ရခိုင်ကမ်းရိုးတန်း မုန်တိုင်းဝင်နိုင်

E-mail Print
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် လာမည့် ၃၆ နာရီအတွင်း မုန်တိုင်း ၀င်ရောက်လာ နိုင်ကြောင်း အာဏာပိုင်များက အသံချဲ့စက်များဖြင့် ယနေ့နံနက်ပိုင်းက လိုက်လံ သတိပေး နေကြောင်း သိရသည်။

Myanmar-Climate-Change-Watch အဆိုပါ မုန်တိုင်းငယ်သည် တနာရီလျှင် မိုင် ၄၀ နှုန်း တိုက်ခတ်နိုင်ပြီး ရခိုင်ကမ်းရိုးတန်းတလျောက် ဖြတ်သွားနိုင်သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားကြောင်း ကျောက်ဖြူမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။

“တနာရီ မိုင် ၄၀ လို့တော့ ပြောတယ်။ ဒါပေမယ့် ဒီလောက်အဆင့်ကတော့ ဒေသခံတွေက သိပ်မစိုးရိမ်ပါဘူး” ဟု ၎င်းက ဆိုသည်။

မုန်တိုင်းငယ်သည် မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာန အဆင့်သတ်မှတ်ချက်အရ လိမ္မော်ရောင်အဆင့်ရှိကြောင်း၊ ပင်လယ်ပြင်သို့ ငါးဖမ်းထွက်မည့် စက်လှေများ၊ ခရီးသည်တင် ရေယာဉ်များကို ပင်လယ်ပြင်သို့ မထွက်ရန် သတိပေးထားကြောင်း သိရသည်။

မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အငြိမ်းစား ညွန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းလွင်ကလည်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းသည် ယနေ့နံနက်တွင် မုန်တိုင်းငယ် အဆင့်သို့ရောက်ရှိလာကြောင်း ပြောသည်။

အဆိုပါ မုန်တိုင်းသည် တနာရီလျှင် ၅၅ မိုင်နှင့် မိုင် ၆၀ ကြားတိုက်ခတ်နိုင်ပြီး သောကြာနေ့ ညနေ ၆ နာရီခွဲခန့်တွင် ရခိုင်ကမ်းရိုးတန်းသို့ ၀င်ရောက်လာနိုင်သည်ဟု ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။

ယနေ့ထုတ် စစ်အစိုးရ သတင်းစာတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာအနှံ့အပြားနှင့် ကျန်ပြည်နယ်နှင့် တိုင်းများတွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပြီး ရခိုင်ပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်း ၈၀ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုရက်ပိုင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းသည့်အတွက် ပဲခူးတိုင်း လက်ပံတန်းမြို့နယ်ရှိ လယ်ကွင်းများ ရေမြုပ်ပြီး သီးနှံများပျက်စီး ကြောင်းသိရသည်။

လက်ပံတန်းမြို့နယ်ရှိ လယ်သမား ဦးကျော်မင်းက “လယ်ကွင်းတွေ ရေမြုပ်နေပြီ။ စပါးတွေလည်း ရေထဲမှာပဲရိတ်ပြီး ရေလွတ်တဲ့ တာပေါင်တွေပေါ် တင်နေကြတယ်” ဟု ပြောသည်။

ယခုကာလသည် ရိတ်သိမ်းရမည့်အချိန် ဖြစ်သည့်အတွက် အဆိုပါ စပါးများကို ချက်ချင်းရိတ်သိမ်းပြီး ရေလွတ်သည့် နေရာများသို့ ကျွဲလှည်းများ၊ ထော်လာဂျီများ၊ စက်ဘီးများဖြင့် ပို့ဆောင်နေရကြောင်း၊ လမ်းများလည်း ပျက်စီးနေသည့်အတွက် ပိုမို ခက်ခဲစွာ သယ်ယူနေရကြောင်း ၎င်းက ဆိုသည်။

ရေမြုပ်စပါးခင်းများမှ စပါးများ အညှောင့်ပေါက်လာမည် ကိုစိုးရိမ်ရသည့်အတွက် အမြန်ဆုံးရိတ်သိမ်း၊ စက်များဖြင့် ချွေလှေ့ပြီး ဆန်စက်များသို့ ဈေးလျှော့ကာ ရောင်းချနေရကြောင်း ဦးကျော်မင်းက ဆက်လက်ရှင်းပြသည်။

လက်ရှိ ရိတ်သိမ်းထားသည့်  စပါးများ ပေါက်ဈေးမှာ တတင်းလျှင် ကျပ် ၃ သောင်း ဖြစ်ကြောင်း သိရသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်းအတွင်းရှိ မတ္တရာမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ မိတ္ထီလာမြို့နယ်နှင့် မုံရွာမြို့ရှိ ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေ လျှံမှုများ ဖြစ်ပေါ်ကြောင်း၊ မန္တလေးမြို့တွင် အိမ်ထောင်စု ပေါင်း ၁၁၀၀၀ ခန့်ကို ဒုက္ခသည် စခန်းပေါင်း ၂၃ ခု ဖွင့်လှစ်ပြီး ထမင်းထုတ်၊ ခေါက်ဆွဲခြောက်ထုတ်နှင့် ရေသန့်ဘူး အစရှိသည်များကို ဝေငှခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်နေ့ထုတ် စစ်အစိုးရသတင်း စာတွင် ဖော်ပြထားသည်။

ယခုအခါ ထိုဒေသများတွင် ရေကျသွားပြီဖြစ်သော်လည်း ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်နေကြောင်း ကယ်ဆယ်ရေး လုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံတဦးက ဆိုသည်။

ထို့အပြင် အမရပူရမြို့နယ်တွင်လည်း မန္တလေးမြို့အတွင်း ကျန်ရစ်နေသည့် ရေများကို ရေစုပ်စက်ကြီးများဖြင့် စုပ်ထုတ်ခြင်း၊ တောင်သမန်အင်းမှ ရေများကို ပြင်ပသို့ မစီးဆင်းနိုင်အောင် ပိတ်ဆို့ထားခြင်းကြောင့် အမရပူရမြို့နယ်အတွင်းရှိ ပေါက်ပေါက်တန်း၊ ကြံတန်း၊ တိုးချဲ့ (၁)၊ (၂)၊ (၃) ရပ်ကွက်များတွင် ရေမြုပ်နေပြီး အိမ်ထောင်စု ၆၀၀ ခန့် ရေဘေးသင့်ခဲ့ကြောင်း အဆိုပါ ကယ်ဆယ်ရေး လုပ်ကိုင်သူက ပြောဆိုသည်။

“ဒီအရပ်တွေက အခါတိုင်းလည်း ရေမြုပ်နေကြပဲ။ ဒါပေမယ့် ဒီနှစ်ကတော့ ပိုပြီးဆိုးတယ်။ ရေမြုပ်ရပ်ကွက်တွေကတော့ အကူအညီပေးဖို့ အကြောင်းကြားထားတယ်” ဟု ၎င်းက ပြောသည်။

ရေဘေးသင့်ခဲ့သည့်အတွက် ထိုဒေသနေပြည်သူများ လုပ်ငန်းများရပ်ဆိုင်း၍ စားဝတ်နေရေး အခက်အခဲရှိကြောင်း၊ ရေကျသွားလျှင်ပင် ရေသန့်ရရေး၊ အိမ်သာသန့်ရှင်းရေး စသည့် ကျန်းမာရေး အခက်အခဲများရှိကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် ဒုဋ္ဌ၀တီမြစ်ကို ပိတ်၍ တည်ဆောက်ထားသည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်း ရေလှောင်တမံအတွင်း ရေလှောင်ဧရိယာ များပြားသည့်အတွက် ရေထိန်းတမံများ ကျိုးကျနိုင်သည်ဟူသော အတည်မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်လာသေးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်