ဂီရိမုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေး

E-mail Print
“တမြို့လုံးက အမှိုက်ပုံကြီး လိုပါပဲ။ လမ်းတော်တော် များများကလည်း အပျက်အစီးတွေနဲ့ ပိတ်နေတုန်းပါပဲ”ဟု မြန်မာပြည် အနောက်ဘက် ရခိုင် ကမ်းရိုးတန်း ဂီရိမုန်တိုင်းသင့် မြို့နယ်များအနက် အဆိုးဝါးဆုံး ခံခဲ့ရသော မြေပုံမြို့နယ် အတွင်း မုန်တိုင်း ဒုက္ခသည်များအတွက် ဒေသခံ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးလုပ်နေသူ ကိုထွန်းနိုင်က ဧရာဝတီသို့ ပြောပြသည်။

Giri-7“မုန်တိုင်းသင့်ပြည်သူတွေမှာ တာပေါ်လင်စနဲ့ဆန် အရေးပေါ်လိုအပ်နေပါတယ်”ဟု ကိုထွန်းနိုင်က ဆက်လက် ပြောကြား လိုက်ပြီး ၎င်းတို့အဖွဲ့အနေဖြင့် လူတဦးစီအတွက် ဆန်နို့ဆီဘူး ၅ ဘူးခန့်သာ ကူညီပေးနိုင်သည်ဟုလည်း ဆိုသည်။

တနာရီလျှင် လေတိုက်နှုန်း မိုင် ၁၂၀(ကီလိုမီတာ ၁၉၀ )နှုန်းဖြင့် မုန်တိုင်းအဆင့် ၄ ရှိသော ဂီရိမုန်တိုင်း ရခိုင်ပြည်နယ်သို့ ပြင်းပြင်း ထန်ထန် ၀င်ရောက်တိုက်ခတ်ပြီးခဲ့သည်မှာ ၁၀ ရက်ခန့် ရှိခဲ့ပြီဖြစ်သည်။ 

အစိုးရ သတင်းရပ်ကွက်များကို ကိုးကား၍ ထုတ်ပြန်သော ကမ္ဘာ့ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်အစီရင်ခံစာအရ မုန်တိုင်းကြောင့် သေဆုံးသူ ၄၅ ဦးအထိရှိပြီး အိမ်ခြေ ၁၅၀၀ လုံးဝ ပျက်စီးခဲ့ရသဖြင့် လူပေါင်း ၇၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားရသည်ဟု သိရ သည်။

သို့သော် အစိုးရက လူအသေအပျောက်နှုန်းနှင့် ပျက်စီးမှုပမာဏကို လျှော့ပေါ့ပြောဆိုသောကြောင့် မုန်တိုင်းသင့်ပြည်သူများ အကူ အညီ လုံလောက်စွာ မရရှိကြကြောင်း၊ အစိုးရ သတင်းမီဒီယာများတွင် လူ ၂၇ ဦးသေဆုံးသည်ဟု ဖော်ပြသော်ငြား ကြာသပတေး နေ့ အထိ မုန်တိုင်းကြောင့် အသက်ဆုံးရှုံးရသူပေါင်း လူ ၁၀၀ ထက်မနည်း ရှိကြောင်းလည်း ဒေသခံကယ်ဆယ်ရေးအဖွဲ့များက ဧရာဝတီသို့ ပြောပြသည်။

ရခိုင်ကမ်းရိုးတန်း ကမ်းလွန်ကျွန်းများရှိ မုန်တိုင်းဒဏ် အဆိုးဝါးဆုံးခံခဲ့ရသည့် မြို့နယ်များဖြစ်သော ကျောက်ဖြူ၊ ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်များတွင် ထောင်သောင်းချီသော မုန်တိုင်းသင့်ပြည်သူများသည် ဘုန်းတော်ကြီးကျောင်းများနှင့် အရေးပေါ် တဲများတွင် ယခုအချိန်အထိ နေထိုင်နေရဆဲဖြစ်သည်ဟု ထိုအဖွဲ့များက ပြောဆိုသည်။

သွားလာရန် ခက်ခဲလှသည့် မုန်တိုင်းသင့်ကျွန်းများရှိ ဒုက္ခသည်များထံသို့ အကူအညီများ အရောက်ပို့မပေးနိုင်မည့် အရေးအတွက် စိုးရိမ်မှုများရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် အစိုးရက ဒေသခံသတင်းထောက်များကို ဓာတ်ပုံရိုက်ခွင့် မပြုခြင်းနှင့် သတင်းမီဒီယာများတွင် မုန်တိုင်းသတင်းကို ဖော်ပြသည်မှာ အင်မတန်နည်းကြောင်း ဒေသခံများက ပြောဆိုသည်။

“တရွာလုံး လုံးဝ ပျက်စီးသွားခဲ့တဲ့ ရွာတွေက လူတွေ မြို့ပေါ်မှာ အစားအသောက် ဝေပေးတာကို လာယူကြတယ်။ သောက်ရေ က လည်း တော်တော်ကိုရှားနေပြီ။ အနီးအနားတောင်ကုန်းတွေကိုသွားပြီး ၀ါးကျည်တောက်တွေနဲ့ ဦးပဉ္ဇင်းတို့ ရေသွားခပ်ကြရတယ်” ဟု မြေပုံမြို့နယ် အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတိုက်မှ သံဃာတပါးက ဧရာဝတီသို့ မိန့်ကြားသည်။

ရန်ကုန်ရှိ UNOCHA ရုံး အကြီးအကဲ Thierry Delbreuve က မုန်တိုင်းကြောင့် ဆားငန်ရေများ ၀င်ရောက်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ တကာမှ အကူအညီပေးရေး လုပ်သားများ၊ ဒေသခံဝန်ထမ်းများ ပူးပေါင်း၍ မုန်တိုင်းသင့် ဒေသများ၌ ကူညီလုပ်ကိုင်လိုသည့် ဆန္ဒ ရှိကြောင်း ပြောကြားထားသည်။

“မုန်တိုင်းသင့်ပြည်သူတွေဆီကို အမေရိကန်ဒေါ်လာ၂သောင်းနဲ့ညီမျှတဲ့ ဆန်အကူအညီကျနော်တို့ ပေးခဲ့ပြီးပါပြီ၊ ဆန်အိတ် ၂၀၀ ပို့ပြီးပါပြီ။ နောက်ထပ် ဆန်အိတ် ၅၀၀ ထပ်ပို့ဖို့ရှိပါသေးတယ်”ဟု ရန်ကုန်အခြေစိုက် ရခိုင် သဟာယ အသင်း၏ တာဝန်ရှိသူ တဦး ကပြောပြသည်။

၂၀၀၈ ခုနှစ် မေလ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် ပြည်သူလူထု ၁၃၀၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရသည့် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့စဉ် ဒေသခံ လူမှုရေးအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်သကဲ့သို့ ယခုလည်း ပါဝင်လုပ်ကိုင်ကြ ခြင်းဖြစ်သည်။

လယ်လုပ်ငန်း၊ တံငါလုပ်ငန်းနှင့် အသက်မွေးမြူကြသော ရခိုင်ပြည်နယ် ကမ်းရိုးတန်းသားများအတွက် မုန်တိုင်းဟူသည်မှာ ဖြစ်ရိုး ဖြစ်စဉ်တခု ဖြစ်သော်လည်း အင်အားပြင်းထန်သော ဂီရိမုန်တိုင်းကြောင့် ရေမျက်နှာပြင် ၁၂ ပေ ခန့် မြင့်တက်လာခဲ့ပြီး ငါးဖမ်းပိုက် များနှင့် စိုက်ပျိုးသီးနှံများဆုံးရှုံးခဲ့ရသည့် ဒေသခံတချို့က ၎င်းတို့နေထိုင်ရာကို စွန့်ခွာရန်အထိ စဉ်းစားနေကြကြောင်း ကိုထွန်းနိုင် က ပြောသည်။

အစိုးရက အန်ဂျီအို အဖွဲ့များမှ နိုင်ငံခြားသားဝန်ထမ်းများကို မုန်တိုင်းသင့်ဒေသများဆီသို့ သွားရောက်ခွင့်မပြုဟူသော ပြောဆိုသံ များ ထွက်ပေါ်လာနေသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများအပေါ် အစိုးရက ၀င်ရောက်နှောင့်ယှက်ခြင်းနှင့် ပတ်သက်၍ ပြင်းပြင်းထန်ထန် ပြောဆိုခြင်းများ ထွက်ပေါ်လာခြင်းမရှိသေးပေ။

“အစိုးရနဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့ မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ လက်တွဲလုပ်ကိုင်ဆောင်ရွက်နေပါတယ်။ အခုအချိန် အထိတော့ ပြဿနာရယ်လို့ ဘာမှ မရှိသေးပါဘူး”ဟု ရန်ကုန်အခြေစိုက် နိုင်ငံတကာကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ တာဝန်ခံ ညှိနှိုင်းရေးမှူး ချမ်ဟွန်ချို က ပြောဆိုသည်။

သို့ရာတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဦးဆုံးအကြိမ်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် မုန်တိုင်းတိုက်ခဲ့ခြင်းဖြစ်ပြီး နာဂစ်မုန်တိုင်း နောက်ပိုင်း အပြင်ထန်ဆုံး သဘာဝဘေးအန္တရာယ် တခုလည်း ဖြစ်သည်။

ဂီရိမုန်တိုင်းတိုက်အပြီး ရက်အနည်းငယ်အကြာတွင် ရခိုင်ပြည်နယ်၏ အဓိကအင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(RNDP)က မုန်တိုင်းကြောင့် ပျက်စီးခဲ့သော မြို့နယ် ၃ မြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးရန် ရွေးကောက်ပွဲကောင်မရှင်သို့ စာရေးသား ပေးပို့ခဲ့သည်။ သို့သော် ယခုအချိန်အထိ မည်သို့သော တုံ့ပြန်မှု တစုံတရာ မရသေးကြောင်း သိရသည်။ 

“အခြေအနေတွက အရမ်းကို ဆိုးဝါးနေပါတယ်။ မုန်တိုင်းသင့်ပြည်သူတွေလိုအပ်တဲ့ လူသားချင်းဆိုင်ရာစာနာမှု လိုအပ်ချက် တွေ ကို ကျနော်တို့ မဖြည့်ပြီးသေးခင် ပြည်သူတွေ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ကြလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်လို့ မရပါဘူး၊ အစိုးရ အနေနဲ့ မုန်တိုင်းရဲ့အခြေအနေကို ပွင့်လင်းမြင်သာ ဆောင်ရွက်ပေးသင့်ပါတယ်”ဟု RNDP ပါတီ ဥက္ကဌ ဦးအေးမောင်က ပြောဆို သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်