HIV လူနာများအတွက် ARV ဆေး ရှားပါး

E-mail Print
HIV ဗိုင်းရပ်စ် ကူးစက်ခံရ သူများကို ARV ဆေး အခမဲ့ ဖြန့်ဝေပေးရာတွင် မြန်မာနိုင်ငံ၌ ဆေးဝါး လိုအပ်ချက်ကြောင့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ် ပေးထားသည့် စံနှုန်းအောက် လျှော့ချပြီ AIDS ရောဂါ အဆင့်ရောက်မှသာ ဆေးဝါး ပေးနိုင်ကြောင်း သိရသည်။

HIV ဗိုင်းရပ်စ် ကူးစက်ခံရပါက ပြင်ပရောဂါကို ခုခံကာကွယ်ပေးနိုင်သော သွေးတွင်းအခြအနေကို ဖော်ပြသည့် CD4 cell အရေအတွက်ကျဆင်းလာလေ့ရှိပြီး CD4 cell (CD4 count) 350 အထိကျဆင်းလာလျှင် Anti Retroviral(ARV) ဆေးကို စတင်သုံးစွဲရမည်ဟု WHO က သတ်မှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် ဆေးဝါးမလုံလောက်မှုကြောင့် AIDS ရောဂါ အဆင့်သို့ရောက်ရှိသည့် CD4 count 200 သို့ရောက်မှသာ ဆေးပေးနိုင်ကြောင်း ARV ဆေး အခမဲ့ ထောက်ပံ့နေသော ပြည်တွင်း NGO တခုမှ တာဝန်ခံ ဆရာဝန်က ပြောသည်။

“CD4 count 350 လောက်ဆိုရင် WHO သတ်မှတ်ချက်အရ ဆေးဝယ်သောက်သင့်တဲ့ အခြေအနေဖြစ်လို့ တတ်နိုင်တဲ့သူဆို ကိုယ့်စားရိတ်နဲ့ကိုယ် ၀ယ်သောက်လို့ ရတယ်။ စီမံချက်နဲ့ ပေးတာကို အခမဲ့ သောက်ဖို့ဆိုရင်တော့ CD4 count 200 အထိကျ ပြီး AIDS ရောဂါအဆင့်ရောက်၊ အသက်အန္တရာယ် ဆိုးဆိုးရွားရွား ထိခိုက်နိုင်တဲ့ အခြေအနေလောက် အထိကျမှ သောက်လို့ ရတယ်။ ဆေးဝါးလုံလောက်မှု မရှိလို့ပါ” ဟု အမေရိကန် INGO တခုမှ တာဝန်ရှိသူတဦးက ဆိုသည်။

ထို့အပြင် ၄င်းဆေးဝါး၏ သဘာဝအရ ဆေးကို အချိန်မှန်သောက်ရမည့်အပြင် အဆက်ပြတ်၍မရဘဲ နောက်ဆုံးအချိန်အထိ သောက်ရမည်ဖြစ်ရာ ဆေးပေးပါက လူနာသက်ဆုံးတိုင် ပေးအပ်နိုင်ရန် တာဝန်ရှိသဖြင့် အကူအညီအထောက်အပံ့ အမြဲရရန် မသေချာသော NGO များကို ဆေးအလွယ်တကူ ထုတ်မပေးရန် WHO နှင့် ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေးအဖွဲ့ (UNAIDS) တို့က သတိပေးထားသည်။

CD4 count  350 ရှိချိန်တွင် ကိုယ်ပိုင်ငွေဖြင့် ဆေးဝါးသုံးစွဲလိုပါကလည်း ဆရာဝန်နှင့် တိုင်ပင်ရမည် ဖြစ်ကြောင်း၊ ရေရှည် သောက်သုံးနိုင်သည့် ငွေအနေအထား ရှိရန်လည်း လိုအပ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးဝါးဆက်လက် မသုံးစွဲနိုင်ပါက နောင်တွင် ဆေးမတိုးတော့သည့် အခြေအနေမျိုး ကြုံတွေ့နိုင်ကြောင်းနှင့် ၎င်းမှတဆင့် ကူးစက်ပါက တဆင့်ကူးသည့် လူနာတွင်ပင် ဆေးမတိုးသည့် အနေအထားမျိုးရှိကြောင်း UNAIDS မှ ဆရာဝန်တဦးက ဆိုသည်။

“တကယ် ဆေးသောက်မယ်ဆိုရင် တချို့ဝေဒနာရှင်တွေက တန်ဖိုးနည်းတဲ့ ဆေးအတွဲတွေ သောက်လို့ရပါတယ်။ တရက်ကို ငွေ ၁ ထောင် ၀န်းကျင်လောက်ပဲ ကျတာပါ။ အမေရိကန်ဒေါ်လာနဲ့တွက်ရင် တရက်မှ တဒေါ်လာလောက် ကျတာပါ” ဟု ၄င်းဆေးများကို တင်သွင်းရောင်းချနေသူတဦးက ပြောသည်။

သို့သော် ထောင်ဂဏန်းဝန်းကျင် ဆေးကိုပင် NGO များက လုံလောက်အောင် မပေးနိုင်ကြောင်း တာမွေမြို့နယ်မှ HIV ပိုးရှိသူ တဦးက ပြောသည်။

“ကျမတို့ အလုပ်အတူ လုပ်ကြတဲ့သူတွေထဲမှာ လုပ်သက်အရင့်ဆုံးသူ၊ ရောဂါလည်း အရင့်ဆုံးမို့ အဲဒီ အစ်မက ဆေးရတယ်။ ကျမတို့ကတော့ အားဆေးပဲ ရသေးတယ်” ဟု ၄င်းက ရှင်းပြသည်။

ထို့အပြင် စီးပွားရေးပိတ်ဆို့မှုများကြောင့် တင်သွင်းနေကျဆေးဝါး တင်သွင်း၍မရခြင်း၊ NGO များကို စစ်အစိုးရက ကန့်သန့် ချက်များ ပြုလုပ်ခြင်း၊ လုပ်ငန်းရှင်များက အမြတ်နည်း၍ ဆေးဝါးတင်သွင်းမှု မပြုကြခြင်း၊ စစ်အစိုးရက သွင်းကုန်လုပ်ငန်းများ ကို တင်ကျပ်ခြင်းတို့ကြောင့် ဈေးကွက်အတွင်း ဆေးဝါးပြတ်လပ်ကာ ဝေဒနာရှင်များ ဆေးဝါးအလွယ်တကူ ၀ယ်ယူမရနိုင်ဘဲရှိကြောင်း၊ ထိုသို့ ဝယ်မရနိုင်သောကြောင့် သောက်နေကျဆေးဖြင့် ဆေးမတိုးသော အခြေအနေ ရောက်ရ  သည် များလည်း ရှိကြောင်း ARV ဆေးဝါးများ တင်သွင်းနေသော ကုမ္ပဏီပိုင်ရှင် ဆရာဝန်တဦးက ပြောသည်။

“ARV ဆေးကို လိုအပ်တဲ့အချိန်မှာ သောက်နိုင်တယ်ဆိုရင် လူက သက်တမ်းစေ့ နေသွားနိုင်တယ်။ အဲဒါကလည်း ဆေးလိုအပ် ချက် တိုးလာစေတဲ့ အကြောင်းထဲမှာ တခုပါတယ်” ဟု INGO တခုမှ တာဝန်ရှိသူက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်အထိ HIV ပိုးကူးစက်ခံနေရသူ ၂ သိန်းခွဲနီးပါးရှိပြီး လူ ၁၀၀ လျှင် ၀.၆၁ နှုန်း HIV ကူးစက်ခံနေရ သည်ဟု UNAIDS မှထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။

၎င်းပမာဏမှာ နှစ်သိမ့်ဆွေးနွေး ပညာပေးဌာနများနှင့် ဆေးဝါးကုသမှုခံယူရန် စစ်ဆေးကြရာမှ တွေ့ရှိသော ရောဂါကူးစက်မှု များကို အခြေခံ၍ အစိုးရနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများက ညှိနှိုင်းထုတ်ပြန်ထားခြင်းဖြစ်သည်။

၂၀၀၉ ခုနှစ်အတွင်း ရောဂါထပ်မံ ကူးစက်ခံရသူ ၁ သောင်း ၇ ထောင်ကျော်ရှိကာ AIDS ရောဂါဖြင့် သေဆုံးသူ ဦးရေမှာလည်း ၁ သောင်း ၇ ထောင်ကျော်ရှိသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် HIV ဗိုင်းရပ်စ်ပိုးကို ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိရပြီး AIDS ရောဂါကို ၁၉၉၁ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်