ပြည်တွင်း ခရီးသွားလုပ်ငန်းများ အရှုံးပေါ်

E-mail Print
ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှု များလာသော်လည်း ယမန်နှစ်ကထက် ဒေါ်လာဈေး ကျသောကြောင့် ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

၂၀၀၉ နှစ်ကုန်ပိုင်းမှ စတင်၍ ၂၀၁၀ ပြည့်နှစ်အတွင်း ခရီးသည် ၀င်ရောက်မှု နှုန်းမှာ ၃ သိန်းခွဲခန့်ရှိလာသောကြောင့် ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းအထိ ခရီးသည် ၀င်ရောက်မှုနှုန်းနှင့် နှိုင်းယှဉ်ပါက ၂ သိန်းကျော် တိုးတက်လာကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် နီးစပ်သူများက ပြောသည်။

tourists-take-bullockစာရင်းဇယားများအရ နိုင်ငံခြားသား ဧည့်သည် လာရောက် လည်ပတ်မှုများသည့် ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီသို့ နိုင်ငံခြားသား လာရောက်မှုသည် ၂၀၀၉ ခုနှစ်က ၁၁၃၅၂၉ ဦး ရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ၁၇၅၀၅၄ အထိ တိုးတက် များပြားခဲ့ကြောင်း သိရသည်။

“လက်ရှိ အခြေအနေမှာ နိုင်ငံပေါင်းစုံ ပေါင်းလိုက်ရင် Package (ပို့ဆောင်၊ တည်းခို၊ စားသောက် ပုတ်ပြတ်) အနေနဲ့ အရင်နှစ်က ၃၀ လောက် ရောင်းခဲ့ရတယ် ဆိုပေမယ့် အခုက ၆၀၊ ၇၀ လောက် ရောင်းထားရတယ်။ ဒီလို ရောင်းတာကလည်း ၂၀၀၉  နှစ်စ ကတည်းက Package ထဲမှာ ဘယ်လိုခရီးစဉ်တွေ ပါဝင်တယ်၊ ဘယ်နှည၊ ဒေါ်လာ ပေါက်ဈေးက ဘယ်လောက် ဆိုပြီး ကြိုရောင်းထားတာပါ။ အရင်နှစ်ထက် ဒေါ်လာဈေးကျတဲ့ အချိန်မှာတော့ ခရီးစဉ်အားလုံး မမြတ်တဲ့အပြင် ရှုံးတယ်”ဟု ယူနိုက်တက် ခရီးသွားလာရေး ကုမ္ပဏီမှ တာဝန်ရှိသူ တဦးက ပြောသည်။

ဆက်လက်၍ ၎င်းက ခရီးသည် မလာသောကြောင့် ရှုံးခြင်းမဟုတ်ဘဲ ငွေဈေးကျ သောကြောင့် ရှုံးခြင်း ဖြစ်ကြောင်း၊ package များကို လက်ခံထားပြီး ဖြစ်သောကြောင့် အစီအစဉ် ဖျက်သိမ်းလျှင် မျက်နှာပျက်ကာ ကုမ္ပဏီ စီးပွားရေး ထိခိုက်မည် ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေအရ ခရီးသွား ကုမ္ပဏီများ အကျပ်အတည်း ကြုံတွေ့နေရကြောင်း ရှင်းပြသည်။

“ခရီးစဉ်အသစ်တွေ ရောင်းတဲ့ အခါကျရင် အရင်လို ၁ နှစ် တခါ စာရင်းပို့ပေးတာ မဟုတ်ဘဲ ၂ လ တကြိမ်လောက် ဈေးနှုန်း အပြောင်းအလဲ ပို့တာမျိုး ပုံစံပြောင်းရမှာပေါ့။ ဒီလို လုပ်ပြန်ရင်လည်း ဈေးနှုန်း ခဏခဏပြောင်းတယ်ဆိုပြီး နည်းနည်း ပြဿနာ တော့ ရှိလာနိုင်တာပေါ့”ဟု ယူနိုက် တက် ခရီးသွား ကုမ္ပဏီ တာဝန်ရှိသူ က ဆိုသည်။

၂၀၁၀ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်တွင် ပြုလုပ်ခဲ့သော မြန်မာ့ ကျောက်မျက်ရတနာပြပွဲ မတိုင်မီ တွင် အမေရိကန် ၁ ဒေါ်လာလျှင် ၉၀၀ ကျပ် ဝန်းကျင် ဈေးပေါက်ခဲ့သည်။ ယနေ့တွင် ၁ ဒေါ်လာလျှင် ၈၆၀ ကျပ်ဝန်းကျင်သာ ရှိတော့သည်။

“ဥပမာ ရန်ကုန် - မန္တလေး - ပုဂံ packageတခုကို အစ်မတို့က ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းထားတယ်ဆိုပါတော့။ တဒေါ်လာ ကို ၁၀၀၀ ကျပ် ပေါက်ဈေးနဲ့ဆို မြန်မာငွေ ကျပ် ၁၀ သိန်း ရမယ်။ ဒီလို မဟုတ်ဘဲ ဈေးကျလို့ ၈၀၀ ကျပ်နဲ့ တွက်မယ်ဆို ကုမ္ပဏီ ဘက်က ကျပ် ၂ သိန်း ရှုံးမယ်။ အဲဒီတော့ လက်ခံထားတဲ့ အရေအတွက်များလေ ပိုရှုံးလေပဲ။ အခုက Package တွေ မရောင်း ရ ပါစေနဲ့လို့တောင် ဆုတောင်းနေရမယ့် အနေအထားမျိုး”ဟု Diamond View ခရီးသွား ကုမ္ပဏီမှ ၀န်ထမ်းတဦးက ပြော သည်။

အဆိုပါ အကျပ်အတည်း များကြောင့် ခရီးသွားဝန်ဆောင်မှု ကုမ္ပဏီများ အရှုံးခံကာ ၀န်ဆောင်မှု ပေးရန် စီစဉ်ကြသော်လည်း သတ်မှတ်ထားသည့်ရက် အတိုင်းအတာကို လျှော့ချခြင်း စသည်ဖြင့် အရှုံးနည်းစေရန် ပြင်ဆင်ရကြောင်း၊ ငွေကြေး တောင့် တင်းသည့် ခရီးသွားလာရေး ကုမ္ပဏီကြီးများအနေဖြင့် အရှုံးခံနိုင်သော်လည်း ငွေကြေး အနည်းငယ်နှင့် လည်ပတ် နေရသည့် တချို့သော ခရီးသွား အေဂျင်စီများမှာမူ ခရီးစဉ် ဖျက်သိမ်းလိုက်ရခြင်းမျိုး ရှိကြောင်း ဧည့်လမ်းညွှန်တဦးက ဆိုသည်။

“တချို့ ခရီးသွားလာရေး ကုမ္ပဏီတွေဆို ဒေါ်လာဈေးက အရမ်းကျနေတယ်၊ Package တွေ ရောင်းထားပြီးသားဆိုတော့ အရှုံးခံပြီး လိုက်တော့ ပို့ပေးတယ်။ ဒါပေမယ့် ခရီးစဉ်ရက်ကို ၁၀ ရက်ကနေ ၇ ရက်လောက် ချုံ့လိုက်တာမျိုး၊ ဘွတ်ကင်တွေ လက် မခံ တော့ဘူး ဆိုတာမျိုးတွေ လုပ်ရတာပေါ့”ဟု ပြည်တွင်း ပြည်ပ ခရီးသွားလာရေး ၀န်ဆောင်မှု လုပ်ကိုင်နေသည့် အေဂျင်စီ ၀န်ထမ်း တဦးက ပြောသည်။

ဒီဇင်ဘာ၊ ဇန်န၀ါရီ လများအတွင်း ပြည်ပခရီးသည် ၀င်ရောက်လာမှု နှုန်းမှာ မြင့်တက်နေသော်လည်း ပြီးခဲ့သည့် လအတွင်း ကျင်းပသွားသည့် ကျောက်မျက်ရတနာပြပွဲတွင် နိုင်ငံခြားငွေ အလုံးအရင်းနှင့် ၀င်ရောက်လာသောကြောင့် မြန်မာငွေဈေး မြင့် တက်လာမှု၊ ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေမှုများကြောင့် ထင်သလောက် ခရီးသွားလုပ်ငန်းများ စီးပွားမဖြစ်ကြောင်း ခရီးသွားကား အငှားဝန်ဆောင်မှု လုပ်ကိုင်နေသည့် ကုမ္ပဏီတခုမှ မန်နေဂျာ တဦးက ပြောသည်။

“တနှစ်မှာ ၃ ကြိမ်လုပ်တဲ့ ကျောက်မျက်ရတနာပွဲကြောင့် တရုတ်ကုန်သည်တွေ စီးပွားရေးအနေနဲ့ ၀င်လာတာရှိတယ်၊ လည် ပတ်ဖို့ဆိုပြီး ရောက်လာတဲ့ အနောက်ဥရောပ ဂျာမန်တို့ ပြင်သစ် တို့က လူတွေရှိတယ်။ ခရီးသွား အေဂျင်စီက လည်ပတ်တဲ့ လူတွေကို မှီခိုရတာ များတယ်။ နိုင်ငံခြားသားကတော့ ဒေါ်လာနဲ့ ရှင်းမှာပဲ။ နဂိုကတည်းက ဈေးသတ်မှတ်ထားပြီးသား ကုမ္ပဏီ ဆို အရှုံးခံပြီးသာ ပို့တော့ပဲ။ အခု အခြေအနေက နိုင်ငံခြားသား မလာတာကို ပူရတဲ့ အချိန်မဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများထဲတွင် Package Tour ဖြင့် ခရီးစဉ်များကို ကြိုတင်ရောင်းချထားသော ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများအနေနှင့် ဒေါ်လာဈေး ကျဆင်းပါက ထိခိုက်မှုများရှိသည်ဟု Ayarwaddy Legend Travel & Tour မှ Tour မန်နေဂျာ မသီတာကလည်း ပြောသည်။

ခရီးသွားရာသီ ဖြစ်သည့် ဒီဇင်ဘာ၊ ဇန်န၀ါရီ ၊ ဖေဖော်ဝါရီ လများတွင် ပြည်ပနှင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ခရီးသွား ၀န်ဆောင်မှု ကုမ္ပဏီကြီးများတွင် လက်ခံထားသည့် ခရီးစဉ်များ ပြည့်နေကြောင်း၊ ပြည်ပ ခရီးသည် လည်ပတ်မှုများသည့် ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဂံ နှင့် မန္တလေး ခရီးစဉ်များကို ရောင်းချရမှု ပိုများပြီး ဒီဇင်ဘာလမှ ဖေဖော်ဝါရီလ အထိ သွားရောက်ရန် စာရင်းပေးထားသည့် ဧည့်သည်များနှင့် ပြည့်နေကြောင်း ခရီးသွား ကုမ္ပဏီကြီးများက ဆိုသည်။

၂၀၁၀ ပြည့်နှစ်အတွင်း စပိန်၊ ပြင်သစ်၊ ဂျာမန်၊ အမေရိကန်နိုင်ငံများမှ ခရီးသွားများအပြင် အာရှ နိုင်ငံများ ဖြစ်သော တရုတ်၊ ထိုင်း စသည့် နိုင်ငံများမှ ခရီးသွားများလည်း လာရောက် လည်ပတ်မှုများ ရှိခဲ့သည်ဟု သိရသည်။

ယမန်နှစ် ဒီဇင်ဘာ နှောင်းပိုင်း အချိန်ထိ အမေရိကန် ဒေါ်လာသည် စံချိန်တင် ကျဆင်းခဲ့ပြီး ကျောက်မျက်ရတနာပြပွဲ အပြင် သဘာဝဓာတ်ငွေ့၊ သစ်တောထွက်ပစ္စည်းများ ရောင်းချခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများမှ နိုင်ငံခြားငွေ ဘီလီယံနှင့် ချီကာ ၀င်ရောက်ခဲ့သည်ဟု တရားဝင် ထုတ်ပြန်ချက်များက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီးနောက် မြန်မာပြည်သို့ ကမ္ဘာလှည့်ခရီးသွားများ လာရောက်ရန် စိတ်ဝင်စားမှု မြင့် တက် လာခဲ့သည်။

အမေရိကန် အခြေစိုက် ထိပ်တန်း ခရီးသွားလုပ်ငန်းကြီး တခုက ယခင်က မြန်မာပြည်သို့ မလည်ပတ်ရန် ကန့်ကွက်မှုများကြောင့် နိုင်ငံခြားသားများ စိတ်ဝင်စားမှု နည်းခဲ့ကြောင်း၊ သို့သော် မကြာသေးမီမှစ၍ မြန်မာပြည် ခရီးစဉ်အတွက် စီစဉ်ပေးရန် တောင်းဆိုမှု များပြားလာကြောင်း၊ အလည်အပတ်သွားရန် လက်မှတ်ကြိုတင် ဝယ်ယူမှု ၃ ဆ မြင့်တက်လာကြောင်း ထုတ်ဖော် ပြောဆိုသည်။

ဘန်ကောက် အခြေစိုက် အာရှ - ပစိဖိတ် ခရီးသွားဝန်ဆောင်မှု အသင်း၏ အဆိုအရ မြန်မာနိုင်ငံသို့ ပြည်ပခရီးသွား ၀င်ရောက် မှုသည် ၂၀၁၀ ပြည့်နှစ်တွင် ၂၀၀၉ ခုနှစ်ကထက် မြင့်တက်လာပြီး ဥရောပ နိုင်ငံများမှ ၂၂ ရာခိုင်နှုန်း၊ အမေရိကန် နိုင်ငံမှ ၈ ရာခိုင်နှုန်း ဝင်ရောက်သည်ဟု သိရသည်။

မြန်မာပြည်သို့ ပြည်ပ ခရီးသွားဧည့်သည် ၀င်ရောက်မှုနှုန်းသည် ၃၀ ရာခိုင်နှုန်းခန့် တိုးတက်လာသည် ဆိုသော်လည်း သိန်း ဂဏန်း သာရှိပြီး အိမ်နီးချင်း ထိုင်းနိုင်ငံ၏ တနှစ် ခရီးသည် ၀င်ရောက်မှုနှုန်းမှာ ၁၄ သန်း၊ ဗီယက်နမ် ၊ ကမ္ဘောဒီးယားနှင့် လာအို နိုင်ငံများသို့ ခရီးသည် လာရောက်မှု နှုန်းမှာ ၂ သန်း ခန့်ရှိနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်