အိန္ဒြာကျော်ဇင် မင်္ဂလာပွဲကြောင့် အကယ်ဒမီနှင့်လွဲသည်ဟု သတင်းထွက်ပေါ်

E-mail Print
၂၀၀၉ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်ဆု ရမည်ဟု ခန့်မှန်းထားသည့် အိန္ဒြာကျော်ဇင် မရခဲ့ခြင်းမှာ ခြိမ့်ခြိမ့် သည်းသည်း ဆင်နွှဲခဲ့သည့် ၎င်း၏ မင်္ဂလာပွဲကြောင့်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

အကယ်ဒမီပွဲ မကျင်းပမီက အိန္ဒြာကျော်ဇင်ကို “မာမီရှိန်း” ဇာတ်ကား “အတိတ်ရဲ့အရိပ်” ဇာတ်ကား များဖြင့် အမျိုးသမီး ဇာတ်ဆောင်ဆု ရနိုင်သည်ဟု အနုပညာအသိုင်းအ၀န်းတွင် ပြောဆို နေခဲ့သည်။

Academy-Award-for-2009“အာဏာပိုင်တွေက စပွန်ဆာ အားကိုးနဲ့ ၆ ခါလောက် လုပ်သွားတဲ့ အိန္ဒြာကျော်ဇင့် မင်္ဂလာပွဲကို တော်တော် မျက်စိ စပါးမွေး စူးနေတာ။ ဗိုလ်ချုပ်မှူးကြီးရဲ့ သမီး မင်္ဂလာဆောင်နဲ့ အပြိုင်လို ခမ်းခမ်းနားနားကြီး လုပ်သွားတော့ မကျေနပ်တာလည်း ပါတယ်။ နိုင်ငံ့ခေါင်းဆောင် သမီးရဲ့ မင်္ဂလာပွဲနဲ့ ယှဉ်လိုက်သလို ဖြစ်သွားတာ။ ဒါကြောင့်လည်း အူဝဲ (အိန္ဒြာကျော်ဇင်) ကို မပေးတာလို့ ကြားတယ်” ဟု ရုပ်ရှင်အစည်းအရုံးနှင့် နီးစပ်သူတဦးက ဆိုသည်။

၂၀၀၆ ခုနှစ် ဇူလိုင်လက ကျင်းပခဲ့သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သမီး မသန္တာရွှေ၏ ခမ်းနားထည်ဝါလှသော မင်္ဂလာဧည့်ခံပွဲ မှတ်တမ်းမှာ You Tube ရုပ်မြင်သံကြား အင်တာနက် စာမျက်နှာမှ စတင် ပျံ့နှံ့ခဲ့သည်။

“စိန်စီသောည” ဟု အမည်ပေးထားသည့် အဆိုပါ မှတ်တမ်း ရုပ်ရှင်ထဲတွင် သတို့သမီး မသန္တာရွှေက စိန်ရတနာများကို ကိုယ်လုံးညွတ်မျှ ၀တ်ဆင်ခဲ့သည်။ ၎င်း၏ မင်္ဂလာပွဲ ပြောစမှတ်ပြုပြီးနောက်တွင် မင်းသမီး အိန္ဒြာကျော်ဇင်၏ မင်္ဂလာပွဲက အခမ်းနားဆုံးဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။

ဇန်န၀ါရီလ ၂၂ ရက်နေ့ နေပြည်တော်မြို့တော်ခန်းမရှိ လေဟာပြင် ကဇာတ်ရုံ၌ ကျင်းပခဲ့သော ၂၀၀၉ ခုနှစ် ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် ဆု ၉ ဆု ပေးခဲ့ပြီး အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု မပါဝင်ခဲ့ပေ။

အမျိုးသမီးဇာတ်ဆောင်ဆု ချီးမြှင့်ခြင်း မရှိသည်မှာ ၂၀၀၇ ခုနှစ် အပါအဝင် ၂ နှစ်ရှိပြီ ဖြစ်သည်။ ထိုနှစ်က အမျိုးသမီးဆုများ တဆုမှ ချီးမြှင့်ခြင်း မရှိပေ။

“ရိုက်ထားတဲ့ ကားတွေ ဒီလောက် အများကြီးထဲမှာ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ အရည်အချင်းမျိုး မီတဲ့ အမျိုးသမီး သရုပ်ဆောင် မရှိလောက်ဘူးလို့ ထင်တယ်။ မစိုး (စိုးမြတ်သူဇာ) ဆိုလည်း “ကျောက်စက်ရေ” ကားထဲမှာ သရုပ်ဆောင် ထားတာ ကောင်းပါတယ်။ အူဝဲ (အိန္ဒြာကျော်ဇင်) ဆိုလည်း မဆိုးဘူး၊ ပေးမယ်ဆို ပေးလို့ရတဲ့ အခြေအနေမှာရှိတယ်။ သရုပ်ဆောင် ထားတာ စုတ်ပြတ်သတ်နေလည်း သူတို့ပေးချင်ပေးတာပဲ။ ဘယ်လောက် ပီပြင်နေလည်း သူတို့ မပေးချင် မပေးဘဲ နေတာပဲ” ဟု ဝါရင့်ဒါရိုက်တာတဦးက ဧရာဝတီကို ပြောသည်။

၂၀၀၉ ခုနှစ်တွင် ရုံတင်သည့် ဇာတ်ကား စုစုပေါင်း ၁၆ ကားရှိသည့် အနက် အကောင်းဆုံး ဇာတ်ကားဆုကို “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားက ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားဆုကို ဒါရိုက်တာ စင်ရော် မောင်မောင်၏ စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရရှိခြင်းဖြစ်ပြီး ဒါရိုက်တာ စင်ရော်မောင်မောင်သည် ပေါ်လစီ ဇာတ်ကားများ ရိုက်ကူးပေးခြင်းဖြင့် အာဏာပိုင်များ ကျေနပ် နှစ်သက်စေရန် ပြုမူလေ့ရှိသောကြောင့် ချီးမြှင့်ခံရခြင်းဖြစ်သည်ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။

အမျိုးသား ဇာတ်ဆောင်ဆု အဖြစ် “မိုးည အိမ်မက်မြူ” ဇာတ်ကားတွင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ခဲ့သည့် မင်းသား နေတိုးနှင့် အမျိုးသမီး ဇာတ်ပို့ ဆုအဖြစ် ယင်းဇာတ်ကားတွင်ပင် စိုးပြည့်သဇင်တို့ ရရှိသွားသည်။

အကယ်ဒမီဆုရှင် နေတိုးက “အမျိုးသမီး ဇာတ်ဆောင်ဆုရော၊ အမျိုးသမီး ဇာတ်ပို့ ဆုရော မပေးခဲ့တဲ့ နှစ် ရှိခဲ့တော့ ဒီနှစ်က ကံကောင်းတယ် လို့တောင်ပြောရမယ်။ ကိုယ့် အနုပညာမောင်နှမတွေ မရတဲ့အတွက် ပြည့်ပြည့်၀၀ ၀မ်းသာမှုတော့ မဖြစ် ဘူးပေါ့။ ဆုရမယ်လို့ မှန်းထားတဲ့ မင်းသမီးတွေအနေနဲ့ တကယ် လက်တွေ့ မရတဲ့အချိန်မှာ ကြိုးစားချင်စိတ် လျော့သွား နိုင်တယ်။ အကယ်ဒမီ ဆုဆိုတာလည်း ကြိုးစားမှုအပြင် ကံတရားနဲ့ အများကြီး ဆိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

၎င်းကပင် မိုးညအိပ်မက်မြူဇာတ်ကားဖြင့် ဆုရရန် အစကတည်းက မျှော်လင့်ခဲ့ပြီး ကြိုးစားထားကြောင်း၊ ယခု အမှန်တကယ် ဆု ချီးမြှင့်ခံရသည့်အတွက် ၀မ်းသာ ကျေနပ်ကြောင်း၊ ထိုက်ထိုက် တန်တန် ရသည့် ဆု ဟု မြင်ကြောင်း ပြောသည်။

၂၀၀၉ ခုနှစ် ရုံတင်ပြသခဲ့သည့် ရုပ်ရှင် ၁၆ ကားထဲတွင် ဟာသဦးစားပေး ရုပ်ရှင်ဇာတ်ကား ၁၀ ကားပါဝင်သည်။
၂၀၀၈ ခုနှစ်အတွက် အကယ်ဒမီ ဆုပေးစဉ်က ဟာသဇာတ်ကားဖြစ်သော “အကယ်ဒမီရှော့ခ်” ဖြင့် သရုပ်ဆောင် ရဲအောင် ဆုရရှိခဲ့ခြင်းကြောင့် ဟာသဇာတ်ကား များကိုလည်း အကယ်ဒမီဆုချီးမြှင့်နိုင်သည်ဟု ယူဆကာ ဟာသဇာတ်ကား ရိုက်ကူးမှု ပိုများလာခြင်းဖြစ်သည်ဟု နာမည်ကြီး ဒါရိုက်တာ တဦးက ပြောသည်။

“အခုက အကယ်ဒမီ ဆိုတာ ဘယ်လိုစံနှုန်းနဲ့ သတ်မှတ်ပြီး ပေးနေမှန်းကို မသိတော့တာ။ အမျိုးသမီး ဇာတ်ဆောင်ဆု မပေး တာ အမျိုးသမီး သရုပ်ဆောင်တွေ ညံ့လာလို့ လို့ ပြောရမလိုဖြစ် နေပြီ” ဟု သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဆိုသည်။

၂၀၀၉ ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မိန့်ခွန်းပြောကြားခဲ့ရာ အနာဂတ်တွင် ပြည် ထောင်စု စိတ်ဓာတ်နှင့် တို့တာဝန် အရေး ၃ ပါးကို ဦးထိပ်ထားပြီး အမျိုးသား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မည့် မီဒီယာသမားကောင်းများပီပီ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက မိန့်ခွန်းတွင် “ပြန်ကြားရေးဝန်ကြီးဌာန အနေနဲ့ ရုပ်ရှင်ကားများ ရိုက်ကူးရာတွင် နိုင်ငံတကာအဆင့်မီ ရိုက်ကူးနိုင်စေ ရေးအတွက် နောက်ဆုံးပေါ် ရုပ်ရှင်ရိုက်ကင်မရာနှင့် ဖလင်ဆေးစက်၊ စတီရီယို အသံကူးပြောင်းစက်၊ အရောင်ခွဲစက်၊ ရုပ်ရှင်ဖလင်ကား ကူးစက်တို့ကို ၀ယ်ယူတပ်ဆင်ပေးခဲ့ပြီး ခေတ်မီ မီးပိုင်းဆိုင်ရာနှင့် အသံပိုင်းဆိုင်ရာ ပစ္စည်းများကိုလည်း ညှိနှိုင်း ၀ယ်ယူလျက်ရှိရာ မကြာမီအသုံးပြုနိုင်တော့မည်” ဟု ပြောခဲ့သည်။

ဝန်ကြီးဦးကျော်ဆန်းက မြန်မာ့ရုပ်ရှင်ကို နိုင်ငံတကာအဆင့်မီဖြစ်စေရန် စက်ပစ္စည်းများ ပံ့ပိုးပေးမည်ဟု ပြောနေသော်လည်း ရိုက်ကူးနေသည့် ရုပ်ရှင်ကားတချို့ကို အိမ်နီးချင်း ပြည်ပနိုင်ငံတွင် အသံကူးယူမှုများ ပြုလုပ်နေရဆဲဖြစ်ကြောင်း ရုပ်ရှင် အသိုင်းအဝန်းက ပြောဆိုနေကြသည်။

၂၀၀၉ ခုနှစ် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ချီးမြင့်ပွဲတွင် ဇာတ်ကားဆု “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့် စင်ရော် ရုပ်ရှင် ထုတ်လုပ်ရေး၊ ဒါရိုက်တာဆုကို မီးပွားက “ဇော်ကကနေသည်” ဇာတ်ကားဖြင့်၊ အမျိုးသားဇာတ်ဆောင်ဆုကို နေတိုးက “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ အမျိုးသမီးဇာတ်ပို့ဆုကို စိုးပြည့်သဇင်က “မိုးညအိမ်မက်မြူ” ဇာတ်ကားဖြင့်၊ ဇာတ်ညွှန်း ဆုကို စာရေးဆရာ မြင့်ဦးဦးမြင့်က “ကြိုးကြာတောင်ပံခတ်သံ” ဇာတ်ကားဖြင့်၊ တည်းဖြတ်ဆုကို ဇော်မင်း (ဟံသာမြေ) က “ကျောက်စက်ရေ” ဇာတ်ကားဖြင့်၊ ဓာတ်ပုံဆုကို ကိုကိုဌေးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ အသံဆုကို ဆန်းဦးနှင့်အဖွဲ့က “အတိတ်ရဲ့အရိပ်” ဇာတ်ကားဖြင့်၊ တေးဂီတဆုကို ဓီရာမိုရ်က “ဇော်ကကနေသည်” ဇာတ်ကားဖြင့် အသီးသီး ရရှိခဲ့ကြသည်။

အကယ်ဒမီပေးပွဲသို့ သွားရောက်၍ သတင်းနှင့်ဓာတ်ပုံ ရယူမည့် ပြည်တွင်း သတင်းဂျာနယ် တိုက်များကို တနှစ်ထက် တနှစ် ကန့်သတ်မှုများ ပိုမို ပြုလုပ်သည်ဟု မီဒီယာအသိုင်းအ၀န်းက ပြောဆိုနေကြသည်။ ယခုနှစ်တွင် အကယ်ဒမီပွဲတက်မည့် ရုပ်ရှင် လောကသားများကိုပါ တင်းကျပ်မှုများ ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်