ပါတီ ဖျက်သိမ်းခွင့် ရွေးကောက်ပွဲ ကော်မရှင်တွင်မရှိ ဟု NLD တုံ့ပြန်

E-mail Print
၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကို ဖျက်သိမ်းနိုင်သည့် ဥပဒေ အခွင့် အာဏာ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်တွင် မရှိကြောင်း NLD က ပြောသည်။

ယခု ရွေးကောက်ပွဲ ကော်မရှင်သည် ယခင်ပါတီဟောင်းများအား ဖျက်သိမ်းရန် ဥပဒေ အခွင့်အာဏာ မရှိကြောင်း၊ လက်ရှိ မှတ်ပုံ တင်ထားသည့် ပါတီကိုသာ ဖျက်သိမ်းခွင့်ရှိသည့်အတွက် ဥပဒေနှင့် မကိုက်ညီကြောင်း၊ NLD ပါတီသည် ၁၉၈၈ ခုနှစ်က စစ်အစိုးရ ပြဌာန်းထားသည့် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း (၄/၈၈) ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားသည့် ပါတီဖြစ်ပြီး ပယ်ဖျက် နိုင်သည့် ဥပဒေ အချက်များနှင့်လည်း ငြိစွန်းမှု မရှိကြောင်း ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ပြောသည်။

“ဒီ ၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်က ပါတီကို ဖျက်သိမ်းတယ်ဆိုတာက တရားမ၀င်ဘူး၊ ဥပဒေနဲ့ မညီဘူး”ဟု ၎င်းကဆိုသည်။

NLD အနေဖြင့် ဥပဒေအရ တရားရင်ဆိုင်မှုများ ပြုလုပ်နေကြောင်း၊ နောင်တွင် ဖြစ်ပေါ်လာမည့် အကျိုးဆက်သည် စစ်အစိုးရ အပေါ်တွင်သာ မူတည်ကြောင်း ဦးဉာဏ်ဝင်းက ဆက်လက်ရှင်းပြသည်။

ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာသော ရွေးကောက်ပွဲ ဥပဒေတွင် တည်ဆဲ တရားဝင် နိုင်ငံရေး ပါတီများကို ရက်ပေါင်း ၆၀ အတွင်း ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ရန် ပြဋ္ဌာန်းထားသည်။ မှတ်ပုံတင်ခြင်း မရှိသော ပါတီသည် နိုင်ငံရေး ပါတီ အဖြစ်မှ အလိုအလျောက် ပျက်ပြယ်မည်ဟု ထိုဥပဒေက ဆိုသည်။

စစ်အစိုးရသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား များကို ပြန်လည်လွှတ်ပေးခြင်း မရှိသေးပေ။

ထို့ကြောင့် စစ်အစိုးရ၏ ရွေးကောက်ပွဲ ဥပဒေသည် တရားမျှတမှု မရှိသည့်အတွက် NLD က နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံမတင်ရန်  ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအခြေအနေတွင် NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် ပြည်သူများ မဲမပေးရေး စည်းရုံးလှုပ်ရှားမှုများကို ပါတီ ဗဟို အလုပ်အမှုဆောင်များ ကိုယ်တိုင် နိုင်ငံတ၀န်း လှည့်လည် သွားရောက်၍ ပြုလုပ်နေသည်။

ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲမ၀င်သည့် ပါတီများ ဖျက်သိမ်းခြင်း ဥပဒေကို ပြီးခဲ့သည့် မတ်လက ပြဌာန်းခဲ့သည်။ ယင်း ဥပဒေအရ NLD ပါတီကို ပျက်ပြယ်ပြီဟု ဆိုခဲ့သော်လည်း ယခုအချိန်တွင် NLDသည် စည်းရုံးရေးနှင့် လှုပ်ရှားမှု ပိုင်းတွင် ပိုမို အားကောင်းလာကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

“ဒီလိုဖျက်သိမ်းတယ်ဆိုပြီး ကြေညာမယ်ဆိုတာ အစောကြီးကတည်းက တွက်ပြီးသားပါ၊ ကျနော်တို့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဖျက်ခဲ့တာပဲ”ဟု ၎င်းကဆိုသည်။

စစ်အစိုးရက ယခုကဲ့သို့ NLD ပါတီကို ဖျက်သိမ်းလိုက်ပြီဟု ကြေညာလိုက်ခြင်းသည် NLD ၏ မဲမပေးဘဲ သပိတ်မှောက်ရေးလှုံ့ ဆော် စည်းရုံးမှုများကို ထိခိုက်သွားမည်ဟု မထင်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရ ပါတီတခုဖြစ်ပြီး ၁၉၉၂ ခုနှစ်က ဖျက်သိမ်းခံခဲ့ရသည့် တိုင်းရင်းသား ပါတီတခုဖြစ်သည်။

ယခုအခါ ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များသည် ရခိုင်ပြည်နယ် မင်းပြား၊ မြောက်ဦး၊  ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ် စသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ သပိတ်မှောက် ရေး လှုံ့ဆော်မှုများကို ပြုလုပ်နေကြောင်း သိရသည်။

NLD မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင် ဒေါ်ခင်စောဌေးက“လူမှုရေးလုပ်ငန်းတွေနဲ့ မဲမပေးရေး ရွေးကောက်ပွဲ သပိတ်မှောက်ရေး စည်းရုံးမှုတွေကို ဆက်လက်လုပ်မယ်၊ ဒါ တရားဥပဒေ ဘောင်ထဲက လုပ်တာပဲ”ဟု ပြောသည်။

မဲမပေးရေး နယ်လှည့် စည်းရုံးရေး လုပ်ငန်းများကို မကွေးတိုင်းအတွင်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ထို့ အပြင် NLD အဖွဲ့သည် လူမှုရေး အဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း ဒေါ်ခင်စောဌေးက ဆိုသည်။

ဝါရင့်နိုင်ငံရေး သမားကြီး သခင် ချန်ထွန်း က မူ စစ်အစိုးရ၏ ကော်မရှင်က ယခုကဲ့သို့ ပါတီဖျက်သိမ်းကြောင်း ကြေညာလိုက်သည့် နောက်တွင် NLD ပါတီ၏ လူစုလူဝေးဖြင့် သွားလာ စည်းရုံးခြင်းလုပ်ငန်းများကို အရေးယူမှုများ နောက်ပိုင်းတွင် ရှိလာနိုင်သည်ဟု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်