ဆူဇူကီးဖလား ပြိုင်ပွဲ မြန်မာ့ လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည်

E-mail Print
၂၀၁၀ ဆူဇူကီးဖလား ပြိုင်ပွဲဝင်မည့် မြန်မာ့ လက်ရွေးစင် ဘောလုံး အသင်းသည် နိုဝင်ဘာ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့ မှ ပြိုင်ပွဲ ကျင်းပမည့် ဗီယက်နမ် နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရှိရသည်။

AFF-Suzuki-Cup-2010မြန်မာအသင်းမှာ အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂ ရက်နေ့တွင် အိမ်ရှင်ဗီယက်နမ်နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက်နေ့ တွင် စင်္ကာပူနှင့်လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် ဖိလစ်ပိုင်နှင့်လည်းကောင်း ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ယခု AFF Suzuki Cup 2010 ပြိုင်ပွဲကို အိမ်ရှင်အဖြစ် အင်ဒိုနီးရှားနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့က ပူးတွဲကျင်းပခြင်းဖြစ်ပြီး အုပ်စု နှစ်စု ခွဲ၍ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းမှာ အုပ်စု(ခ)တွင်ပါဝင်ပြီး အိမ်ရှင် ဗီယက်နမ်၊ စင်္ကာပူ၊ ဖီလစ်ပိုင် တို့နှင့် ယှဉ်ပြိုင်ကစားရခြင်းဖြစ်သည်။ အုပ်စု(က)တွင်မူ အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှားနှင့် လာအို တို့ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် အသင်း နည်းပြချုပ် ဦးတင်မြင့်အောင်က“ဆူဇူကီး ဖလားပြိုင်ပွဲအတွက် အထူးအာရုံစိုက်ထားပါတယ်၊  ခေါင်းထဲမှာ လက်ရွေးစင်အသင်း အတွက်သာ ရှိနေပါတယ်”ဟု ဧရာဝတီ သို့ ပြောသည်။

မြန်မာ့ လက်ရွေးစင် အသင်း ကစားသမားများအား ပြီးခဲ့သည့် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲက စွမ်းဆောင်နိုင်မှု၊ ပြီးခဲ့သည့် နိုင်ငံ တကာပွဲများတွင် စွမ်းဆောင်နိုင်မှု၊ လက်ရှိခြေစွမ်းကောင်းမွန်မှုတို့ကို သုံးသပ်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြော ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းတွင် လက်ရှိ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ထားခြင်း မရှိသေးသော်လည်း ခင်မောင်လွင် ၊  ဇော်လင်းထွန်း-၂ နှင့် ရန်ပိုင်တို့ကို လျာထားသည်ဟု သိရသည်။ အသင်းအား အမှန်တကယ် ဦးဆောင်နိုင်သူကို အသင်း ခေါင်းဆောင် အဖြစ် ခန့်အပ်မည်ဟု နည်းပြချုပ် ဦးတင်မြင့်အောင်က ဆိုသည်။

မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် ဆူဇူကီး ပြိုင်ပွဲအတွက် လေ့ကျင့်ခွင့်ရသည့် အကြိမ် ၂၂ ကြိမ်ရှိခဲ့ပြီး အချိန်အားဖြင့် ၂၃ နာရီ ခန့် ရှိခဲ့သော်လည်း လုံလောက်မှုရှိသည့် လေ့ကျင့်ချိန်မဟုတ်ကြောင်းလည်း နည်းပြချုပ် ဦးတင်မြင့်အောင်က ပြောပြသည်။

လက်ရှိမြန်မာအသင်းမှာ အတောင့်တင်းဆုံး ကစားသမားများကို အကောင်းဆုံးရွေးချယ်ထားပြီး အောင်မြင်မှုရရှိလိမ့်မည်ဟု ယုံကြည်မှု အပြည့်ရှိနေကြကြောင်း သိရသည်။

ဆူဇူကီး ဖလားပြိုင်ပွဲများတွင် မြန်မာအသင်း အနေဖြင့် ၂၀၀၄ ခုနှစ်က အဆင့် ၄ နေရာ ရရှိခဲ့ဖူးပြီး ကစားသမား အောင်မြင်မှု အနေဖြင့် ၂၀၀၈ ခုနှစ်က တိုက်စစ်မှူး မျိုးလှိုင်ဝင်းက သွင်းဂိုး ၄ ဂိုးဖြင့် ဂိုးအများဆုံး သွင်းသူ ဖြစ်ခဲ့ဖူးသည်။

ဆူဇူကီး ဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်က စတင်ကာ အာရှဘောလုံးအဖွဲ့ချုပ်က ၂ နှစ်လျှင် တကြိမ် ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး  ထိုအချိန်က တိုက်ဂါးဘီယာမှ စပွန်ဆာပေးသည့်အတွက်  တိုက်ဂါးဖလားပြိုင်ပွဲဟု ခေါ်ဝေါ်ခဲ့ကြသည်။ ထို့နောက် တိုက်ဂါး ဘီယာမှာ ၂၀၀၅ ခုနှစ်အထိသာ စပွန်ဆာပေးခဲ့သည့်အတွက် ASEAN Football Championship ပြိုင်ပွဲ ဟု အမည်ပြောင်း လဲ ခေါ်ခဲ့ပြန်သည်။ ၂၀၀၈ ခုနှစ်တွင် ဂျပန် ဆူဇူကီး ကားထုတ်လုပ်ရေး ကုမ္ပဏီ က စပွန်ဆာပေး ပြန်သည့်အတွက် ယခုအချိန်ထိ AFF Suzuki Cup ဟု ခေါ်ဝေါ်သုံးစွဲနေလျက်ရှိကြောင်း သိရသည်။

ဆူဇူကီး ဖလားပြိုင်ပွဲ သမိုင်းတွင် ထိုင်းနိုင်ငံ နှင့် စင်္ကာပူနိုင်ငံတို့မှာ အောင်မြင်မှုအရရှိဆုံး အသင်းများဖြစ်ပြီး ၃ ကြိမ်စီ ဆုဖလား ရရှိ ထားသည်။ ယခု ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပသော ဗီယက်နမ်နိုင်ငံမှာ ၂၀၀၈ ခုနှစ်က ဆုဖလားတကြိမ် ရရှိပြီး ကျန် အသင်းများမှာ ဆုဖလားရရှိခဲ့ဖူးခြင်း မရှိချေ။

ယခု ၂၀၁၀ ဆူဇူကီး ဖလားပြိုင်ပွဲကို အင်ဒိုနီးရှား၊ မြန်မာ၊ မလေးရှား၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့မှာ ပြီးခဲ့သည့် ပြိုင်ပွဲရလဒ် များကြောင့် တိုက်ရိုက်ဝင်ခွင့်ရခဲ့ပြီး လာအိုနှင့် ဖိလစ်ပိုင်တို့မှာ ကမ္ဘောဒီးယား၊ အရှေ့တီမောတို့နှင့် ခြေစစ်ပွဲယှဉ်ပြိုင်ပြီးမှ အုပ်စု အဆင့်ကို တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

မြန်မာ့ လက်ရွေးစင်အသင်းအတွက် လက်ရှိရွေးချယ်ထားသည့် ကစားသမားများမှာ ဂိုး- သီဟစည်သူ၊ ကျော်ဇင်ထက်၊ ညီညီလွင်၊ နောက်တန်း- ဇော်လင်းထွန်း-၂၊ ခင်မောင်လွင်၊ ခင်မောင်ထွန်း၊ ၀င်းမင်းထွဋ်၊ ရန်အောင်ဝင်း၊ အေးဆန်း၊ ကျော်ခိုင်ဝင်း၊ မိုးဝင်း၊ ဉာဏလွင်၊ အလယ်တန်း-ကျော်ဇေယျာဝင်း၊ အောင်ကျော်မိုး၊ အောင်မျိုးသန့်၊ မျိုးမင်းထွန်း၊ ရာဇာဝင်းသိန်း၊ ပိုင်စိုး၊ ရှေ့တန်း- ထွန်းထွန်းဝင်း၊ မိုင်းအိုက်နိုင်၊ ရန်ပိုင်၊ ကျော်ကိုကို တို့ဖြစ်ကြောင်းသိရသည်။

အဆိုပါ လူစာရင်းတွင် ပြီးခဲ့သည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲက ခြေစွမ်းပြခဲ့သော ရန်ကုန် ယူနိုက်တက်အသင်း ကွင်းလယ်လူ ဒေဗစ်ထန်း နှင့် ကမ္ဘောဇ အသင်း တိုက်စစ်မှူး စိုးမင်းဦး တို့အား ရွေးချယ်မှုမပြုဘဲ နောက်တန်းများကိုသာ အဓိက ရွေးချယ်ထား၍ ဝေဖန်မှုများလည်း ခံနေရသည်။

မြန်မာအသင်း၏ အုပ်ချုပ်မှုအဖွဲ့တွင် အုပ်ချုပ်သူ ဦးခင်မောင်ကြိုင်၊ နည်းစနစ်အကြံပေး ဦးတင်ဟန်၊ နည်းပြချုပ် ဦးတင်မြင့်အောင်၊ လက်ထောက် နည်းပြ ဦးဆန်းဝင်း၊ ဦးဇော်ဝင်းထွန်း၊ ဂိုး နည်းပြ ဦးအောင်ကျော်ကျော်၊ ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုးကျော်၊ လုံခြုံရေးမှူး ဦးအေးချို၊ ကျန်းမာရေးမှူး ဦးစစ်လင်းကို၊ ဓာတ်ပုံဆရာ အောင်ဘိုမြင့် တို့ လိုက်ပါသွားမည်ဖြစ်ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်