အစိုးရပိုင် ပြည်ပအလုပ်အကိုင်အေဂျင်စီ စတင်

E-mail Print
အလုပ်သမား ၀န်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနက မြန်မာနိုင်ငံမှ အလုပ်သမားများကို ပြည်ပနိုင်ငံများသို့ ပို့လွှတ်နိုင်ရန် အစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီကို ထူထောင်လိုက်ကြောင်း သတင်းရရှိသည်။

အလုပ်သမားညွှန်ကြားရေးဦး စီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အပါအ၀င် အဆိုပါဦးစီးဌာနရှိ အရာရှိများက အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ၏ တာဝန်ရှိသူများအဖြစ်ဆောင်ရွက်ပြီး ပြည်ပနိုင်ငံ များသို့ မြန်မာအလုပ်သမားများ စေလွှတ်မည်ဖြစ်ကြောင်း သိရှိရသည်။

အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီသည် ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တွင် တည်ရှိသည်။

ယခုအခါ တောင်ကိုရီးယားနိုင်ငံသို့ EPS (Employment Permit System) စနစ်ဖြင့် မြန်မာအလုပ်သမားများ စေလွှတ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟု အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ပိုင် ရွှေအင်းဝကုမ္ပဏီနှင့် ကိုရီးယားလူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးမှုဌာနအကြား ပြဿနာဖြစ်ပွားခဲ့မှုကြောင့် ကိုရီးယားနိုင်ငံသို့ လုပ်သားပို့ဆောင်မှုများ ရပ်ဆိုင်းသွားခဲ့ရာ ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ အောင်မြင်သူ မြန်မာ ၂၀၀၀ ကျော် တောင်ကိုရီးယားနိုင်ငံသို့ မသွားရောက် နိုင်တော့ကြောင်း သိရသည်။

ယခုအခါ ရွှေအင်းဝ ကုမ္ပဏီအစား အလုပ်သမားဝန်ကြီးဌာန၏ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီက ဆောင်ရွက်ကာ မြန်မာအလုပ်သမားများကို တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်စေလွှတ်မည် ဖြစ်ကြောင်း နေပြည်တော် အလုပ်သမား ၀န်ကြီးဌာနမှ အစိုးရအရာရှိတဦးက ရှင်းပြသည်။

“အရင် ကိုရီးယားစာမေးပွဲ အောင်မြင်ခဲ့တဲ့သူ ၂၀၀၀ ကျော်ထဲက ကိုရီးယားသွားချင်တဲ့သူတွေကို လျှောက်လွှာ ပြန်တင်ခိုင်း တယ်။ အဲဒီလူတွေကို တောင်ကိုရီးယား သွားနိုင်အောင် လုပ်ပေးမယ်။ အဲဒီ လူတွေပြီးရင် နောက်ပိုင်း လူသစ်တွေကိုလည်း စာမေးပွဲ စစ်ပေးတာ၊ ကိုရီယားလွှတ်တာတွေကို ရန်ကုန်မှာရှိတဲ့ ကိုရီးယားလူ့စွမ်းအား ရင်းမြစ်ဖွံ့ဖြိုးရေး ဌာနနဲ့ ဆောက်ရွက် သွားဖို့ ရှိပါတယ်” ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ၀န်ထမ်းတဦးက ပြောသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီသည် မြန်မာအစိုးရနှင့် ပြည်ပအစိုးရများအကြား အစိုးရအဆင့် (Government to Government) မြန်မာအလုပ်သမားများ စေလွှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာများ ရေးထိုးပြီး မြန်မာလုပ်သားများ ပြည်ပနိုင်ငံများသို့ စေလွှတ်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတဆင့် နိုင်ငံရပ်ခြားသို့ သွားရောက်အလုပ်လုပ်ကိုင် လိုသူများအနေနှင့် လုပ်ဆောင်ရန် အဆင့်ဆင့်နှင့် ကုန်ကျစရိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီ ပိုင်ရှင်တဦးက အစိုးရပြည်ပအလုပ်အကိုင် အေဂျင်စီအနေနှင့် တောင်ကိုရီးယား နိုင်ငံသို့ မြန်မာအလုပ်သမား စေလွှတ်ခြင်းကြောင့် ဈေးကွက်ထိခိုက်နိုင်ဖွယ် မရှိသော်လည်း အေဂျင်စီအများစု လုပ်ကိုင်လျက် ရှိသော မလေးရှား အလုပ်အကိုင်ဈေးကွက်ကိုပါ အစိုးရအေဂျင်စီက ၀င်ရောက် လုပ်ကိုင်လျှင် ပြည်ပအလုပ်အကိုင် ကုမ္ပဏီများ စီးပွားရေးထိခိုက်မည်ဖြစ်ကြောင်း ပြောသည်။

၂၀၀၈ ခု နှစ်ကုန်ပိုင်းက တောင်ကိုရီးယားနှင့် မြန်မာအစိုးရအကြား မြန်မာအလုပ်သမားများ ကိုရီးယားနိုင်ငံ တရားဝင် သွားရောက်နိုင်ရေး နားလည်မှုစာချွန်လွှာ စတင်ရေးထိုးခဲ့သည်။

ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှုနှင့် ၀င်ငွေလစာနည်းပါးမှုတို့ကြောင့် မလေးရှား၊ ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့
မြန်မာအလုပ်သမားရာပေါင်းများစွာ နေ့စဉ် တရားဝင်နှင့် တရားမ၀င်လမ်းကြောင်းများမှတဆင့် ထွက်ခွာလျက်ရှိကြောင်း ရန်ကုန်ပြည်ပ အလုပ်အကိုင်အေဂျင်စီများက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်