ရေဒီယိုနှင့် ရုပ်သံမှ ဟောပြောတင်ပြခွင့် ကန့်သတ်ချက် များလွန်း

E-mail Print
ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးရန် နိုင်ငံရေးပါတီ အသီသီး၏ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ရေဒီယိုနှင့် ရုပ်မြင်သံကြား မှတဆင့် ဟောပြော တင်ပြခွင့်ပြုသော ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ကန့်သတ်ချက်များ ခြင်းကြောင့် နိုင်ငံရေးပါတီများက နှစ်သက်မှုမရှိကြောင်း သိရသည်။

nld-mdy-mm“ဒီလို လုပ်ခွင့်ပေးလာတာကိုတော့ ကြိုဆိုရမှာပါ။ ဒါပေမယ့် အတည်မပြုသေးတဲ့ ဥပဒေတွေနဲ့ နှိပ်ကွပ်ထိန်းချုပ်ထားတာတွေ
ပါလာတာကိုတော့ မကြိုဆိုနိုင်ဘူး”ဟု ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးသိန်းဌေးက ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကြေညာချက်အမှတ် (၉၈/၂၀၁၀) ကို နိုင်ငံရေးပါတီများ ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခွင့် ခေါင်းစဉ်ဖြင့် ယနေ့ထုတ် စစ်အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။

ကြေညာချက်တွင် ဖော်ပြထားသော ကန့်သတ်ချက်၊ ဥပဒေများမှာ စစ်ဥပဒေ အမိန့်များနှင့်သာ တူနေပြီး ရွေးကောက်ပွဲ
ကော်မရှင်အနေဖြင့် သုံးပိုင်ခွင့် မရှိကြောင်း၊ ယခု ထုတ်ပြန်ထားသည့် ကြေညာချက်ပါ ဥပဒေများမှာ အတည်မဖြစ်သေးသော  ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေများဖြစ်ကြောင်း ဦးသိန်းဌေးက ဆက်လက်ပြောသည်။

ကြေညာချက်တွင် ရေဒီယို၊ ရုပ်သံတို့မှ ဟောပြောလိုသော နိုင်ငံရေးပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူးသည် ၇ ရက်ကြိုတင်၍ ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များကို A4 အရွယ်အစား စာမျက်နှာ ၇ မျက်နှာ ထက် မပိုသော စာမူဖြင့် ခွင့်ပြုမိန့် လျှောက်ထားရမည်ဟု ပါရှိပြီး ဟောပြောချိန် ၁၅ မိနစ်စာရမည်ဟု ဖော်ပြထားသည်။

စာမူကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်သည့်အပြင် ပြန်ကြားရေး ဝန်ကြီးဌာနနှင့်လည်း ညှိနှိုင်းဦးမည်ဟု ကြေညာချက်အရ သိရသည်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ အထွေထွေ အတွင်းရေးမှူး ကိုနေမျိုးဝေက“တောတွေမှာ တီဗီတွေတော့ ရှိတယ်။ ဒါပေမယ့် ဘယ်သူမှ တီဗီမကြည့်ကြဘူး။ အခွေပဲ ထိုးကြည့်ကြတယ်။ ဒါကြောင့် ကျနော်တို့ပါတီက ဒီအစီအစဉ်ကို သိပ် မကြိုဆို ဘူး”ဟု ဆိုသည်။

သို့သော် ၎င်းတို့၏ ပါတီမူဝါဒများကို ပြည်သူများထံတင်ပြရန် ရွေးချယ်စရာလမ်း မရှိတော့သည့်အတွက် အသုံးပြုကောင်း
ပြုမည်ဟုလည်း ပြောသည်။

“တကယ်လို့ ဂျာနယ်တွေ၊ စာစောင်တွေမှာ ကျနော်တို့ရဲ့ ပြောဆိုတာတွေကို စိစစ်ရေးက လုံးဝမဖြတ်တောက်ဘဲ ရေးသားခွင့်
ရမယ်ဆိုရင် အခုအစီအစဉ်ကို လုံးဝမသုံးဘူး။ ၁၅ မိနစ်ကို လူဘယ်နှဦး ကြည့်မှာလဲ။ စာစောင်တွေမှာ ရေးသားရတာက
ပို ထိရောက်တယ်”ဟု ကိုနေမျိုးဝေက ဆက်လက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအင်အားစု ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ယခုအစီအစဉ်သည် အမြဲတမ်း တောင်းဆို နေခဲ့သည့် အရာဖြစ်၍ ကြိုဆိုကြောင်း၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ရာ ထိရောက် အောင်မြင်ခဲ့ကြောင်း၊ ကန့်သတ်မှု များရှိသည့်တိုင် ရရှိသည့် အခြေအနေပေါ် မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

၁၉၉၀ ခုနှစ်တွင် ရေဒီယို၊ ရုပ်သံတို့ မှတဆင့် ဟောပြောခြင်းကို အချိန် ၁၁ မိနစ်သာ ရခဲ့သော်လည်း ကန့်သတ် ချုပ်ချယ်မှုများ မပါရှိခဲ့ကြောင်း ထိုရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီခေါင်းဆောင်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်က ယခုထုတ်ပြန်ထားသော ကြေညာချက်တွင် ခွင့်ပြုမိန့်ပါ သတ်မှတ်ချက် သို့မဟုတ် စည်းကမ်း ချက်များအပြင် တားမြစ်ချက် ၉ ချက်ကိုလည်း ဖော်ပြထားပြီး လိုက်နာခြင်း မရှိပါက တည်ဆဲဥပဒေအရ အရေးယူခြင်း ခံရ မည့်အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရလည်း အရေးယူခြင်း ခံရမည်ဟု ဖော်ပြထားသည်။

“ကျနော်တို့ပါတီရဲ့ မူဝါဒတွေကတော့ လက်ရှိအစိုးရရဲ့ ချွတ်ယွင်းချက်တွေကို ထောက်ပြတာ ဝေဖန်နေတာပဲလေ။ ဒီလို
အားနည်းချက်တွေကို အားကောင်းလာအောင် အပြောင်းအလဲ လုပ်ဖို့လိုနေပြီဆိုတာကို ပြည်သူတွေကို ပြောနေတာပဲ။
ဥပဒေနဲ့ ငြိစွန်းတယ်၊ မငြိစွန်းဘူးဆိုတာတော့ လက်ရှိအစိုးရအပေါ်မှာပဲ မူတည်ပါတယ်”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ)
ဥက္ကဋ္ဌ ဦးသုဝေက ပြောသည်။

နိုင်ငံရေးပါတီများ၏ ဟောပြောချက်များသည် ဥပဒေနှင့်ညီခြင်း၊ မညီခြင်းဆိုသည်မှာ ရွေးကောက်ပွဲ ကော်မရှင်ထက် စစ်အစိုးရကသာ ဆုံးဖြတ်သွားနိုင်ဖွယ်ရှိကြောင်း၊ ကော်မရှင်က ခွင့်ပြုပြီးသည့်တိုင် အစိုးရက ဥပဒေငြိစွန်းသည်ဟု သတ်မှတ်ပြီး အရေးယူမှုလည်း ရှိလာနိုင်ကြောင်း ဦးသုဝေက ဆက်လက် ပြောဆိုသည်။

တိုင်းရင်းသား ပါတီ ခေါင်းဆောင်တချို့က ရွေးကောက်ပွဲ ကော်မရှင်၏ ကြေညာချက်ပါ ကန့်သတ်မှုများကို မနှစ်သက် သော်လည်း ရွေးကောက်ပွဲရက် နီးကပ်နေခြင်းကြောင့် ရေဒီယို၊ ရုပ်သံလိုင်းများမှ ဟောပြောတင်ပြသွားမည်ဟု ပြောသည်။

ပါတီမူဝါဒများကို ဖော်ပြထားသည့် စာစောင်၊ လက်ကမ်းစာစောင်များကို ထုတ်ဝေနေသည့် နိုင်ငံရေးပါတီ တချို့သည် အခက်အခဲ အမျိုးမျိုးကြောင့် ပုံမှန် ထုတ်ဝေနိုင်ခြင်း မရှိကြောင်းလည်း ပါတီခေါင်းဆောင်များက ပြောသည်။

ရွေးကောက်ပွဲ ကော်မရှင်သည် ကိုယ်စားလှယ်လောင်းစာရင်းကို စက်တင်ဘာလ ၁၂ ရက်နေ့ နောက်ဆုံးထား၍ စိစစ်မည်ဟု ပါတီများကို အကြောင်းကြားထားသော်လည်း စိစစ်ရွေးချယ်ပြီး ကိုယ်စားလှယ်လောင်း စာရင်းအတိအကျကို မည်သည့်ရက် တွင် ထုတ်ပြန်မည်ဟု မသိရသေးကြောင်း ပါတီခေါင်းဆောင်းများက ဆိုသည်။

တည်ဆဲပါတီဟောင်းများအနက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် ၅ ပါတီသည် ပါတီဆက်လက် တည်ထောင်ရန် လျှောက်ထားခြင်းမရှိခြင်းကြောင့် လည်းကောင်း၊ မှတ်ပုံတင်ခွင့် ရရှိသည့် ပါတီသစ် ၄၂ ပါတီအနက် ၅ ပါတီသည် လွှတ်တော် သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခြင်း မရှိသောကြောင့် လည်းကောင်း ဖျက်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယမန်နေ့တွင် ကြေညာခဲ့သည်။

ကျန်ရှိသည့် ၃၇ ပါတီအနက် ယနေ့အထိ ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီဝင်အင်အားစာရင်း တင်ပြထားသည့်ပါတီ ၃၃ ပါတီ ရှိကြောင်း စစ်အစိုးရ သတင်းစာများအရ သိရသည်။

စစ်အစိုးရက ရွေးကောက်ပွဲအား ယခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ပြီးခဲ့သည့် သြဂုတ်လ ၁၃ ရက်နေ့က ကြေညာထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်