ဦးပိုင် ကားဈေးကွက်ကို လက်ဝါးကြီးအုပ်

E-mail Print
မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် တရုတ် ကားထုတ်လုပ်ရေး ကုမ္ပဏီ ဒေါင်ဖန်း ကုမ္ပဏီတို့ ပူးပေါင်းပြီးနောက် ကားထုတ်လုပ်ရေး ဈေးကွက်အား လက်ဝါးကြီးအုပ် ခြယ်လှယ်လာကြောင်း ကားလုပ်ငန်းရှင်များက ပြောသည်။ 

CarModel009ဦးပိုင်လီမိတက်နှင့် ဒေါင်ဖန်း ကုမ္ပဏီ ဖက်စပ်ထုတ် မိုက်ခရိုဘတ်စ်ကားများကို သက်ဆိုင်ရာက စက်မှုဇုန်ထုတ်ကားဟု မသတ်မှတ်ဘဲ ပြည်ပမှ တိုက်ရိုက် တင်သွင်းလာသည့် ကားများကဲ့သို့ ရောက်ရှိ အက္ခရာနံပါတ် အတိုင်း ထုတ်ပေးမည်ဟု သတင်းရရှိသည်။

ယင်းသို့ ပြည်ပသွင်း ရောက်ရှိအက္ခရာနံပါတ် ထုတ်ပေးခြင်းသည် ပုဂ္ဂလိက ဖက်စပ်ကား ထုတ်လုပ်ရောင်းချသည့် ဈေးကွက် တွင် ပထမဆုံးဖြစ်ကြောင်း၊ ပြည်ပသွင်း ရောက်ရှိ နံပါတ်ရ သတ်မှတ်ကားများသည် စက်မှုဇုန်ထုတ် နံပါတ်ရ ကားများထက် ဈေးပိုမြင့်ကြောင်း ကားဈေးကွက် အသိုင်းအ၀ိုင်းက ပြောဆိုသည်။

ထို့အပြင် တခြားဖက်စပ်ကားများ ထုတ်လုပ်နေသည့် ကုမ္ပဏီများအနေနှင့် တင်ပြထားသည့် အရေအတွက်အတိုင်း ထုတ်လုပ် ခွင့် မရရှိသော်လည်း ဦးပိုင်လီမိတက်က ထုတ်လုပ်ခွင့်ရရှိသွားမည်ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ဖက်စပ်ပေါင်းပြီးထုတ်နေတဲ့ တခြားကားကုမ္ပဏီတွေ ရှိတော့ ဦးပိုင်ကို ပေးပြီး တခြား ကုမ္ပဏီတွေ မပေးတာကတော့ နောက် ဆက်တွဲ ပြဿနာဖြစ်လာနိုင်တယ်။ ဦးပိုင်အရှိန်နဲ့ ဆိုတော့ အားလုံးက မကျေနပ်ပေမယ့် မတတ်နိုင်ဘူးလေ။  ဥပမာ ၂၀၀၉- ၂၀၁၀ နှစ်ထဲမှာ အစီး ၁၀၀ ထုတ်မယ်လို့ အရေအတွက် တင်ပြထားတာကို တခြားကားကုမ္ပဏီတွေက တင်ပြတဲ့အတိုင်း ထုတ်ခွင့် ရချင်မှ ရပေမယ့် ဦးပိုင်ကတော့ တင်ပြတဲ့ အတိုင်းထုတ်ခွင့်ရမယ်”ဟု ၎င်းက ဆိုသည်။

ပြည်တွင်းစက်မှုဇုန်တခုတွင် လိုက်အေ့စ်၊ မှန်လုံကားနှင့် အိမ်စီး ဇိမ်ခံကားများကို တရုတ် ကုမ္ပဏီ တခုနှင့် ဖက်စပ် ထုတ်လုပ် နေသော်လည်း သက်ဆိုင်ရာက စက်မှုဇုန်ထုတ် နံပါတ် ပေးကြောင်း လုပ်ငန်းရှင် တဦးက လည်း ပြောသည်။

“ကျနော်တို့ ကုမ္ပဏီကလည်း တရုတ်နဲ့ ဖက်စပ်ထုတ်နေတာပဲ။ ဇုန်ထုတ်နံပါတ်ပဲ ပေးတယ်။ တရားမ၀င် ပိုက်ဆံပေးပြီး  လက်ရှိ အက္ခရာရနေတဲ့ လူတွေလည်းရှိတယ်”ဟု အဆိုပါ လုပ်ငန်းရှင်က ဆိုသည်။

ကညန တာဝန်ရှိသူက ဆက်လက်၍“စက်မှု ၂ ကထုတ်နေတဲ့ Grand Tiger ၊ ၀က်ဂွန်တို့ဆို လက်ရှိ အက္ခရာနံပါတ် ရတယ်၊ အရေအတွက် ကြိုက်သလောက် ထုတ်ခွင့်ရှိတယ်။ ဇုန်နံပါတ်က ဈေးပေါ တယ်။ လက်ရှိ အက္ခရာက ဈေးကြီးတယ်။ ဇုန်ထုတ်ကားဆိုပေမယ့် အပြင်ပန်းကြည့်ရင် နိုင်ငံခြားက အခုမှ သွင်းလာတဲ့ ကားလို ဒီဇိုင်းက မိုက်တော့ လက်ရှိ အက္ခရာ တပ်ပြီး နိုင်ငံခြားက သွင်းလာတဲ့ကားလို မြှင့်ရောင်းတာမျိုးတွေ လုပ်လို့ရတယ်”ဟု ရှင်းပြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အရာရှိတဦးကလည်း“အရင်တုန်းက FMI ကုမ္ပဏီနဲ့ ဆူဇူးကီးနဲ့ ဖက်စပ် ထုတ်တုန်းက ဆူဇူးကီး ကုမ္ပဏီဖြစ်တာကြောင့်ဆိုပြီး ပြည်ပက သွင်းလာတဲ့ အက္ခရာ ပေးခဲ့ဖူးတယ်။ တရားမ၀င် အနေနဲ့ နီးစပ်တဲ့ သူတွေရယ်၊ ပိုက်ဆံ သိန်းချီ ထိုးပေးနေတဲ့ လူတွေကို ပေးထားတာ ရှိခဲ့ဖူးတယ်”ဟု ပြောသည်။

ရန်ကုန်မြို့မှ ကားဝယ်ရောင်း လုပ်ကိုင်နေသူတဦးကမူ သတ်မှတ်စည်းကမ်းအတိုင်း ကားနံပါတ်များကို တိတိကျကျ ထုတ်ပေး သင့်သည်ဟု ပြောဆိုသည်။

“ဈေးကွက်ထဲမှာကတော့ ဇုန်ထုတ် ကားစီးတဲ့ သူရယ်၊ ပြည်ပက တိုက်ရိုက်ဝင်လာတဲ့ ကား စီးတဲ့ သူရယ် သီးသန့်ရှိတယ်။ ဇုန်ထုတ်ကား ဘယ်လောက်ကောင်းကောင်း တရုတ်ပစ္စည်းပဲ ဖြစ်ဖြစ် ၊ ဂျပန်ပစ္စည်းပဲ ဖြစ်ဖြစ် ပြည်ပ ကားရဲ့ အရည်အသွေးကို မမီနိုင်ပါဘူး။ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း နံပါတ်ပြားတွေ တိတိကျကျ ထုတ်ပေးသင့်တယ်။ ဇုန်နံပါတ်ပြား ရထားပြီး ဒီနံပါတ်ပြားကို တခြားကားမှာ ကပ်ပြီးစီးတာက တရားမ၀င် ပြဿနာတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။

မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က တရုတ် ဒေါင်ဖန်း ကုမ္ပဏီနှင့် ပူးပေါင်း၍ မိုက်ခရိုဘတ်စ် ကားများကို ထုတ်လုပ်ရာ ယင်းကားများကို ရွှေပြည်သာ စက်မှုဇုန်ရှိ Rammar ကုမ္ပဏီမှ တပ်ဆင်ထုတ်လုပ်ပေးနေကြောင်း သိရသည်။

ဒေါင်ဖန်း တရုတ်ကုမ္ပဏီမှ ထုတ်လုပ်သည့် ကားကြီးများကို စစ်တပ်တွင်လည်း အသုံးပြုသည်။

Rammar ကုမ္ပဏီ၏ ပြီးခဲ့သည့် ဇွန်လအတွင်း ပြုလုပ်ခဲ့သော ကားပြပွဲတွင် ငွေကြိုပေးစနစ်ဖြင့် မိုက်ခရိုဘတ်စ်ကား ၀ယ်ယူမှု အစီး ၁၀၀၀ ခန့်ရှိခဲ့သည်ဟု သိရသည်။

လက်ရှိ ဈေးကွက်တွင် မိုက်ခရိုဘတ်စ်(ဇုန်ထုတ်ကား)သည် ကျပ် သိန်း ၃၀၀ ၀န်းကျင်ခန့် ရှိပြီး မိုက်ခရိုဘတ်စ် အမျိုးအစား (ဂျပန်မှ တင်သွင်း)သည် ကျပ် သိန်း ၆၅၀ ခန့်ရှိကြောင်း၊ မော်ဒယ်အလိုက် ဈေးနှုန်းနိမ့်သွားကြောင်း ရန်ကုန် ကျောက်မြောင်း မြို့နယ်ရှိ ကား ၀ယ်ရောင်း လုပ်ကိုင်နေသူတဦးက ပြောသည်။

“စက်မှုဇုန်ထုတ် ကားတွေရယ်၊ ဟိုတလောက အခွန်ဆောင်ပြီး ခွင့်ပြုလိုက်တဲ့ ကားတွေကြောင့် ကားဈေးကွက်ကတော်တော် နာလန် မထူဘူးဖြစ်နေတယ်။ အရင်တုန်းက ကျပ် သိန်း ၁၄၀၀ လောက်တန်တဲ့ မတ်တူး ရွှေငါး ကား က အခု သိန်း ၈၀၀ ၊ ၈၅၀ လောက်ပဲ ရှိတော့တယ်။ ကားတိုင်း ထက်ဝက်လောက် ဈေးကျသွားတယ်”ဟု ၎င်းက ဆိုသည်။

မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းများ၊ ကား တင်သွင်းခွင့်၊ ဓာတ်ဆီလုပ်ငန်း အပါအ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားကို လက်ဝါးကြီးအုပ်ပြီး အထူးအခွင့် အရေးရရှိက စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။

အိန္ဒိယနိုင်ငံရှိ ကားထုတ် လုပ်သည့် TATA Motors ကုမ္ပဏီနှင့် အမှတ် (၂) စက်မှု ၀န်ကြီးဌာနတို့ ပူးပေါင်း၍လည်း တနှစ်လျှင် ဆလွန်းကား အစီးရေ တသောင်းခန့် ထုတ်ရန် စီစဉ်မှုများပြုလုပ်နေသည်။

စစ်အစိုးရနှင့် ဖက်စပ်လုပ်ကိုင် နေသည့် မြန်မာ ဆူဇူကီးကား ထုတ်လုပ်ရေး လုပ်ငန်းတွင် တိုယိုတာ ကားကုမ္မဏီကြီး၏ ကုမ္ပဏီခွဲ တခုဖြစ်သော Toyota Tsusho Corp (TTC) က ဆက်လက် ရင်းနှီးမြုပ်နှံမှု ဆက်လက်မပြုလုပ်တော့ကြောင်း မကြာသေးမီက ရိုက်တာ သတင်း တရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရ၏ အခွန်အခနှုန်း ကြီးမြင့်မှု၊ လာဘ်စားမှု၊ တင်းကျပ်သည့် စည်းကမ်းစနစ် ထားရှိမှုများကြောင့် ကားဈေးနှုန်းမှာ နိုင်ငံတကာ ပေါက်ဈေးထက် အဆပေါင်းများစွာမြင့်မားလျက်ရှိပြီး စစ်အစိုးရနှင့်နီးစပ်သော ကား တင်သွင်း ခွင့် ရရှိသူတချို့ပိုင်ဆိုင်သောကားများမှလွဲ၍ ပြည်တွင်းသုံး ကားအများစုမှာ မော်ဒယ်နိမ့် ကားများသာဖြစ်သည်ဟု သုံးစွဲသူ များက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်