ကြံ့ဖွံ့ပါတီက နာဂစ်စီမံကိန်းများ အသုံးချ စည်းရုံး

E-mail Print
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) သည် နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး စီမံကိန်းများ အပါအဝင် တခြားသော နိုင်ငံစီမံကိန်းများကို အသုံးပြုပြီး စည်းရုံးရေး လုပ်ဆောင် နေကြောင်း သိရှိရသည်။

ယမန်နေ့ထုတ် အစိုးရသတင်းစာများတွင် ကြံ့ဖွံ့ပါတီ ၏ ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးသိန်းစိန်နှင့် အခြား ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များဖြစ်သည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဌာန ဝန်ကြီး ဦးသိန်းညွန့်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဝန်ကြီး ဦးမောင်မောင်ဆွေ တို့သည် နာဂစ်ဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ဆေးရုံ နှင့် လူငယ်သင်တန်းကျောင်း ဖွင့်ပွဲတို့ကို တက်ရောက်ခဲ့သည် ဟု ဖော်ပြထားသည်။

လက်ရှိ ဝန်ကြီးဌာနများ၏ ဝန်ကြီးနေရာများကို ရယူထားကြသော ကြံ့ဖွံ့ပါတီ ခေါင်းဆောင်များက နိုင်ငံ့စီမံကိန်းများ၏ ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ကြသည့် သတင်းများကို အစိုးရပိုင် သတင်းစာမှတဆင့် ဖော်ပြနေခြင်းသည်၊ ကြံ့ဖွံ့ပါတီ ၏ လှုပ်ရှားမှုများအား အစိုးရက မီးမောင်းထိုး၍ ခွင့်ပြုထားခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ဆိုသည်။

ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများကို ကန့်သတ်ထားပြီး ကြံ့ဖွံ့ပါတီ၏ လှုပ်ရှားမှုများကိုခွင့်ပြုထားခြင်း မျိုး ဖြစ်သည်ဟုလည်း ပြောဆိုကြသည်။

ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ ကြံ့ဖွံ့ပါတီ ထိပ်ပိုင်းခေါင်းဆောင်များ၏ လှုပ်ရှားမှုများကို နိုင်ငံပိုင် မီဒီယာများက ကျယ်ကျယ် ပြန့်ပြန့် ဖော်ပြလာသည်ကို တွေ့ရှိရသည်။ 

ယခု ရက်သတ္တပတ်တွင် ဦးသိန်းစိန်သည် ဧရာဝတီတိုင်း နာဂစ်ဒေသသို့ စည်းရုံးရေးဆင်းနေသည်ဟု ယူဆရဖွယ်ရှိပြီး လွန်ခဲ့သည့် ရက်သတ္တပတ်တွင် မကွေးတိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်း သို့ စည်းရုံးရေးဆင်းခဲ့ကြောင်းသိရှိရသည်။

ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၀ ရက်နေ့ မင်းလှ- မင်းဘူး ရထားလမ်း၏ လမ်းအပိုင်းတခုဖြစ်သော ဧရာဝတီတိုင်း ကြံခင်းမှ မကွေးတိုင်း ပခုက္ကူ လမ်းအပိုင်းဖွင့်ပွဲကို တက်ရောက်သည့် ကိစ္စမှ စတင်ပြီး ၎င်းတက်ရောက်သည့် အခမ်းအနား များကို အစိုးရပိုင် သတင်းစာများတွင် ဖော်ပြလာခြင်းဖြစ်သည်။

စက်တင်ဘာလ ၂၅ ရက်နေ့ထုတ် အစိုးရသတင်းစာတွင်လည်း ဦးသိန်းစိန်သည် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၏ ဆေးရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဦးသိန်းစိန်သည် လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိ မဲဆန္ဒနယ်မှ တဆင့် ပြည်သူ့လွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းလည်း သိရှိရသည်။

ယမန်နေ့ထုတ် အစိုးရ သတင်းစာတွင်လည်း မက်စ်မြန်မာကုမ္ပဏီနှင့် မကြာသေးမီက ဖွင့်လှစ်လိုက်သည့် ဧရာဝတီဘဏ် တို့၏ အကြီးအကဲဖြစ်သူ ဦးဇော်ဇော် ကို ကြံ့ဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးချုပ် လှမင်း အပါအဝင် အခြား စစ်ဘက် အရာရှိကြီးများနှင့် အတူ အစိုးရထုတ် သတင်းစာ မျက်နှာဖုံးတွင် ဓာတ်ပုံများဖြင့် ဖော်ပြခဲ့သည်။

အမေရိကန်အစိုးရထုတ်ပြန်သော နာမည်ပျက်စာရင်းတွင် ပါဝင်သည့် ဦးဇော်ဇော် ဦးတေဇ၊ ယုဇန ဦးဌေးမြင့်၊ ဇေကမ္ဘာ ဦးခင်ရွှေ နှင့် ဒဂုံ ဦးဝင်းအောင် တို့သည် ၂၀၀၈ တွင် နာဂစ်ဒဏ်ခံခဲ့ရသည့် ဧရာဝတီတိုင်းအတွင်း အဆောက်အအုံများ ဆောက်လုပ်ခွင့် ကန်ထရိုက် ရရှိခဲ့သူများဖြစ်သည်။ 

စစ်ဘက်ဆိုင်ရာ ရာထူးများမှ အနားယူခဲ့သော ကြံ့ဖွံ့ပါတီ ထိပ်ပိုင်း ခေါင်းဆောင်များသာမက အထက်ပါ ပုဂ္ဂလိက စီးပွားရေး သမားများကလည်း နိုင်ငံပိုင် မီဒီယာကို အသုံးပြု၍ စည်းရုံးရေးဆင်းနေသည်ကို တွေ့ရှိရသည်။

ဇေကမ္ဘာ ဦးခင်ရွှေသည် ကြံ့ဖွံ့ပါတီ ကို ကိုယ်စားပြု၍ အမျိုးသားလွှတ်တော်အတွက် တွံတေးမြို့နယ်မှ ဝင်ရောက် ယှဉ်ပြိုင် မည့်သူလည်း ဖြစ်သည်။ ၎င်းသည် ပါတီ စည်းရုံးရေးလုပ်ငန်းများကို နာဂစ်စီမံကိန်းများ လုပ်နေစဉ်အတွင်း လုပ်ဆောင် ခဲ့ပြီး ဖြစ်ကြောင်း The Monitor ဂျာနယ်သို့ မကြာသေးမီက ပြောဆိုထားသည်။

“ကျနော့်အနေနဲ့ စည်းရုံးရေးကိစ္စတွေ အထွေအထူးလုပ်စရာမလိုပါဘူး၊ နာဂစ်စီမံကိန်းက ပြန်လည်တည်ဆောက်ရေး စီမံကိန်းတွေ၊ ဘုရားတည်တာတွေ၊ ဒေသခံတွေကို အစားအစာ လှူတာတွေကို တနှစ်လောက်ကြာအောင် ကျနော် လုပ်ခဲ့တယ်။ အဲဒီမှာ ဒေသခံတွေက ကျနော့်ကိုပြောတယ် အဲဒီနယ်ကနေပဲ ယှဉ်ပြိုင်ဖို့ပြောတယ်၊ တခြား ကိုယ်စားလှယ် တွေလို စည်းရုံးရေးတွေ ကြီးကြီးမားမားလုပ်ဖို့ ကျနော့်အတွက် မလိုအပ်ပါဘူး”ဟု ဦးခင်ရွှေက The Monitor ဂျာနယ်သို့ ဖြေကြားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်