ရှမ်းပြည်မြောက်ပိုင်းတွင် ကြံ့ဖွံ့နှင့်ကျားဖြူ ပြိုင်ဆိုင်မှုပြင်းထန်

E-mail Print
လာမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ - SNDP) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) တို့သည် ရှမ်းပြည် မြောက်ပိုင်းတွင် ပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

usdp-and-white-tiger-logoရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ခံ တဦးက “ကျနော်တို့ မြို့မှာက အများစုကတော့ ကျားဖြူပါတီကိုပဲ ထောက်ခံကြတယ်။  ကြံ့ဖွံ့ ပါတီကို ထောက်ခံတဲ့ သူတွေ၊ ကိုယ်စားလှယ် လောင်းတွေကို ဘယ်သူကမှ သိပ်အဖက် မလုပ်ကြတော့ဘူး။ ကြံ့ဖွံ့ရဲ့ ကိုယ်စားလှယ် လောင်းတွေ ကလည်း သူတို့ဘာသာ သူတို့နေကြတယ်။ ကျားဖြူပါတီကို အဆက် အဆံကို မလုပ်ကြဘူး” ဟု ပြောသည်။

လားရှိုးမြို့မှ ကျားဖြူပါတီ၏ စည်းရုံးရေးမှူးတဦးက “ကျနော့် အမျိုးသမီးဆိုရင် ကြံ့ဖွံ့ဆိုတာချည်းပဲ။ သူ့စိတ်ထဲမှာ သူတို့ (ကြံ့ဖွံ့) ကို ထောက်ခံလိုက်ရင် တခုခုပြန်ရမယ်လို့ ထင်နေတယ်။ ကိုယ့်လူမျိုးကို တကယ်ကိုယ်စားပြုတာ ဘယ်ပါတီလဲ ဆိုတာကို သူမသိဘူး။ ဒီ ပါတီတွေ ကိစ္စနဲ့ပဲ ကျနော်တို့လင်မယား စကားမပြောတာ တလလောက်ရှိပြီ” ဟု ဧရာဝတီ သို့ ပြောသည်။

ဒေသခံများထံမှ လေးစားမှုရထားသည့် ဆရာဝန်ကြီးများ၊ တက္ကသိုလ်ကျောင်းဆရာများ၊ အမျိုးသားညီလာခံ ကိုယ်စား လှယ် များကိုလည်း ဒေသခံ စစ်ဘက်အရာရှိများက ကြံ့ဖွံ့ပါတီ ကိုယ်စားပြုရန် ပြောဆိုထားမှုများကြောင့် တချို့စိတ်မပါဘဲ အမတ်လောင်းအဖြစ် ပါဝင်နေရသူများလည်း ရှိကြောင်း ကြံ့ဖွံ့ကိုယ်စားလှယ်လောင်း တဦးက ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် အဓိက စည်းရုံးနေကြသည့် ပါတီများမှာ ကျားဖြူပါတီနှင့် ကြံ့ဖွံ့ပါတီ တို့ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က စည်းရုံးရေး ဆင်းသော်လည်း မည်သူကမျှ ထိုပါတီကို စိတ်မဝင်စားကြကြောင်း သိန္နီမြို့ခံတဦးက ပြောဆိုသည်။

သူကပင် “ကျားဖြူပါတီကိုတော့ လူထုကိုယ်တိုင်က လိုလားလို့ ထောက်ခံကြတယ်။ ကြံ့ဖွံ့ကိုတော့ အစိုးရကခိုင်းလို့ ထောက်ခံရတယ်။ စပါးပင် တံဆိပ်နဲ့ပါတီ (တစည) ကိုတော့ ဘယ်သူမှ စိတ်မဝင်စားဘူး” ဟု ပြောသည်။

လားရှိုးမြို့မှ ကျောင်းဆရာမ တဦးက “ကျမသိတဲ့ ရှမ်းတိုင်းရင်းသား တက္ကသိုလ်ကျောင်းဆရာ တယောက်ဆိုရင် အစတုန်းက ကျားဖြူပါတီကနေ ရွေးကောက်ပွဲဝင်မလို့။ ဒါပေမယ့် သူ့ကို ကြံ့ဖွံ့ပါတီကိုပဲ ဝင်ရမယ်ဆိုတဲ့ စာပို့တယ်လို့ ပြောဖူးတယ်” ဟု ဆိုသည်။

ဒေသခံ ကြံ့ဖွံ့ကိုယ်စားလှယ်လောင်းတဦးက “ကျနော်က ၁၉၉၃ ကနေစပြီး အမျိုးသားညီလာခံ တက်ခဲ့ရတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြီးတဲ့အခါမှာ အေးအေးဆေးဆေးပဲ နေတော့မယ်လို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ဒီနှစ် ရွေးကောက်ပွဲအတွက် ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုပြီးရွေးကောက်ပွဲဝင်ဖို့ ညွှန်ကြားချက်ရတယ်၊ မလုပ်လို့လည်း မရဘူး” ဟု ဆိုသည်။

ကြံ့ဖွံ့ပါတီကို ရွေးချယ်ကြသူ အများစုသည် ၎င်းတို့၏ အကျိုးအမြတ် ရရှိရေး လိုလားသူများဖြစ်နေကြောင်း ဒေသခံလူထုက ပြောဆိုသည်။

ကြံ့ဖွံ့ပါတီသည် စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီ ဖြစ်နေသောကြောင့်လည်းကောင်း၊ ဒေသခံ စစ်ဘက် အရာရှိများက ၎င်းတို့နှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များအား ပါတီဝင်ဖြစ်လာရေးအတွက် ပြောဆိုခြင်း၊ ကြံ့ဖွံ့ပါတီ၏ ကိုယ်စားလှယ်များ အနေဖြင့် လာမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရန် ပြောဆိုခြင်းတို့ကြောင့်လည်းကောင်း ကြံ့ဖွံ့ပါတီကို ရွေးချယ်ကြခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုနေကြသည်။

“တိုင်းမှူး အဆက်ဆက်နဲ့ ပိုင်အောင်ပေါင်းနိုင်တဲ့ တရုတ်လူမျိုး စီးပွားရေးသမား ဦးသန်းဝင်း ဆိုရင် အခု တိုင်းမှူးအသစ်က နှစ်ခွန်း မပြောရဘူး၊ တိုက်ပုံနဲ့ ကြံ့ဖွံ့ပုဆိုး တခါတည်း လဲလိုက်တော့တာပဲ။ အဲဒါမှ သူ့အတွက် လုပ်ပိုင်ခွင့်တွေရမယ်လေ” ဟု အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ပြောသည်။

ဦးသန်းဝင်းသည် လားရှိုးမြို့တွင် နာမည်ကြီး စီးပွားရေးသမားတဦးဖြစ်ပြီး ကုန်တင်ကားကြီးများ၊ ဆီစက်၊ သစ်စက်လုပ်ငန်း များကို လုပ်ကိုင်သည်။ တားမြစ် ကုန်စည်များဖြစ်သည့် ကျွန်းသစ်၊ ကျောက်စိမ်းများကို ၎င်းပိုင် ကုန်တင်ကားကြီးများဖြင့် လားရှိုး- တန့်ယန်း လမ်းကြောင်းမှ ပန်ယန်း၊ ပန်ဆန်း တို့ကိုဖြတ်ကာ တရုတ်နိုင်ငံသို့ တင်ပို့ကြောင်းလည်း သိရသည်။

ယင်းသို့ လုပ်ပိုင်ခွင့်များ ရရှိရန်အတွက် ရမခ တိုင်းမှူးအဆက်ဆက်ကို လာဘ်ထိုးခြင်း၊ ၎င်းတို့ ဖြစ်ချင်သည်များကို အကောင်အထည် ဖော်ပေးခြင်းတို့မှ ရရှိလာခြင်းဖြစ်သည်ဟုလည်း နီးစပ်သူများထံမှ သိရှိရသည်။

မူဆယ်နှင့် နမ့်ခမ်းမြို့နယ်တို့တွင်လည်း မူးယစ်ဆေးရောင်းဝယ်ခြင်းဖြင့် စီးပွားဖြစ်နေကြသူများဟု နာမည်ကြီးသည့် ပုဂ္ဂိုလ်များက ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

မူဆယ်မြို့ခံ ကုန်သည်တဦးက“သူတို့တွေက ပြည်သူ့စစ်ခေါင်းဆောင်တွေလည်း ဖြစ်တယ်။ ဒါပေမယ့် သူတို့ မူးယစ် ဆေးဝါး ရောင်းတာတွေ၊ ထုတ်တာတွေ လုပ်နေတယ်ဆိုတာလဲ အားလုံးသိနေတာပဲ၊ သူတို့ဘာကြောင့် ကြံ့ဖွံ့ကို ဝင်ကြလဲ ဆိုတော့ သူတို့ လုပ်နေတဲ့ အလုပ်တွေကို ရပ်လိုက်ရမှာစိုးလို့၊ နောက်ထပ် ရပိုင်ခွင့်တွေ မရတော့မှာစိုးလို့ဆိုတာ သိသာ နေတယ်” ဟု ပြောသည်။

ကြံ့ဖွံ့ပါတီကို ကိုယ်စားပြုကာ မူဆယ်မြို့နယ်မှ ရွေးကောက်ပွဲဝင်မည့် ပန်းဆေး ဦးကျော်မြင့်သည် မူဆယ်မြို့နယ် ပါတီ အလုပ်အမှုဆောင် အဖွဲ့ဝင်ဖြစ်ပြီး လီဆူး တိုင်းရင်းသားကို ကိုယ်စားပြုကာ အမျိုးသားညီလာခံ တက်ရောက် ခဲ့ဖူးသူတဦးဖြစ်သည်။

ကြံ့ဖွံ့ပါတီသည် မဲဆန္ဒနယ်များအားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေ တထောင်ကျော်ရှိပြီး ကျားဖြူ ပါတီသည် လွှတ်တော်သုံးရပ်စလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၁၅၇ ဦး တင်သွင်းခဲ့ရာ ၎င်းတို့ အနက်မှ တဦးကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်