ရွေးကောက်ပွဲကို စီးပွားရေးသမားများလည်း စိုးရိမ်

E-mail Print
ရွေးကောက်ပွဲကြောင့် စီးပွားရေး လုပ်ငန်းအများစု ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း ရန်ကုန်အခြေစိုက် ကုန်သည်များ ကဆိုသည်။

“ရွေးကောက်ပွဲက ဖြစ်မလား၊ မဖြစ်ဘူးလား၊ ဆူပူမှုတွေ ဖြစ်လာမလား ဆိုတာကို စိုးရိမ်နေကြတယ်။ ဒီတော့ ခါတိုင်း အကြွေး ပေးနေတာတွေကို မပေးရဲကြဘူး။ လက်ရှိ ရောင်းနေတာတွေကလည်း အရောင်းအ၀ယ်တွေ တအားအေးနေတယ်။ ဘာတွေဖြစ်မလဲလို့ စောင့်ကြည့်ဦးမယ် ဆိုတဲ့ ကုန်သည်တွေများနေတယ်” ဟု ဘုရင့်နောင် ပွဲရုံ ကုန်သည် တဦးက ဆိုသည်။

bynဘုရင့်နောင်ပွဲရုံရှိ လုပ်ငန်းများ အရောင်းအ၀ယ် အေးနေသည့်အပြင် ကြံ့ဖွံ့အမည်ခံ၍ လမ်းခင်းပေးနေသည့် ကိစ္စ အတွက် လည်း လုပ်ငန်းရှင်များထံမှ တဦးလျှင် ကျပ် ၁ သိန်း၊ ၁ သိန်းခွဲ စသည်ဖြင့် ကောက်ခံခြင်း ခံနေရသောကြောင့် အခက်အခဲများ တွေ့နေရသည်ဟု အဆိုပါ ကုန်သည်က ဆက်ပြောသည်။

ဘုရင့်နောင်ပွဲရုံရှိ လုပ်ငန်းများအပြင် အီလက်ထရွန်းနစ်ပစ္စည်းများ၊ အ၀တ်အထည်လုပ်ငန်းများ၊ ရွှေထည်ပစ္စည်းများနှင့် ပတ်သက်သော အရောင်းအ၀ယ် လုပ်ငန်း အများစုသည်လည်း အလုပ်မဖြစ်ကြောင်း ကြားသိရသည်။

“ကျမတို့ဆီက အလုပ်တွေချပေးရင် တခါတလေ ကျပ် သိန်းရာချီပြီးတော့ချပေးတယ်။ ဒါပေမယ့် အခုတော့ ဆယ်ဂဏန်း တောင် ချမပေးရဲတော့ဘူး။ ဘာကြောင့်လဲဆိုတော့ အရောင်းအ၀ယ် မရှိတာရယ်၊ ရွေးကောက်ပွဲ သတင်းတွေကလည်း အမျိုးမျိုး ထွက်နေတော့ တခုခုဆို ကျမတို့ပဲ နစ်နာမှာမို့လို့ပါ” ဟု ဗိုလ်ချုပ်ဈေး ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ရွှေဆိုင်ပိုင်ရှင်များသည် ရွှေပန်းထိမ်သမားများကို စပေါ်ငွေတင်ထားသည့် တန်ဖိုးအတိုင်း ရွှေထည်များ အပ်နှံလေ့ ရှိသော်လည်း ရင်းနှီးသူများကိုမူ စပေါ်ငွေ မတင်သော်လည်း ကျပ် သိန်း ဆယ်ဂဏန်း၊ ရာဂဏန်းတန်ပစ္စည်းများ ချပေးလေ့ရှိကြောင်း သိရသည်။

အခေါက်ရွှေ ၁ ကျပ်သားလျှင် လက်ရှိပေါက်ဈေး ကျပ် ၆ သိန်း ၅ သောင်းဈေးရှိပြီး ယခင်လဆန်းပိုင်းတွင် ၆သိန်း ၆ သောင်းဝန်းကျင်ရှိကြောင်း ဗိုလ်ချုပ်ဈေး ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။

ရွှေဈေးကျသော်လည်း အ၀ယ်မရှိဘဲ ၀ယ်ပြီးပစ္စည်းများကို စားဝတ်နေရေးအတွက် ပြန်ရောင်းသူသာ တရက်ထက် တရက် များလာကြောင်း တောင်ဥက္ကလာပမြို့နယ် နန္ဒ၀န်ဈေးမှ ရွှေဆိုင်ပိုင်ရှင် တဦးက ဆိုသည်။

အ၀တ်အထည် လုပ်ငန်းများနှင့် လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းများသည်လည်း သိသိသာသာ ကျဆင်းနေသည့် အပြင် စားသောက်ကုန် ပစ္စည်းများပါ အရောင်းအ၀ယ် အေးနေသည်ဟု ငမိုးရိပ်စံပြဈေးမှ ကုန်စုံဆိုင်ပိုင်ရှင် တဦးက ပြောသည်။

“စားအုန်းဆီဈေးက လက်ကားဈေး တပိဿာကို အခု ကျပ် ၂၀၅၀ ရောင်းတယ်။ ပြီးခဲ့တဲ့လထက် ၁၅၀ လောက် ကျသွားတယ်။ ဆန်ဈေးကတော့ အမျိုအစား ပေါ်မူတည်ပြီးတော့ တအိတ်ကို ၈၀၀၊ ၁၀၀၀ လောက်တက်သွားတယ်” ဟုလည်း သူကဆိုသည်။

ဆန်တအိတ်လျှင် အနည်းဆုံးကျပ် ၂၀၀၀၀ မှ အများဆုံး ၃၃၀၀၀ ရှိကြောင်းသိရသည်။

စီးပွားရေး လုပ်ငန်းရှင်များက ရွေးကောက်ပွဲကို စဉ်းစားနေကြသော်လည်း လက်လုပ်လက်စား လူတန်းစားများကမူ ရွေးကောက်ပွဲနှင့်ပတ်သက်၍ အလေးအနက် မရှိကြဟု ဆက်ပြောသည်။

လျှပ်စစ် ပစ္စည်းများသည်လည်း အရောင်းအ၀ယ်မကောင်းသည့်အပြင် ပစ္စည်းအမျိုးအစားပေါ် မူတည်၍ တမျိုးလျှင် ကျပ် ၅ ထောင်မှ ၁ သောင်းနီးပါးအထိ ဈေးတက်သွားကြောင်း သိရသည်။

ဈေးနှုန်းများတက်ခြင်းသည် သယ်ယူစရိတ် ကြီးမြင့်သွားကြောင့်ဖြစ်ပြီး ယခင်က ကျပ် ၁ သောင်းခွဲတန် ပစ္စည်းတခုသည်ယခုအခါ ကျပ် ၂ သောင်းခန့်အထိ မြင့်တက်သွားကြောင်း နယ်စပ်မှတဆင့် လျှပ်စစ်ပစ္စည်းများ တင်သွင်းနေသည့် ကုန်သည်တဦးက ဆိုသည်။ ဆက်လက်၍ ၎င်းက ပွင့်လင်းရာသီအထိ အရောင်းအ၀ယ် ပုံမှန် ဖြစ်မလာမည်ကို စိုးရိမ် သည်ဟုလည်း ဆက်ပြောသည်။

အခြေအနေ မကောင်းသည့် စီးပွားရေး လုပ်ငန်းအများစုမှာ အလတ်စားနှင့် အသေးစား လုပ်ငန်းများ ဖြစ်ပြီး အကြီးစား စီးပွားရေး လုပ်ငန်းများကို စစ်အစိုးရနှင့် နီးစပ်သူများက လက်ဝါးကြီးအုပ် ချယ်လှယ်နေသောကြောင့် ရွေးကောက်ပွဲ လွန်ကာလတွင် ထိုသို့ မဖြစ်ရေးအတွက် ကုန်သည်များက ကြိုတင်ညှိနှိုင်းမှုများ ရှိကြောင်းသိရသည်။

တချို့သော အလတ်စားလုပ်ငန်းရှင်များမှာ မိမိတို့၏ လုပ်ငန်းများကို ရွေးကောက်ပွဲလွန်ကာလအထိ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်းသိရသည်။

“ရပ်နေရင် ရပ်တဲ့လူပဲ နစ်နာမယ်၊ သွားတဲ့လူက သွားနေမှာပဲ။ ရွေးကောက်ပွဲ အလွန်မှာရော ဘာတွေဖြစ်လာနိုင်တယ် ဆိုတာဘယ်သူမှ သေသေချာချာ မပြောနိုင်သေးဘူး” ဟု စာရေးဆရာ ခင်မောင်ညို ( ဘောဂဗေဒ ) က ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်