ဒီမိုကရက်တစ်ပါတီနှင့် တသီးပုဂ္ဂလများ ပူးပေါင်းမည်

E-mail Print
ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စား လှယ်လောင်း တချို့တို့သည် ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် ပူးတွဲဆောင်ရွက် ကြမည် ဖြစ်ကြောင်း သိရသည်။

bankimoon-mm၎င်းတို့သည် နိုင်ငံရေးအရ ပူးပေါင်းခြင်း ဖြစ်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အပြန်အလှန် အကူအညီ ပေးသွားကြရန် သဘောတူညီမှု ရရှိထားကြောင်း၊ ရွေးကောက်ပွဲ အပြီးကာလ လွှတ်တော်ထဲ၌ ဒီမိုကရေစီ အင်အားစု တရပ်ပေါ်ပေါက် လာရေးအတွက် အဓိက ဖြစ်ကြောင်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဦးတင်ဆန်းက ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့အဖွဲ့က ဒီ ပါတီအပြင် တခြားအဖွဲ့တွေ၊ ပါတီတွေ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ပူးပေါင်းသွားဖို့ ရှိပါတယ်။ လွှတ်တော်ထဲမှာ ဒီမိုကရေစီအင်အားစု တခုအဖြစ် ရပ်တည် ဆွေးနွေးသွားဖို့ပါ” ဟု သူက ဆိုသည်။

ဦးတင်ဆန်းသည် တာမွေမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှ ၀င်ရောက် ယှဉ်ပြိုင်မည်ဟု သိရသည်။

ဒီမိုကရက်တစ်ပါတီ (မြန်မာ) နှင့် ပူးပေါင်းဆောင်ရွက်မည့် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၈ ဦး မှာ ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယုဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးဝင်းထိန်ဦး၊ ဦးဝင်းနိုင်၊ ဦးကျော်ကျော်မင်း၊ ဦးသိန်းတန်တို့ဖြစ်သည်။

“ဒီမိုကရက်တစ်ပါတီနဲ့ ကျမတို့က အမြင်တူတာရယ်၊ နောက်ပြီး တဦးတည်း လုပ်တာထက်စာရင် ပူးပေါင်းလုပ်တာက ပိုကောင်းမယ်ထင်လို့ပါ” ဟု တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ဒေါ်ယုဇာမော်ထွန်းက ဧရာဝတီသို့ ပြောသည်။

ဒေါ်ယုဇာမော်ထွန်းသည် လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သိရသည်။ဒေါ်ယုဇာ မော်ထွန်းသည်  Myanmar Development Foundation မှ ဒါရိုက်တာ တဦး ဖြစ်ပြီး ၎င်း၏ ခင်ပွန်းဖြစ်သူ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဖုန်းဝင်းသည် မင်္ဂလာမြန်မာမှ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သည်။

“ကျနော်တို့တွေက ရွေးကောက်ပွဲကာလမှာရော ရွေးကောက်ပွဲပြီးသွားတဲ့ အချိန်တွေမှာပါ ဒီမိုကရေစီ ကိုယုံကြည်တဲ့လူတွေ စုပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့  ပူးပေါင်းလုပ်သွားကြဖို့ ဆွေးနွေးကြတာပါ” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေ ကပြောသည်။

ဒေါက်တာ ဖုန်းဝင်းကလည်း “ပူးပေါင်းရတာက ဒီမိုကရက်တစ်တွေ အချင်းချင်းညှိနှိုင်းတတ်အောင် အလေ့အကျင့် ရစေချင်တာလည်းပါတယ်။ တယောက်တမျိုးစီ မဖြစ်စေချင်ဘူးပေါ့။ ဒီမို ကရက်တစ်တွေ အတွက်လည်း အင်အား တရပ်ဖြစ်စေချင်တယ်” ဟုပြောသည်။

ဒေါက်တာဖုန်းဝင်းသည် ကမာရွတ်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်အရွေးခံ မည်ဖြစ်ပြီး ပါတီများ၏ မူဝါဒများကို ကြိုတင်မသိခဲ့ခြင်းကြောင့် တသီးပုဂ္ဂလ အဖြစ် အရွေးခံရန်အတွက်သာ လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောသည်။

ရွေးကောက်ပွဲ ကျင်းပရန် ၂ လ၀န်းကျင်သာ လိုတော့သည့်အတွက် ဒီမိုကရက်တစ် အင်အားစုများအနေဖြင့် ပူးပေါင်းဆောင် ရွက်မှုများ ပိုမိုလုပ်ဆောင်ရန် အရေးကြီးကြောင်းလည်း ပါတီခေါင်းဆောင်များက ဆိုသည်။

ဒီမိုကရက်တစ် အင်အားစုများသည် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ရွေးကောက်ပွဲ ၀င်မည်ဟု ဆိုနေသော်လည်း ၎င်းတို့ ၀င်ရောက် ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်တချို့၌ ကိုယ်စားလှယ် အရေအတွက် ထပ်နေကြောင်းသိရသည်။

“ရန်ကုန်တိုင်းက နေရာတချို့မှာ အတော် ထပ်နေပါတယ်။ ဒါတွေက ငွေမလုံလောက်မှု၊ အချိန်မလောက်ငမှုတွေကြောင့်ပါ။ ကြိုတင်ညှိနှိုင်း ရလောက်အောင် အခြေအနေက မပေးဘူးဗျာ။ ပြည်သူတွေအတွက် အများကြီးနစ်နာပါတယ်” ဟု  အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ၏ ခေါင်းဆောင် တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

ထိုကိစ္စများသည် ကိုယ့်သဘောနှင့်ကိုယ် လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ လုပ်ဆောင်၍ မရတော့ကြောင်း၊ သို့သော် NDF အနေဖြင့် ပြည်ထောင်စု ဒီမိုကရေစီ ပါတီ (UDP)၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) တို့အတွက် မြို့နယ်တချို့တွင် နေရာ ဖယ်ပေးထားကြောင်းလည်း ဦးခင်မောင်ဆွေက ဆိုသည်။

NDF အနေဖြင့် တသီးပုဂ္ဂလ ကိုယ်စားလှယ်များနှင့် လတ်တလောတွင် ပူးပေါင်းဆောင်ရွက်မှု မရှိသေးသော်လည်း၊ UDP နှင့် မိတ်ဘက် သဘောအရ ညှိနှိုင်းမှုတချို့ လုပ်ဆောင်နေသည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

ဒီမိုကရက်တစ်  အင်အားစု များသည် စစ်အစိုးရ ၀န်ကြီးချုပ် ဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ( ကြံ့ဖွံ့ပါတီ )၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တ.စ.ည) တို့နှင့် အဓိက ယှဉ်ပြိုင်ရမည် ဖြစ်သည်။ ထိုပါတီ ၂ ခုသည် တနိုင်ငံလုံးရှိ မဲဆန္ဒနယ် အားလုံးနီးပါးတွင် ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည် ဖြစ်ပြီး ကိုယ်စားလှယ်လောင်း အရေအတွက်မှာလည်း အများဆုံး ဖြစ်သည်။

ဒီမိုကရေစီအင်အားစု များအနေဖြင့် လက်ရှိရရှိထားသော အခြေအနေ ပေါ်မူတည်ပြီး ရွေးကောက်ပွဲ၌ ပြည်သူများ၏ ထောက်ခံမှု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ပြီး အနိုင်ရရှိသည့် ကိုယ်စားလှယ် အနေဖြင့် ဒီမိုကရေစီ မကျသော စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံပါ အကြောင်းအရာ တချို့ကို ပြင်ဆင်နိုင်ရန် တဖြည်းဖြည်း လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲ ၀င်ရန်ပြင်ဆင် နေကြသည့် ပါတီကိုယ်စား လှယ်လောင်းများက ဆိုသည်။

တိုင်းရင်းသား ပါတီခေါင်းဆောင် တချို့ကလည်း ၎င်းတို့၏ တိုင်းရင်းသား အရေး၊ ၎င်းတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူ အခွင့်အရေးတို့ အတွက် လွှတ်တော်မှ တဆင့် တဖြည်းဖြည်း ဆောင်ရွက်သွားမည် ဟုပြောဆိုသည်။

“ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ လွှတ်တော်မှာ ဆွေးနွေးကြတဲ့အခါ  အရေအတွက် နည်းတာ၊ များတာနဲ့ မဆိုင်ပါဘူး။ ကိုယ်စားလှယ်လောင်း အနေနဲ့ ပြောတတ် ဆိုတတ်မယ်၊ ပြောရဲဆိုရဲမယ်၊ ဗဟုသုတ ပြည့်စုံပြီး အကြောင်းပြချက် ကောင်းမယ် ဆိုရင် လူတွေက ထောက်ခံ လာမှာပါ။ ဥပဒေပိုင်း လုပ်ဆောင်တာ ကျတော့ အများစုက ထောက်ခံမှ ဖြစ်မှာပါ ” ဟု ဦးသုဝေက ပြောသည်။

စစ်အစိုးရ သည် ရွေးကောက်ပွဲအား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပ မည်ဟု သြဂုတ်လ ၁၃ ရက်နေ့က တရားဝင် ကြေညာထားသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းများ စိစစ်မှုကို စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ စိစစ်မည်ဟု ပါတီများကို အကြောင်းကြားထားသော်လည်း၊ စိစစ်ရွေးချယ်ပြီး ကိုယ်စားလှယ်လောင်း စာရင်းအတိအကျကို မည်သည့်ရက်တွင် ထုတ်ပြန်မည်ဟု မသိရသေးကြောင်း ပါတီ ခေါင်းဆောင်းများက ပြောသည်။

ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်ရန် ပါတီ ၄၂ ပါတီ မှတ်ပုံတင်ခွင့်ရရှိထားပြီး ပါတီဝင်အင်အား စာရင်းကို ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြထားသည့်ပါတီ မှာ ၃၃ ပါတီရှိကြောင်း စစ်အစိုးရ သတင်းများအရ သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်