ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များလည်း အထိနာ

E-mail Print
ကမ္ဘာ့ စီးပွားရေး အကြပ် အတည်းကြောင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်များ ဖြစ်သော တရုတ်၊ထိုင်း၊ စင်ကာပူ၊ အိန္ဒိယ၊ မလေးရှား စသည့် နိုင်ငံများသည် ၎င်းတို့ နှစ်စဉ် တန်ချိန်အမြောက်အမြား ၀ယ်ယူလျက်ရှိ သော ကုန်ပစ္စည်းတချို့ ၀ယ်ယူခြင်းကို လျှော့ချလိုက်ခြင်းကြောင့် မြန်မာ့ ပို့ကုန်လုပ်ငန်းရှင်များမှာ အထိနာ လျှက်ရှိကြောင်း သိရှိရသည်။
 
"လက်ရှိ အမေရိကန်မှာ ဖြစ်နေတဲ့ အကြပ်အတည်းက တရုတ်ပြည်ကို ရိုက်ခတ်နေပါပြီ၊ တရုတ်ပြည်မှာ ခုလို စီးပွားရေးအကြပ်အတည်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲကြောင့် ကျနော်တို့နိုင်ငံအပေါ်မှာလည်း သက် ရောက်မှုရှိလာတာတွေ့ရတယ်၊ ပဲနဲ့ နှမ်းဆိုရင် အ၀ယ်မရှိသလောက်ကို ဖြစ်သွားတယ်၊ အခြား ပို့ကုန်သွင်းကုန် လုပ်ငန်းတွေ ထိခိုက်ကုန်တယ်" ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အရာရှိကြီးတဦးက ဆို သည်။
 
မြန်မာနိုင်ငံအနေနှင့် နိုင်ငံခြားငွေရှာရာတွင် သဘာဝဓာတ်ငွေ့ပြီးလျှင် ဒုတိယ အားအထားရဆုံး ပို့ကုန်မှာ ပဲနှင့် နှမ်းဖြစ်ကြောင်း၊ ပဲ နှင့် နှမ်းကို တရုတ်နိုင်ငံနှင့် အိန္ဒယနိုင်ငံများမှ နှစ်စဉ် ဒေါ်လာ သန်း ၆၀၀ ကျော်ဖိုး အထိ ၀ယ်ယူခဲ့ကြောင်း သိရှိရသည်။
 
ကမ္ဘာ့ငွေကြေးအကြပ်အတည်းသည်မြန်မာနိုင်ငံ၏ ကုန်သွယ်မှုနှင့် စီးပွားရေး လုပ်ငန်း များပေါ်သို့လည်း  သက်ရောက်မှုများရှိနေသည်ကို တွေ့ရှိရကြောင်း သူက သုံးသပ်သည်။
 
၂၀၀၈ ခုနှစ် စက်တင်ဘာလ ကတည်းက ပဲနှင့်နှမ်း ၀ယ်ယူမှုများသိသိသာသာ လျော့ကျလာရာ လက်ရှိတွင် အ၀ယ်လုံးဝမရှိတော့ကြောင်း ၊ပြည်တွင်းဈေးကွက်တွင်လည်း ပဲဈေးမှာမူ ကျဆင်းလျက်ရှိပြီး ထိုဈေးနှုန်းမှာ သုံးနှစ်အတွင်း အနိမ့်ဆုံးဈေးနှုန်း ဖြစ်ကြောင်း၊  ပြည်ပမှအ၀ယ်မရှိပါက ဈေးဆက်လက် ကျဆင်းနိုင်သော အနေအထားရှိကြောင်း ရန်ကုန်မြို့ခံ ပဲကုန်သည်ကြီးက ပြောဆိုသည်။
 
ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချရန် ပဲတန်ချိန် ထောင်ချီပြီး ၀ယ်ယူထားကြသော ပြည်တွင်း လှောင်လက် ကုမ္ပဏီများမှာ ယခုအချိန်တွင် ငွေပြန်ဖေါ်ရန်ပင် ခက်ခဲလျက်ရှိကြောင်း၊ ပဲ မျိုးစုံ ကုန်ချိန်အများအပြားသည် ယခု အခါ တောင်သူများလက်ထဲတွင်မရှိဘဲ ၄င်းကုမ္ပဏီ လှောင်လက်ကြီးများ လက်ထဲတွင် ရှိသည့်အတွက် ပြည်ပမှ အ၀ယ်ရှိမှသာ ဈေးပြန်တက်လာနိုင်မှာ ဖြစ်ကြောင်း သိရှိရသည်။
 
ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှ ပဲမျိုးစုံဈေးကျဆင်းပြီး အရောင်းအ၀ယ်မရှိလောက်အောင် ပါးနေသလို၊ ပဲမျိုးစုံ ထွက်ရှိရာ ဒေသဖြစ်သော  မုံရွာ၊ ပခုက္ကူ၊ မန္တလေး စသည့် အဓိက ကုန်စည်ဒိုင် ကြီးများတွင်လည်း အရောင်း အ၀ယ်များ မရှိသလောက် ဖြစ်နေကြောင်း မုံရွာကုန်စည်ဒိုင်မှ ကုန်သည်ကြီးတဦးက ပြောဆိုသည်။
 
နှမ်းဈေးကွက်မှာလည်း တရုတ်နိုင်ငံမှ အ၀ယ်လုံးဝ မရှိတော့သောကြောင့် ဈေးထိုးကျလျက်ရှိပြီး ပြည်တွင်းဈေး ကွက်တွင်လည်း အရှုံးခံရောင်းသော်လည်း ၀ယ်သူ မရှိသောကြောင့် ဈေးကွက်ပျက်လျက်ရှိကြောင်း မကွေးမှ နှမ်းကုန်သည်များထံမှ သိရှိရသည်။
 
ထို့ပြင်ကမ္ဘာ့စီးပွားရေးအကြပ်အတည်းကြောင့် ရာဘာဈေးနှုန်းများလည်း ကျဆင်းလျက် ရှိကာ ၊ ပြည်တွင်း ရာဘာထုတ်လုပ်ရေးလုပ်ငန်းများပေါ်တွင်လည်း ထိခိုက်မှု များရှိလာကြောင်း ရာဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းမှ တာဝန်ရှိသူတဦးက ပြောဆိုသည်။
 
"ကမ္ဘာမှာဖြစ်နေတဲ့ စီးပွားရေးအခြေအနေက ကျနော်တို့ကိုလည်း လာရိုက် ခတ်နေတယ်၊ ခြံဖွင့်စ သုံးလအတွင်း မှာ ရာဘာ အ၀ယ်မရှိသလောက်ဖြစ်နေတယ်၊  ဘယ်ကိုမှလည်း မတင်ပို့နိုင်ဘူး" ဟု သူက ပြောဆိုသည်။
 
မြန်မာနိုင်ငံ၏ ရာဘာထုတ်လုပ်မှုသည် ပြည်ပတင်ပို့မှုပေါ်သို့ လုံးဝ အားထားနေရသော အနေအထားဖြစ်သည့် အတွက် လက်ရှိအခြေအနေသည် ထုတ်လုပ်သူများရော ရာဘာခြံ လုပ်သားများပါ ထိခိုက်လျက်ရှိကြောင်း သူက ဆိုသည်။
 
မြန်မာနိုင်ငံတွင် ရာဘာခြံ လုပ်ငန်းကို ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့တွင် လုပ်ကိုင် လျက်ရှိပြီး တန်ချိန်ပေါင်း ငါးသောင်းဝန်းကျင်မှ ငါးသောင်းနှင့်အထက် နှစ်စဉ် တင်ပို့ရောင်းချလျက်ရှိကြောင်း မြန်မာ့နှစ်ရှည်ပင်ဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရှိရသည်။
 
ထို့ပြင် မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(UMFCCI) မှ တာဝန်ရှိသူ တဦးကလည်း ပြည်ပနိုင်ငံ သို့ ဆန်များတင်ပို့ရောင်းချခွင့်ကို ပြည်တွင်းကုမ္ပဏီများမှ ရရှိထားကြသော်လည်း အ၀ယ်မရှိသောကြောင့် မရောင်းနိုင်ကြသေးကြောင်း ပြောဆိုသည်။
 
လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် ပို့ကုန်သွင်းကုန်လုပ်ငန်းများ လုပ်ကိုင်နေကြသည့် မြန်မာ လုပ်ငန်းရှင် ပေါင်း ၄ ထောင်ကျော်ခန့်ရှိကြောင်း၊ ၂၀၀၇ အတွက်မြန်မာ့ကုန်သွယ်ရေး လုပ်ငန်းမှ ဒေါ်လာ သန်း ၈ ထောင် ကျော် ရရှိခဲ့ပြီး ဒေါ်လာ သန်း ၃ ထောင်နီးပါး ပြန်သွင်းခဲ့ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနမှ စာရင်းများအရ သိရှိရသည်။်
 
အိတ်စ်ပို့လုပ်ငန်းများ ထိခိုက်လာခြင်းသည် နိုင်ငံခြားဝင်ငွေ လျော့ကျသွားသည့်အပြင် ပြည်တွင်းတွင်  အလုပ် လက်မဲ့များပြားလာခြင်း၊ လူထုသုံးစွဲနိုင်မှုလျော့ကျသွားခြင်း၊ ထုတ်လုပ်မှုများလျော့ကျသွားခြင်းနှင့်အတူ လုပ်ငန်း တချို့ ရပ်ဆိုင်းသွားနိုင်ခြင်း စသည့် စီးပွားရေးအခက်အခဲများနှင့်ပါ  တွေ့ကြုံလာနိုင်ကြောင်း  ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခတဦးက သုံးသပ်သည်။
 
စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းမသွားရေးနှင့် နာလန်ထူနိုင်ရေးအတွက် အစိုးရ၏  ပံ့ပိုးမှုပိုင်းက အရေးကြီး ကြောင်း၊ အစိုးရအနေနှင့် ၄င်းတို့အပေါ်အခွန်လျှော့ချပစ်လိုက်ရမှာ ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ပြဿနာမဖြစ် စေဖို့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးသင်ေ့ကြာင်းနှင့် အစိုးရပိုင်ငွေကြေးတော်တော်များ များကို ဈေးကွက်အတွင်း ထည့်သွင်းပေးရမှာဖြစ်ကြောင်းလည်း ၎င်းက အကြံပြု ပြောဆိုသည်။
 
"အစိုးရက အဲဒီလို မလုပ်ဘဲ၊ ခုလိုပဲ လူတွေဘာဖြစ်ဖြစ်ဆိုပြီး ပစ်ထားလိုက်ရင် ကိုယ်ဒုက္ခ ကိုယ်ရှာသလို ဖြစ်လာ မှာ သေချာတယ်၊  လူတွေ ခုထက်ပိုပြီး အကြပ်အတည်းမဖြစ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းမသွား ဖို့ အတွက် အစိုးရအနေနဲ့လုပ်ပေးသင့်တယ်၊ လုပ်လည်း လုပ်ပေးနိုင်တဲ့ အပိုင်းတွေရှိတယ်"ဟု အဆိုပါ ပါမောက္ခ က  သုံးသပ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်