စစ်တွေ ၌ ကြက်၊ ဘဲ အရောင်းအ၀ယ် ပိတ်

E-mail Print
ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးရွာ တချို့၌ ယခုလအတွင်း ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ရာ ကြက်သေဆုံးမှုများရှိ၍ ကြက်ခြံ ၆ ခု မှ ကြက်များကို သုတ်သင်ရှင်းလင်းခဲ့ပြီး ရောင်းချခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဈေးများတွင် မွေးမြူရေး ကြက်၊ ဘဲ၊ ကြက်ဥ၊ ဘဲဥ များ ရောင်းချခြင်းကို ဇန်န၀ါရီလ ၁၅ ရက်နေ့မှ စတင်၍ တပတ်ခန့် ရောင်းချခွင့် မပြုကြရန် ဈေးများ၌ ညွန်ကြားထားသည်ဟု စစ်တွေ မြို့ခံများက ပြောသည်။

“အပြင်းစား ရောဂါဖြစ်ပြီး ကူးစက်တာ မြန်တယ်ဆိုလို့ လူတွေက ကူးစက်ခံရမှာကို စိုးရိမ်နေကြတယ်၊ ဒါပေမယ့် ရောင်းတဲ့လူ၊ စားတဲ့ လူတွေလည်း ရှိနေတုန်းပါ”ဟု စစ်တွေ မြို့ခံ အမျိုးသမီး တဦးက ဆိုသည်။

ယင်း ကြက်ငှက်တုပ်ကွေး ရောဂါမှာ အပြင်းစား ကြက်ငှက် တုပ်ကွေး ရောဂါ (Highly Pathogenic Avian Influenza-HPAI )ဖြစ်သည်ဟု မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာနက အစိုးရ သတင်းစာများတွင် ယမန်နေ့က ထုတ်ပြန်ကြေညာ ထားသည်။

“ရောဂါ ဖြစ်ပွားတာ၊ သေဆုံးတာတွေ က လဆန်းကတည်းက ဖြစ်နေတာပါ၊ ကြက်ခြံ ၆ ခုလောက်က ကောင်ရေ ထောင်ချီပြီး တော့ ရှင်းလင်းပြီးသွားပြီ၊ လူကိုတော့ ကူးစက်တာ မရှိသေးပါဘူး”ဟု စစ်တွေမြို့မှ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး(တိမွေးကု) ဆရာဝန် တဦးက ဧရာဝတီကို ပြောသည်။

ယခုဖြစ်ပွားသော ရောဂါသည် အပြင်းစားကြက်ငှက် တုပ်ကွေး ရောဂါဖြစ်ပြီး ကူးစက်မှုနှုန်း မြန်ဆန်၍ သတိထားရန် လိုအပ် သည်ဟု ၎င်းက ဆိုသည်။ ဆောင်းရာသီ ဖြစ်ပြီး အအေးဓာတ်ပိုနေချိန်ဖြစ်၍ ပိုမိုဂရုစိုက်ရန် လိုကြောင်းလည်း တိမွေးကု ဆရာဝန် က ပြောဆိုသည်။

သတင်းစာ၌ စစ်တွေမြို့နယ်၊ ဘုမေ ကျေးရွာအုပ်စု၊ ဘုမေလက်သမား ကျေးရွာ၌ ဖြစ်ပွားသည်ဟု ရေးသားထားသော်လည်း အထက်ပါ တိမွေးကု ဆရာဝန် က စစ်တွေ မြို့နယ်၊ သဲချောင်းကျေးရွာ၏ ကြက်ခြံတချို့တွင်လည်း ဖြစ်ပွားနေကြောင်း
သဲချောင်းရွာသည် ပင်လယ်နှင့်နီးစပ်သော ဒေသဖြစ်၍ ဆောင်းခိုငှက်များမှ တဆင့် ကူးစက်နိုင်သည်ဟု ပြောနိုင်ကြောင်း ဆို သည်။

စစ်တွေမြို့နယ် တိမွေးကုဦးစီးဌာနသည် ဒေသအာဏာပိုင်များနှင့်ပူးပေါင်းပြီး သေဆုံးပြီး ကြက်ငှက်များကို ၆ ပေအနက် ကျင်း များတူး၍ မြေမြုပ်ခြင်း၊ ဆေးဖြန်းခြင်း၊ မကူးစက်ရေး အတွက်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များ ပြုလုပ်ခြင်း စသည်တို့ကို ဆောင် ရွက်လျက် ရှိသည်ဟု သိရသည်။

ရခိုင်ပြည်နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန သည် ဇန်န၀ါရီလ ၁၂ ရက်နေ့မှ စ၍ ကွင်းဆင်းဆောင်ရွက်နေသည်ဟုလည်း သတင်းစာ များ၌ ရေးသား ထားသည်။

ရခိုင်ပြည်နယ်တွင် ယခုဖြစ်ပွားသော ကြက်ငှက် တုပ်ကွေး ရောဂါသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း ဒေသခံများ၏ အဆို အရ သိရသည်။

ကြက်ငှက်တုပ်ကွေး ရောဂါသည် ကမ္ဘာတ၀န်း၌ ၂၀၀၃ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ နိုင်ငံပေါင်း ၆၃ နိုင်ငံ၌ ဖြစ် ပွား ကာ သေဆုံးသူ ၃၀၆ ဦး၊ ကူးစက်ခံရသူ ၅၁၇ ဦးရှိသည်ဟု စစ်အစိုးရ မီဒီယာ များက ဆိုသည်။

မြန်မာနိုင်ငံတွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားမှုကို ၂၀၀၆ ခုနှစ်မှ စတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၀ အထိ လေးကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း ရေးသားထားသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်များတွင် ဖြစ်ပွားခဲ့ပြီး ကူးစက်ခံရသူ များရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ကူးစက်ခံရသူ၊ သေဆုံးခဲ့သူ အရေအတွက်အား သိရှိနိုင်ရန် ကျန်းမာရေးဦးစီးဌာန၏ ကူးစက်ဌာနမှ ညွန်ကြားရေးမှူး ဒေါက်တာ စိုးလွင်ငြိမ်းအား ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်