

ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီးအတွက် ကျင်းပသွားမည်ဟု သြဂုတ်လ ၁၃ ရက်နေ့တွင် စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီက နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၁၀၀၊ တစည ပါတီက နိုင်ငံ တ၀န်း ကိုယ်စားလှယ် ပေါင်း ၉၇၅၊ အမျိုးသား ဒီမိုကရေစီအင်အားစု(NDF)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၆၀ နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)က နိုင်ငံတ၀န်း ကိုယ်စားလှယ်ပေါင်း ၁၅၇ ဦး ဖြင့် ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း People's Daily online တရုတ် သတင်းတွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်