ထိုင်းတောင်ပိုင်းတွင် မြန်မာအလုပ်သမား ၆၀၀ ကျော် ဆန္ဒပြ

E-mail Print
ထိုင်းနိုင်ငံတောင်ပိုင်း လပ်ဘူရီမြို့ရှိ VAK နာနတ်သီး စည်သွတ်ဘူး စက်ရုံရှိ မြန်မာအလုပ်သမား ၆၀၀ ကျော်တို့သည် အလုပ်သမား ရပိုင်ခွင့်များအတွက် ယနေ့ ဆန္ဒပြကြကြောင်း သိရသည်။

“လုပ်အားခဖြတ်တောက်တာ၊ အချိန်ပို အလုပ်ဆင်းခတွေ ပုံမှန်ရှင်းမပေးတာ ရှိလို့ ဒီနေ့တော့ မြန်မာပြည်သား အလုပ်သမား အားလုံး အလုပ်မဆင်းဘဲ ဆန္ဒပြနေကြတယ်” ဟု အဆိုပါစက်ရုံမှ မြန်မာအလုပ်သမားခေါင်းဆောင် ကိုခိုင်ဇော်နိုင်က ဧရာဝတီသို့ ပြောသည်။

ယမန်နေ့က ထိုင်းအလုပ်သမားကြီးကြပ်ရေးမှူး တဦးသည် မြန်မာအလုပ်သမားတဦးကို ဆိုင်ကယ်ဖြင့်နောက်မှ ၀င်တိုက် ခဲ့သည့်အပြင် လူကိုလည်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ပြီး ၀င်ရောက်ဖျန်ဖြေပေးသည့် ထိုင်း-မြန်မာ စကားပြန် မြန်မာ တဦးကိုပါ ထိုးကြိတ်ခဲ့ရာမှ အစပြု၍ မြန်မာအလုပ်သမားများအကြား မကျေနပ်မှုများ ပိုမိုကြီးထွားလာခြင်းဖြစ်ကြောင်း သိရသည်။

“အလုပ်သမား ၁၀၀၀ နီးပါးရှိတဲ့ ဒီစက်ရုံမှာ အိမ်သာ ၄ လုံးပဲရှိတယ်။ အိမ်သာတက်ချင်ရင် တန်းစီစောင့်နေရတယ်။ အလုပ်ချိန်မှာ အိမ်သာသွားလို့ ကြာရင်လည်း ထိုင်းအလုပ်သမား ကြီးကြပ်ရေးမှူးတွေရဲ့ အဆူအဆဲ ခံရတယ်။ ဒါတွေကို မကျေမနပ် ဖြစ်နေတာကြာပြီ။ မနေ့က ကိုယ့်နိုင်ငံသားကို အခုလို ရိုက်နှက်တော့ လုံးဝ သည်းမခံနိုင်ကြတော့တဲ့ အတွက် ဒီကနေ့ ဆန္ဒပြတာပဲ” ဟု ကိုခိုင်ဇော်နိုင်က ဆက်လက်ပြောဆိုသည်။

ယနေ့ အဆိုပါစက်ရုံရှိ မြန်မာအလုပ်သမား ၆၀၀ ကျော်က အလုပ်မဆင်းဘဲ ဆန္ဒပြကြရာတွင် ထိုင်း-မြန်မာ အလုပ်သမားများ တန်းတူအခွင့်အရေး ရရှိရေး၊ နေ့တွက်လုပ်အားခနှင့် အချိန်ပိုလုပ်အားခများကို သတ်မှတ်ချက် နှုန်းထားအတိုင်း ရှင်းပေးရေး၊ သက်ဆိုင်ရာ ဌာနများရှိ ထိုင်းကြီးကြပ်ရေးမှူးများက ဆဲဆိုကြိမ်းမောင်း ခိုင်းစေမှုများ မပြုလုပ်ရန် တားမြစ်ပေးရေး၊ အချိန်ပို လုပ်အားခ ဖြတ်တောက်မှုရှိပါက ကြိုတင်အသိပေးရေး၊ အလုပ်သမားအသုံးပြု အိမ်သာအရေအတွက် အလုံအလောက် ထားရှိပေးရေး တို့ကို တောင်းဆိုထားကြောင်း သိရသည်။

“စက်ရုံဝန်းအပြင်မှာ ထိုင်းရဲကားတွေလည်း ရောက်နေတယ်။ စက်ရုံပိုင်ရှင်ကလည်း အခုထိ လာပြီး ဖြေရှင်းမပေးဘူး။ ကျနော်တို့ ဘာဆက်ဖြစ်ဦးမယ် မသိနိုင်သေးဘူး။ ကျနော်တို့ကတော့ ကျနော်တို့ ရပိုင်ခွင့်အတွက် ဆက်လုပ်သွားမှာပဲ” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင်တဦးက ဆိုသည်။

အဆိုပါစက်ရုံဝန်းအတွင်း နေထိုင်သူ မြန်မာအလုပ်သမား ၆၀၀ ကျော်ရှိသည့်အပြင် စက်ရုံပြင်ပနေ မြန်မာအလုပ်သမား ၂၀၀ နီးပါးလည်း လာရောက်လုပ်ကိုင်နေကာ နေ့ဆိုင်း၊ ညဆိုင်း ၂ ဆိုင်းခွဲ လည်ပတ်နေကြောင်း သိရသည်။

မြန်မာအလုပ်သမားတဦးလျှင် တဆိုင်းအတွက် လုပ်အားခ ၁၆၇ ဘတ် (ကျပ် ၄၅၀၀ ကျော်) ရရှိပြီး အချိန်ပိုလုပ်အားခ ၁ နာရီ ၃၁ ဘတ်နှုန်း သတ်မှတ်ထားသော်လည်း သတ်မှတ်နှုန်းထားအတိုင်း အပြည့်အ၀မရရှိခဲ့ကြောင်း မြန်မာ အလုပ်သမား ခေါင်းဆောင် တဦးက ပြောသည်။

ထိုဆန္ဒပြမှုနှင့် စပ်လျဉ်း၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး အကူအညီပေးနေသည့် ရောင်ခြည်ဦးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဆွေက “ဒီ ဆန္ဒပြမှုနဲ့ ပတ်သက်ပြီး အလုပ်သမား ခေါင်းဆောင်တွေက ကျနော်တို့ဆီ ဆက်သွယ်ထားပါတယ်။ အလုပ်သမားရပိုင်ခွင့်တွေကို ငြိမ်းချမ်းစွာတောင်းဆိုနိုင်ဖို့ ကျနော်တို့ ရှင်းပြထားပါတယ်။ အဲဒီဒေသက ထိုင်းအာဏာပိုင်တွေ၊ အလုပ်သမား အဖွဲ့အစည်းတွေနဲ့လည်း ကျနော်တို့ ပူးပေါင်း ဖြေရှင်း ပေးသွားမှာပါ” ဟု ပြောသည်။

ထိုင်းနိုင်ငံသို့ လာရောက်အလုပ် လုပ်ကိုင်သော မြန်မာအလုပ်သမားများသည် အလုပ်သမားအခွင့်အရေး အပြည့်အ၀ မရရှိမှုများကို မကြာခဏ ကြုံတွေ့ရလေ့ရှိပြီး ယမန်နှစ်က အလုပ်သမား အရေးကိစ္စအမှုပေါင်း ၂၀ ကျော်ကို ဖြေရှင်းပေးခဲ့ရကာ အမှု ၉၅ ရာခိုင်နှုန်းကျော်မှာ အလုပ်ရှင်နှင့်အလုပ်သမား နှစ်ဘက် ကျေနပ်မှုရစေရေးအတွက် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ဦးမိုးဆွေက ဆက်ပြောသည်။

Workers Solidarity Association (WSA) ၏ အစီရင်ခံစာအရ ယမန်နှစ်က ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၅ သိန်းကျော် ရှိနေကြောင်းသိရသည်။

မြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းပေးနေသော အဖွဲ့အစည်းများက ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားပေါင်း ၂ သန်းခန့်အထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်