ဂျာနယ်ကိုယ်စားပြု ကော်မတီမှ Eleven Media Group နုတ်ထွက်

E-mail Print
မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာပေစိစစ်ရေးတို့နှင့် တွဲဖက် လုပ်ဆောင်မည့် မကြာသေးမီက ဖွဲ့စည်းလိုက်သော ဂျာနယ်ကိုယ်စားပြု ကော်မတီ Committee for Professional Conduct (CPC) မှ Eleven Media Group နုတ်ထွက်လိုက်ကြောင်း သိရသည်။

pyin_nar_yaeထိုသို့ နုတ်ထွက်ရခြင်းနှင့် ပတ်သက်၍ Eleven Media Group ၏ ဝက်ဘ်ဆိုဒ်မှတဆင့် သတင်းထုတ်ပြန်ချက်တွင် အမှုဆောင် အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်က “နေရာရလာရင် ကပ်ပါးရပ်ပါးလုပ်ပြီး အခွင့်အရေးယူဖို့ပဲ ကြည့်နေတဲ့သူတွေ၊ စာနယ်ဇင်းကျင့်ဝတ်ကို ဖောက်ဖျက်ပြီး အကျင့်သိက္ခာဆိုးနဲ့ ကျော်ကြားတဲ့သူတွေ ဒီအဖွဲ့ထဲမှာ များနေရင် ဒီအဖွဲ့အပေါ် အစိုးရရော၊ ပြည်သူလူထုပါ ယုံကြည်လေးစားမှုရှိမှာ မဟုတ်သလို ဒီအဖွဲ့ရဲ့ရည်မှန်းချက်တွေလည်း အောင်မြင်မှာ မဟုတ်ပါဘူး” ဟု ပြောထားသည်။

Eleven Media Group က တင်ပြထားသော အချက် ၆ ချက်အတိုင်း ဖွဲ့စည်းပုံကို မပြင်ဆင်လျှင် ပူးပေါင်းမည် မဟုတ်ကြောင်း၊  ယနေ့တွင် နုတ်ထွက်စာကို စာပေစိစစ်ရေးသို့ ပေးပို့လိုက်ကြောင်း သိရသည်။

တင်ပြထားသည့် အချက် ၆ ချက်တွင် အကြမ်းအားဖြင့် စာနယ်ဇင်းကျင့်ဝတ်ကို လိုက်နာသူဖြစ်ရန်၊ နာမည်ပျက်မရှိရန်၊ စာနယ်ဇင်း လောကသားများအပေါ် ကာကွယ်လိုစိတ်ရှိရန်၊ သဘောထား ပျော့ပျောင်းရန်၊ ပုဂ္ဂိုလ်ရေးကို ရှေ့တန်းမတင်ရန်နှင့် အစိုးရ၊ နိုင်ငံရေးပါတီ၊ စီပွားရေးလုပ်ငန်း၊ သံရုံးနှင့် NGO များထံမှ အထောက်အပံ့ မယူသူဖြစ်ရန်တို့ ပါဝင်သည်။

ယမန်နေ့က ပြုလုပ်သည့် CPC ဂျာနယ်ကိုယ်စားပြု ကော်မတီအစည်းအဝေးသို့ သွားတက်ခဲ့သည့် Eleven Media Group ၏ Managing Editor ဒေါက်တာ သိန်းမြင့်က အစည်းအဝေးပြီးပြီးချင်း Eleven Medi Group နှင့် တိုင်ပင်ကာ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သူတဦးက Eleven Media Group တင်ပြချက်များအနက် နောက်ဆုံးတချက်ဖြစ်သော အစိုးရ၊ နိုင်ငံရေးပါတီ စသည်တို့မှ အထောက်အပံ့မယူရဆိုသော အချက်အပေါ် သဘောတူညီမှု မရကြခြင်းဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။

CPC ကော်မတီတွင် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ဥက္ကဋ္ဌ၊ စာပေစိစစ်ရေး ညွှန်ကြားရေးမှူး ဗိုလ်မှူး မျိုးမြင့်မောင် က အတွင်းရေးမှူးနှင့် ဦးမြတ်ခိုင်အပါအဝင် တခြားကော်မတီဝင်ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်များအဖြစ် မှုခင်းသတင်းဂျာနယ်မှ ဦးယဉ်ကျော်၊ သုတစွယ်စုံ မီဒီယာမှ ဒေါက်တာ တင်ထွန်းဦး၊ အလင်းတန်း ဂျာနယ်မှ ဦးဝင်းငြိမ်း၊ Health Care ဂျာနယ်မှ ဒေါက်တာ ဇော်သန်း၊ ကမ္ဘာ့စီးပွားရေး ဂျာနယ်မှ ဦးခင်မောင်ညို (ဘောဂဗေဒ)၊ အလွတ်တန်း စာနယ်ဇင်းသမားများထဲမှ ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုး စသူတို့ ပါဝင်သည်။

Eleven Media Group ၏ သတင်းထုတ်ပြန်ချက်တွင် စာနယ်ဇင်း ကျင့်ဝတ်များ ထိန်းရန်၊ စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် တာဝန်ကို အကာအကွယ်ပေးနိုင်သည့် အဖွဲ့အစည်းဖြစ်ရန်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စေရန် ပါဝင်ခဲ့ခြင်းဖြစ်သော်လည်း ဖွဲ့စည်းပုံအရ ထိုသို့ မဖြစ်နိုင်သဖြင့် နုတ်ထွက်သည်ဟု ဒေါက်တာ သန်းထွဋ်အောင်က ပြောထားသည်။

ဦးခင်မောင်ညိုက ယခုကဲ့သို့ Eleven Media Group နုတ်ထွက်သွားသော်လည်း အဆိုပါ ကော်မတီကို ရှေ့ဆက် လုပ်ဆောင်သွားလိမ့်မည်ဟု ထင်ကြောင်း၊ အပြည့်အ၀ကောင်းသည်ဟု မပြောနိုင်သော်လည်း ပထမ ခြေလှမ်းတလှမ်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“နိုင်ငံကလည်း အပြည့်အ၀ ဒီမိုကရေစီ သွားတာ မဟုတ်တော့ ဒီမိုကရေစီပုံစံ အပြည့်တော့ မဟုတ်ဘူး။ တချိန်မှာ ကိုယ့်ဘာသာကိုယ် ထိန်းနိုင်ဖို့် ပြင်ဆင်တာလို့ ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဇန်နဝါရီလ ၆ ရက်နှင့် ၇ ရက်နေ့တို့တွင် စာပေစိစစ်ရေးဌာန၌ ဂျာနယ်များကို ဖိတ်ခေါ်ပြီး ဂျာနယ်ပေါင်း ၁၆၆ စောင်၏ ကိုယ်စားပြုသည့် အဖွဲ့ဝင် ၁၅ ဦးပါဝင်သည့် CPC ကော်မတီကို ဇန်နဝါရီလ ၇ရက်နေ့က ဂျာနယ်များ၏ ဆန္ဒမဲဖြင့် ရွေးချယ်ခဲ့ကြသည်ဟု သိရသည်။

၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလကုန်တွင် ရဲနိုင်မိုး၊ ကျော်ရင်မြင့်၊ ပန်းချီ ဒီဇိုင်း ဆရာ စိုးဝင်းငြိမ်း၊ ကာတွန်း အော်ပီကျယ်၊ စာရေးဆရာ ညီပုလေးတို့က Myanmar Press Award 2010 အမည်ဖြင့် မြန်မာလူငယ် သတင်းသမားများ ဂုဏ်ပြုဆုပေးပွဲကို စီစဉ်ခဲ့သည်။

သို့သော် စာပေစိစစ်ရေးက ခေါ်ယူတွေ့ဆုံပြီး မူဝါဒရေးဆွဲရေး ကော်မတီတရပ် ဖွဲ့စည်းပေးမည်ဟု ပြောဆိုခဲ့သဖြင့် ဇန်နဝါရီလထဲသို့ ရွှေ့ဆိုင်းခဲ့ရကြောင်း၊ ထို့နောက် ယာယီဖွဲ့စည်းထားသည့် CPC နှင့် ပူးပေါင်းလုပ်ရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရပြီး ယခုအထိ ဆုပေးပွဲ အစီအစဉ် ဖြစ်မြောက်မလာသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်