ဒီမိုကရေစီ မိတ်ဆွေပါတီများ ရွေးကောက်ပွဲအတွက် ပူးပေါင်းမည်

E-mail Print
ဒီမိုကရက်တစ် အင်အားစုများ စုစည်းရေး အတွက် ပါတီများတွေ့ဆုံ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီ ၆ ပါတီ တက်ရောက်ခဲ့ကြပြီး “ဒီမိုကရေစီ မိတ်ဆွေပါတီများ” အမည်ရှိ ကြေညာချက် တရပ်ကို သဘောတူ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲကို ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) က ဦးဆောင်ကာ အောက်တိုဘာလ ၂ ရက်နေ့က တာမွေမြို့နယ် အလုပ်သမားဆေးရုံကြီး အနီးရှိ KK စားသောက်ဆိုင်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကာလက နီးလာသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို မနှစ်သက်သောကြောင့် လူထုက စိတ်ဝင်စားမှု နည်းနေကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲသည် ၂၀၀၈ ဖွဲ့စည်းပုံကို အကောင်အထည် ဖော်ပေးရခြင်းမျိုး ဖြစ်နေသောကြောင့် ဒီမိုကရေစီ အင်အားစုများကလည်း မကြိုက်ကြောင်း UDP ဥက္ကဋ္ဌ ဦးသိန်းဌေးက ဆိုသည်။

ဦးသိန်းဌေးက “ကျနော်တို့ ရွေးကောက်ပွဲဝင်တာ ၂၀၀၈ ဖွဲ့စည်းပုံကို ကြိုက်လို့ ၀င်တာမဟုတ်ဘူး။ ကျနော်တို့ လုပ်ကွက်တခု၊ တိုက်ပွဲသဏ္ဍာန်တခု အနေနဲ့ ၀င်ဖို့ ကြိုးစားတာပါ။ ဒီမိုကရေစီ အင်အားစုတွေ ဘယ်လွှတ်တော်တွေမှာ အမတ်နေရာ ဘယ်လောက်ရခဲ့ရင်ဖြင့် အာဏာထိန်းညှိမှုတွေ လုပ်နိုင်ပါလိမ့်မယ်ဆိုတာကို ဆွေးနွေးပြီး ချပြတာပါ” ဟု ပြောသည်။

UDP ပါတီက အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ချင်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ)နှင့် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ တို့မှ ကိုယ်စားလှယ် ၃ ဦးစီ တက်ရောက်ရန် ဖိတ်ကြားခဲ့သော်လည်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) က တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ကျနော်တို့ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်ဖို့တွေ၊ မဲဆန္ဒနယ် ရှောင်လွှဲပေးရေးတွေ မဆွေးနွေးခဲ့ပါဘူး။ တခြား ဆွေးနွေးရေးတွေလုပ်ပြီး အချက် ၅ ချက်ပါ ကြေညာချက်ကို ပါတီ ၆ ခုစလုံး သဘောတူ လက်မှတ်ထိုးပြီး ထုတ်ခဲ့ကြတာပါပဲ” ဟု SNDP မှ ဦးစိုင်းလှကျော်က ပြောသည်။

ဒီမိုကရေစီ မိတ်ဆွေပါတီများက ထုတ်ပြန်သော ကြေညာချက်တွင် ဒီမိုကရေစီ မိတ်ဆွေပါတီများအနေဖြင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ၆၈ ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၇၆ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်း ၁၅၂ ဦး၊ စုစုပေါင်း ၃၉၆ ဦး ၀င်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရေးသားထားသည်။

ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းသည် အကျိုးမရှိ၍ ဒီမိုကရေစီ မိတ်ဆွေပါတီများကို မဲပေးရန်လိုကြောင်း၊ တိုင်းရင်းသားများ တန်းတူညီမျှမှု ရစေရေးနှင့် ဒီမိုကရေစီ ထွန်းကားရေးအတွက် ရွေးကောက်ပွဲအောင်နိုင်ရေးကို ပူးတွဲ ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလွန် ကာလတွင်လည်း ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းများကို အတူပူးပေါင်း ဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းနှင့် ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် ပြည်သူများ မဲရုံသို့သွားကာ မဲပေးကြရန် လိုအပ်ကြောင်းတို့ကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်