ရှမ်းပြည်အရှေ့ပိုင်း၌ UWSA တပ်အင်အား တိုးချဲ့

E-mail Print
“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်ထားသော ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် ယခုရက်ပိုင်း အတွင်း UWSA တပ်အင်အား တိုးချဲ့ချထားကြောင်း ရှမ်းပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုများကို စောင့်ကြည့်နေသူများက ပြောသည်။

Wei-HsaitangUWSA (တောင်ပိုင်း) ထိန်းချုပ်ထားသော ရှမ်းပြည် အရှေ့ပိုင်း မိုင်းတုံနှင့် ပုံပါကျင်မြို့နယ် အနီး တ၀ိုက်တွင် UWSA (မြောက်ပိုင်း) မှ တပ်ရင်း ၃ ရင်းစာ တိုးချဲ့ချထားခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

တိုးချဲ့ချထားသည့် တပ်ရင်းများကို မိုင်းယွန်း အခြေစိုက် ယခင် တပ်မဟာ ၂၅၁၈ မှ ဝါရင့် တပ်မှူးဟောင်းဖြစ်သူ ဝေဆိုက်ထန် က ဦးဆောင်လာကြောင်း ဦးစိန်ကြည်က ဆိုသည်။

ဝေဆိုက်ထန်သည် ဘိန်းဘုရင် ဦးခွန်ဆာ ဦးဆောင်သည့် မောင်ထိုင်း တပ်မတော် (MTA) အဖွဲ့နှင့် တိုက်ပွဲဖြစ်စဉ်ကာလ၌ ပါဝင် တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်။ ငွေစက္ကူ အတုပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် မြောက်ပိုင်းဌာနချုပ်တွင် ဝေထိုက်ဆန် သည် ၄ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး ၂၀၀၈ ခုနှစ်တွင် ပြန်လည် လွတ်မြောက်ခဲ့သည်။

ဝေဆိုက်ထန်ကို ရှမ်းပြည်နယ် အရှေ့ပိုင်း(“၀” တောင်ပိုင်း) နယ်မြေများကို ကျွမ်းကျင်သောကြောင့် ပြန်လည် အသုံးပြုခြင်း ဖြစ်ကြောင်း ဦးစိန်ကြည်က ပြောသည်။

ယခု UWSAတပ်အင်အား တိုးချဲ့ထားသော ဒေသများသည် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့ နယ်စပ်မှ ခန့်မှန်းခြေ မိုင် ၂၀ ခန့် အကွာအဝေးတွင် ရှိကြောင်း သိရသည်။

ဤသို့ UWSAတပ်များ တိုးချဲ့ချထားခြင်းကြောင့် ပြီးခဲ့သည့်တပတ်က ချင်းဒေါင်းမြို့နယ် အနီးရှိ ကျေးရွာ ဒေသခံများအား  တိုက်ပွဲများ ဖြစ်လာပါက ဆောင်ရန် ရှောင်ရန်နည်းလမ်းများကို ထိုင်း စစ်တပ် အာဏာပိုင်များက ဦးဆောင်၍ လေ့ကျင့်ပေးခဲ့ ကြောင်း ထိုင်းစစ်တပ် တာဝန်ရှိသူများထံမှ သိရသည်။

ယင်း UWSA ထိန်းချုပ်နယ်မြေအတွင်းရှိ ဒေသခံများကိုလည်း ကျေးရွာတာဝန်ရှိသူများက တိုက်ပွဲများဖြစ်လာလျှင် ဆောင်ရန် ရှောင်ရန် ကိစ္စများကို ယခုရက်ပိုင်းအတွင်း အစည်းအဝေးခေါ်ကာ အသိပေးနေကြောင်း ဦးစိန်ကြည်ကလည်း ပြောသည်။ 

တချိန်တည်းတွင်ပင် ယခုလ ၇ ရက်နေ့မှ စတင်၍ တရုတ်နိုင်ငံသို့ ၅ ရက်ကြာ အလည်အပတ် ခရီးရောက်ရှိနေသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့သည် တရုတ်-မြန်မာ နယ်စပ်ဒေသများ အကြောင်း ပြောဆို ဆွေးနွေးကြကြောင်း သိရသည်။

တရုတ်-မြန်မာ နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးမှုအတွက် နှစ်နိုင်ငံ စလုံးက ပူးပေါင်း ဆောင်ရွက်ရန် ဗိုလ်ချုပ်မှူးကြီးကို ဟူကျင်းတောင်က တိုက်တွန်း ပြောကြားခဲ့ကြောင်း တရုတ် ဆင်ဟွာ သတင်းဌာနက ယနေ့ တွင် ဖော်ပြထားသည်။ 

“တရုတ်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေဒေသတွင်း စည်းလုံးညီညွတ်မှုကို အလေးထားပါတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် မြန်မာအစိုးရရဲ့ အားထုတ်ကြိုးပမ်းမှုကို နားလည်မှုရှိပြီး ထောက်ခံပါတယ်”ဟု ဟူကျင်းတောင်က ပြောသည်။

နယ်စပ်ဒေသ စီမံခန့်ခွဲရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းများ နှိမ်နင်းရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်မည်ဟု ဟူကျင်းတောင် က ကတိပြုကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကလည်း ဟူကျင်းတောင်၏ တိုက်တွန်းချက်ကို လက်ခံပြီး တရုတ်-မြန်မာ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် အလွန်အရေးပါကြောင်း၊ ရည်ရွယ်ချက် ဖြစ်မြောက်အောင်မြင် ရန် တရုတ်နိုင်ငံအနေဖြင့် ပူးပေါင်း ကူညီစေလိုကြောင်းလည်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီး၏ ခရီးစဉ်သည် နှစ်နိုင်ငံနယ်စပ်ရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများကို နယ်ခြားစောင့်တပ် အဖြစ် အသွင်ကူးပြောင်းရေးအတွက် ဖိအားပေးသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ရန် ငြင်းဆန် ထားကြပြီး လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေး တင်းမာမှုများ ပေါ်ပေါက်နေခြင်း ဖြစ်ကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) ထိန်းချုပ်ထားသော တပ်မဟာ ၁ ဒေသ အနီးတ၀ိုက်တွင် ပြီးခဲ့သော တပတ်က ကျောက်မဲမြို့ အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ) ၁ နှင့် လွိုင်လင် အခြေစိုက် (စကခ) ၂ မှ တပ်ရင်း တချို့ကို တိုးချဲ့ချထားခဲ့သည်။

ဗိုလ်မှူးကြီး ပန်ဖ ဦးဆောင်လျက်ရှိသော SSA-N တပ်မဟာ ၁ ထိန်းချုပ်ထားသည့် နယ်မြေတ၀ိုက်ကို စကခ တပ်များက  ၀ိုင်းထားသကဲ့သို့ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းထားသော အပစ်ရပ် SSA-N မှ တပ်မဟာ ၃ နှင့် ၇ တို့ကိုလည်း အရှေ့မြောက်တိုင်း စစ်ဌာန ချုပ် တိုင်းမှူးက လွန်ခဲ့သော သြဂုတ်လ ၂၇ ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ကာ လက်နက်ချခိုင်းကြောင်း သိရှိရသည်။

ထို့အပြင် ရှမ်းပြည် အရှေ့ပိုင်း အထူးဒေသ ၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မိုင်းလားနှင့် UWSA ဒေသ များသို့ ပို့ထားသော အစိုးရ၀န်ထမ်းများကို နအဖ စစ်အာဏာပိုင်များက ပြီးခဲ့သောတပတ်က နေရပ်သို့ ပြန်ရန် ညွှန်ကြား ခဲ့သည်။

UWSA ငြိမ်းချမ်းရေး ယူပြီးနောက်တွင် လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ထက်မနည်းလည်း ငြိမ်းချမ်းရေး ယူခဲ့ကြသည်။ ၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်