စစ်တပ်မီးသုံးခ သံတွဲမြို့လူထု ခံရ

E-mail Print
ရခိုင်ပြည်နယ် သံတွဲမြို့အခြေစိုက် စစ်တပ်က လျှပ်စစ်မီးသုံးစွဲခကို အထူးအခွင့်အရေးယူပြီး တယူနစ်လျှင် ၅ ကျပ်နှုန်းသာ ပေးဆောင်နေသဖြင့် မြို့ခံလူထုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေကြောင်း သိရသည်။

“မြို့မှာ ခမရ ၅၅ နဲ့ ခမရ ၅၆ ဆိုပြီး အခြေစိုက်တပ်ရင်း ၂ ရင်း ရှိတယ်။ ခမရ ၅၆ တပ်က သူ့မီးစက်နဲ့သူ သုံးပြီး ခမရ ၅၅ ကတော့ မြို့က မီးစက်ကနေပဲ ပေးနေရတယ်။ တပ်က သူတို့သုံးတဲ့ သုံးစွဲခကို တယူနစ်အတွက် ၅ ကျပ်နှုန်းပဲ ပေးနေတာပါ။ မြို့လူထုကတော့ တယူနစ်အတွက် ၆၀၀ ကျပ် ပေးဆောင်နေကြရတာဆိုတော့ သူတို့အတွက်ပါ မြို့လူထုက ပေးနေရတယ်” ဟု သံတွဲမြို့ခံတဦးက ပြောသည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သံတွဲမြို့ “မီးလင်းရေး ကော်မတီ” မှ ဦးအောင်နိုင်ဦးက “ခမရ ၅၅ ကို တယူနစ် ၅ ကျပ်နှုန်းနဲ့ ပေးနေရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒီကိစ္စအတွက် နိုင်ငံတော်ကိုလည်း တင်ပြထားပါတယ်။ အကြောင်းပြန်ကြားမှုတော့ မရသေးပါဘူး။ ကျနော်တို့ မီးပေးရေးအဖွဲ့ဟာ အကျိုးအမြတ်မယူတဲ့ အဖွဲ့ပါ။ မြို့လူထုအတွက် မီတာခ လျှော့ချပေးနိုင်ဖို့ကို ကျနော်တို့လည်း အလေးထားပါတယ်။ ဒီဇယ်ဈေးတွေ တက်လာတဲ့အတွက် သုံးစွဲခ တက်ယူနေရတာပါ” ဟု ပြောသည်။

သံတွဲမြို့ လျှပ်စစ်မီးပေးဝေရေးကို ၁၉၉၃ ခုနှစ်တွင် အစိုးရက မြို့မိမြို့ဘများ ပါဝင်သော မီးလင်းရေးအဖွဲ့သို့ လွှဲပြောင်း ပေးခဲ့သော်လည်း ခမရ ၅၅ နှင့် အဏ္ဏ၀ါရိပ်သာအတွက် မီးသုံးစွဲခကိုမူ တယူနစ်လျှင် ၅ ကျပ်နှုန်းသာ ပေးဆောင်စေခဲ့ကြောင်း သိရသည်။

“အဏ္ဏ၀ါရိပ်သာဆိုတာက သမ္မတအိမ်တော်နဲ့ ၀န်ကြီးတွေနေဖို့ အိမ်တွေပါတယ်။ တရုတ်သမ္မတတို့ လာတုန်းက တည်းသွားတဲ့ ရိပ်သာကြီးပေါ့။ အဲဒီအတွက်လည်း တယူနစ် ၅ ကျပ်နှုန်းနဲ့ပဲ ကောက်နေသေးတော့ မြို့ခံလူထုကပဲ ဒီဇယ်ဖိုး စိုက်နေရတာ” ဟု သံတွဲမြို့နယ် ဂျိတ္တောကျေးရွာသားတဦးက ပြောသည်။

သံတွဲမြို့ပေါ်ရှိ ရပ်ကွက် ၇ ရပ်ကွက်နှင့် အနီးအနား ကျေးရွာများအား မီးပေးဝေရေးအတွက် ၈၆၀ KV အမျိုးအစား မီးစက် ၂ လုံးကို အသုံးပြုနေရပြီး တလလျှင် ယူနစ် ၅၀၀၀၀ ကျော် ပေးဝေနေရကြောင်း၊ ညပိုင်းကိုသာ မီးပေးနိုင်ပြီး  ညနေ ၆ နာရီခွဲမှ ည ၁၁ နာရီအထိသာ မီးပေးကြောင်း သိရသည်။

မီးလင်းရေး ကော်မတီဝင်ဟောင်း တဦးက “မြို့လူထုအတွက် ပေးနေရတဲ့ ယူနစ်က ၅၀၀၀၀ ကျော်၊ ခမရ ၅၅ နဲ့ အဏ္ဏ၀ါရိပ်သာရဲ့ သုံးစွဲအားက တလကို ယူနစ် ၅၀၀၀ ကျော်နဲ့ ၈၀၀၀ ကြားမှာရှိတယ်။ မီးလင်းရေး ကော်မတီ အမြတ်အစွန်း ထွက်တုန်းက စုထားတဲ့ ရန်ပုံငွေကလည်း ကုန်သွားပြီ။ ၂၀၀၇ ခုနှစ် ဒီဇယ်ဈေးတွေ အရမ်းတက်လာချိန်မှာ တယူနစ်ကို ၃၅၀ ကျပ်နှုန်းနဲ့ပဲ ပေးခဲ့ရတာကိုး။ နောက်တော့ ဒီဇယ်ဈေးက တက်ပြီးရင်းတက်ဆိုတော့ မီးလင်းရေး ကော်မတီဝင်တွေလည်း မြို့လူထုကို မျက်နှာပူလာကြတယ်” ဟု ပြောသည်။

သံတွဲမြို့ မီးလင်းရေး ကော်မတီ စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင် ၂၀ ကျော် ပါရှိခဲ့သော်လည်း တဖြည်းဖြည်း ထွက်သူများလာသဖြင့် ယခုအခါ ဦးအောင်နိုင်ဦးနှင့် ဦးကိုကြီးမောင်တို့ ၂ ဦးသာ ရှိတော့ကြောင်း သိရသည်။

“ခမရ ၅၅ နဲ့ အဏ္ဏ၀ါကို မီးပေးရတယ်။ နောက်ပြီး လမ်းမီးတွေ ပေးရတယ်။ လမ်းမီးအတွက်ကို စည်ပင်က အခွန်ကောက်ပြီး ကော်မတီကို ပြန်ပေးတယ်။ ဒါပေမယ့် မဆိုစလောက်ပါပဲ။ စည်ပင်ကနေ တလမှ တသိန်းခွဲလောက်ပဲ ရတာပါ။ တယူနစ် ကျပ် ၆၀၀ တိုးမယ် ဆိုတုန်းက ကျနော်တို့ မြို့လူထုကို အစည်းအဝေးလုပ်ပြီးမှ တိုးခဲ့တာပါ” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

ရန်ကုန်၊ မန္တလေးနှင့် တခြားမြို့များတွင် အစိုးရက ပေးဝေသော ရေအားလျှပ်စစ် ရရှိနေကြပြီး တယူနစ်လျှင် ၂၅ ကျပ်နှုန်း ပေးဆောင်ရသော်လည်း မီးပျက်နှုန်း မြင့်မားနေကြောင်း သိရသည်။

သံတွဲမြို့ခံတဦးက “ကျနော်တို့ ရခိုင်ပြည်နယ်မှာ သဘာဝဓာတ်ငွေ့တွေလည်း အများကြီး ထွက်နေပါရဲ့နဲ့ ကျနော်တို့ဆီမှာ လျှပ်စစ်မီးလေးတောင် ပြည့်ပြည့်၀၀ မရဘူး။ ကျနော်တို့ မြို့တင် မဟုတ်ပါဘူး၊ ရခိုင်တပြည်နယ်လုံးပါပဲဗျာ” ဟု ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်