စတော့ရှယ်ယာ ဈေးကွက်ဖြစ်ရေး အလှမ်းဝေးသေး

E-mail Print
အာဆီယံ နိုင်ငံများတွင် ၂၀၁၅ ခုနှစ်၌ စတော့ရှယ်ယာ ဈေးကွက် ဖြစ်ထွန်းရေး ဆောင်ရွက်နေ ကြသော်လည်း  မြန်မာ စစ်အစိုးရ၏ စီးပွားရေးအပေါ် ချုပ်ကိုင်မှုနှင့် မှားယွင်းစွာ စီမံခန့်ခွဲမှုများကြောင့် စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် မလွယ်ကူကြောင်း ပြည်တွင်းမှ စီးပွားရေးပညာရှင်များက ပြောသည်။

stock_marketစစ်အစိုးရက နီးစပ်ရာ စီးပွားရေးသမားများကို လုပ်ပိုင်ခွင့်များပေးခြင်း၊ ခေတ်နှင့် လျော်ညီသော နိုင်ငံခြားငွေလဲလှယ်နှုန်းထား မရှိခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဥပဒေများ မပြည့်စုံခြင်း အပါအ၀င် လိုအပ်ချက်များစွာ ရှိနေခြင်းတို့ကို စီးပွားရေးပညာရှင်များနှင့် စီးပွားရေးသမားများက ထောက်ပြထားသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဥက္ကဋ္ဌ၊ ယခု သမ္မတအဖြစ် အရွေးခံရသူ ဦးသိန်းစိန် ဦးဆောင်သော အရပ်သားအမည်ခံ အစိုးရစနစ်သစ်သို့ ပုံစံပြောင်း အုပ်ချုပ်မည်ဖြစ်သော်လည်း မြန်မာ့စီးပွားရေးမူဝါဒတွင် ထူးထူးခြားခြား အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ဟု မထင်မြင်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အသင်းဝင် စီးပွားရေးသမား တဦးက ပြောသည်။

“၀န်ကြီးချုပ်ကို သမ္မတရာထူး ပေးလိုက်တာဆိုတော့ စီးပွားရေးပိုင်းမှာတော့ ကြီးကြီးမားမား ပြောင်းလဲမှုဖြစ်မယ်လို့ မထင်ပါဘူး။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ကွယ်မှာ ရှိနေဆဲပဲလေ။ အတိုက်အခံ အမတ်တွေကလည်း လွှတ်တော်ထဲမှာ သိပ်လုပ်လို့ ရမယ့်လမ်း မမြင်ဘူး။ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးနေအောင်တို့လို စီးပွားရေးသမားကြီးတွေပဲ ဆက်ပြီးစီးပွားရေး လုပ်ပိုင်ခွင့်တွေ ရသွားမှာပါ” ဟု အဆိုပါစီးပွားရေးသမားက ဆိုသည်။

နီးစပ်ရာ စီးပွားရေးသမားကို လုပ်ပိုင်ခွင့်ပေးသော စနစ်သည် စတော့ရှယ်ယာဈေးကွက် ထူထောင်ရာတွင် ကြီးမားသော အခက်အခဲ အတားအဆီးကြီးတခုဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်မှ အမည်မဖော်လိုသူ အရာရှိတဦးက သုံးသပ်သည်။

“ရှယ်ယာဈေးကွက်ရဲ့ အခြေခံသဘောက ရှယ်ယာတွေထုတ်ရောင်းပြီး အရင်းအနှီးစု၊ ပြီးရင် လုပ်ငန်းတွေထူထောင်၊ တိုးချဲ့၊ လုပ်ငန်းအောင်မြင်တော့ ရှယ်ယာဈေးတွေတက်။ ဒီလိုပုံစံမျိုး။ ဒီက စီးပွားရေးသမားတွေက ရှယ်ယာထုတ်ရောင်းပြီး အရင်းအနှီး ရှာစရာမလိုဘူး။ ထိပ်ပိုင်း ဗိုလ်ချုပ်နဲ့အဆင်ပြေရင် လုပ်ပိုင်ခွင့်ရပြီ။ လုပ်ငန်းထူထောင်ဖို့ ပိုက်ဆံတွေ
နည်းလမ်းပေါင်းစုံနဲ့ ရနေတာဆိုတော့ စတော့ရှယ်ယာဈေးကွက် ထူထောင်လည်း အလကားပဲလို့ ပြောရတော့မယ်” ဟု အဆိုပါ ဘဏ်အရာရှိက ပြောသည်။

တချို့သော စီးပွားရေးလုပ်ငန်းရှင်ကြီးများသည် ကြံ့ဖွံ့ပါတီ၏ လွှတ်တော်အမတ်များအဖြစ် တာဝန်ယူနေပြီး ထိုလွှတ်တော်အမတ်များထဲတွင် ဦးဝင်းမြင့် (ရွှေနဂါးမင်းကုမ္ပဏီ နှင့် UMFCCI ဥက္ကဋ္ဌ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ ဦးတင့်ဆန်း (ACE ဆောက်လုပ်ရေးကုမ္ပဏီ) တို့ကဲ့သို့သော နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များလည်း ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် တရားမ၀င် နိုင်ငံခြားငွေလဲဈေးနှုန်းနှင့် ဈေးကွက်ဖြစ်ပေါ်နေခြင်း၊ တိကျရေရာသော ဥပဒေများ၊ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းဥပဒေများ မရှိခြင်းကလည်း စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် အဟန့်အတားများ ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

ထို့အပြင် အမေရိကန် အပါအဝင် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှုကြောင့် စတော့ရှယ်ယာဈေးကွက်သို့ အိမ်နီးချင်းနိုင်ငံအပါအဝင် ပြည်ပမှ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြမည် မဟုတ်ကြောင်းလည်း ထောက်ပြကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း စစ်အစိုးရကို အကျိုးသက်ရောက်စေမည့် စီးပွားရေးပိတ်ဆို့မှုများ ဆက်လက်ထားရှိရန် လိုအပ်ကြောင်းနှင့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားစေလိုပါက တိုးတက်သည့် လုပ်ရပ်များ စစ်အစိုးရက ပြသရန်လိုကြောင်း ကြေညာချက်ကို ယနေ့ ထုတ်ပြန်ထားသည်။

ခေတ်နှင့် မလျော်ညီသော ငွေလဲနှုန်းနှင့် ပတ်သက်၍ စီးပွားရေးပညာရှင်တဦးက “တရားဝင်ငွေလဲနှုန်း တဒေါ်လာကို ခြောက်ကျပ်က ပြောင်းမှဖြစ်မယ်။ ဘဏ်လုပ်ငန်းနဲ့ နည်းဥပဒေတွေလည်း ထပ်ပြီးပြင်ဆင်ရမယ်။ ဥပမာ - နိုင်ငံခြားနဲ့ကုန်သွယ်ဖို့ အစိုးရရဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ် (Myanmar Investment & Commerce Bank) နဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် (Myanmar Foreign Trade Bank) နှစ်ခုကနေပဲ နိုင်ငံခြားငွေ Account ဖွင့် ငွေလွှဲ၊ ငွေယူလုပ်လို့ရတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ အခန်းကဏ္ဍ သိပ်မပါသလိုဖြစ်နေတယ်။ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဥပဒေတွေ အများကြီးပြင်ဆင်ရမယ်” ဟု ပြောသည်။

စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် ဥပဒေတရပ်လည်း ပြဋ္ဌာန်းရန်လိုအပ်ပြီး စတော့ရှယ်ယာများ ဈေးကစားခြင်း၊ ရှယ်ယာအကျိုးဆောင် ပွဲစားများအတွက် နည်းဥပဒေများ ပြဋ္ဌာန်းပေးခြင်းစသည့် ရှယ်ယာဈေးကွက်ဥပဒေနှင့်
နည်းဥပဒေများစွာ လိုအပ်လျက်ရှိကြောင်း ၀ါရင့် စီးပွားရေးပညာရှင်တဦးက ပြောသည်။

“ဒီကလူတွေက နည်းပညာပိုင်းမှာ တတ်ကျွမ်းမှု မရှိဘူး။ ကိုယ်ထောင်မယ့် စတော့ရှယ်ယာဈေးကွက်က အစိုးရရှယ်ယာတွေ ထုတ်ရောင်းတာက စမလား၊ ဒါမှမဟုတ် အများပိုင် ကုမ္ပဏီတွေ ထူထောင်ပေးပြီး ရှယ်ယာဈေးကွက် စမလားပေါ့။ ဒါမျိုးတွေလည်း တိတိကျကျ လုပ်ဖို့ လိုအပ်တယ်။ အဓိက နည်းပညာနဲ့ လုပ်ပုံလုပ်နည်းမှာ လေ့လာရမှာတွေ အများကြီး ပဲ” ဟု  ၄င်းက ရှင်းပြသည်။

စတော့ရှယ်ယာဈေးကွက် ထူထောင်ရာတွင် အဓိက အရေးကြီးဆုံးမှာ အစိုးရက စီးပွားရေးကို အမှန်တကယ် လွတ်လပ်ခွင့်ပေးလိုသော ဆန္ဒဖြစ်ကြောင်း၊ လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်မည့် အစိုးရသည် စီးပွားရေးကို ဆက်လက်ထိန်းချုပ်မည့် အခြေအနေရှိသည့်အတွက် စီးပွားရေးတိုးတက်မှုနှင့် ရှယ်ယာဈေးကွက်အတွက် ဖြစ်ပေါ်လာရေး နှေးကွေးစေဦးမည်ဟု အဆိုပါစီးပွားရေးပညာရှင်က ဆက်လက်ပြောသည်။

မြန်မာ့စီးပွားရေး ဘဏ်အရာရှိက “ဓာတ်ဆီဆိုင်တွေ၊  ဒီဇယ်အရောင်းဆိုင်တွေ လွှဲတုန်းက ပုဂ္ဂလိက လက်ထဲရောက်သွားလို့ မှောင်ခိုဈေးကွက်တော့ ပျောက်သွားပြီ ထင်ခဲ့ကြတယ်။ တကယ်တော့ ဖြစ်မလာဘူး။ အစိုးရက ဆီဆိုင်သာ လွှဲပေးတာ။ အပြည့်အ၀ လွတ်လပ်စွာ တင်သွင်းရောင်းခွင့် မပေးဘူး။ ကန့်သတ်မှုတွေ၊ တားဆီးမှုတွေ လုပ်ထားတယ်။ အဲဒီလိုပဲ တခြားစီးပွားရေး ကဏ္ဍတွေမှာလည်း ပုဂ္ဂလိက လွှဲတယ်လို့သာပြောတာ၊ အစိုးရ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေတယ်” ဟု သုံးသပ်သည်။

အများပိုင်ကုမ္ပဏီ ဖြစ်ပေါ်လာရေးအတွက် အစိုးရက အားပေးရမည့်အပြင် အများပိုင်ကုမ္ပဏီအတွက် လုပ်ပိုင်ခွင့်များကို
အခွင့်အရေးပေးရန် လိုအပ်သည်ဟု UMFCCI မှ စီးပွားရေးသမားက ပြောသည်။

“အများပိုင်ကုမ္ပဏီတွေက စီးပွားရေးလုပ်ငန်း တိုးချဲ့တာ၊ လုပ်ငန်းသစ် ထူထောင်ချင်တာ လုပ်ဖို့ စဉ်းစားတိုင်း Trade Council ကို တင်ရတယ်။ ဒါတောင် လုပ်ခွင့်ရဖို့ မသေချာဘူး။ အများပိုင်ကုမ္ပဏီက လုပ်ပိုင်ခွင့်တောင်းတဲ့ လုပ်ငန်းက ဦးတေဇ လုပ်ပိုင်ခွင့်တောင်းတဲ့ လုပ်ငန်းမျိုးဖြစ်နေရင်တော့ ဦးတေဇကိုပဲ ပေးလိုက်တယ်။ အများပိုင်ကုမ္ပဏီကို မပေးဘူး။ အဲလိုမျိုးတွေလည်း ရှိတယ်။ တကယ်ဆိုရင် လေကြောင်းလိုင်း၊ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းတွေဆိုတာ အများပိုင်ကုမ္ပဏီ ထူထောင်ပေးပြီး ပုဂ္ဂလိကကို လွှဲသင့်တဲ့လုပ်ငန်းတွေပဲ။ အခုတော့ ဦးပိုင်နဲ့ သူတို့နဲ့ ရင်းနှီးတဲ့ လုပ်ငန်းရှင်ကြီးတွေကပဲ ရသွားတယ်” ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံတွင် အများပိုင်ကုမ္ပဏီတချို့ရှိသော်လည်း အစိုးရ၀န်ကြီးဌာန တစိတ်တပိုင်းပါဝင်သော အများပိုင်ကုမ္ပဏီများကသာ ကြီးစိုးလျက်ရှိကြောင်း၊ သစ်တောဝန်ကြီးဌာနက ရှယ်ယာ ၅၅ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အများပြည်သူသို့ ရှယ်ယာ ၄၅ ရာခိုင်နှုန်း ထုတ်ဝေရောင်းချ လုပ်ကိုင်နေသော မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ရှယ်ယာ ၅၃ ရာခိုင်နှုန်းပိုင်ဆိုင်ပြီး အများပြည်သူက ၄၇ ရာခိုင်နှုန်း ပိုင်ဆိုင်သော မြန်မာနိုင်ငံသားများဘဏ်လီမိတက်တို့သည် အစိုးရထူထောင်ထားသည့် အောင်မြင်နေသော အများပိုင်ကုမ္ပဏီကြီးများ ဖြစ်ကြသည်။

ပထမ ပုဂ္ဂလိကဘဏ်၊ FMI ကုမ္ပဏီတို့မှာမူ ပုဂ္ဂလိကနှင့် အများပြည်သူ ပူးပေါင်းထူထောင်ထားသော အများပိုင်ကုမ္ပဏီများ ဖြစ်သော်လည်း စီးပွားရေးအရ အစိုးရအများပိုင်ကုမ္ပဏီများနှင့် နှိုင်းယှဉ်လျှင် အကျိုးအမြတ်နည်းပါးလှကြောင်း သိရှိရသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံနိုင်ငံတိုင်း စတော့ရှယ်ယာဈေးကွက် ဖြစ်ထွန်းရမည်ဆိုသော သဘောတူချက်ဖြင့်
စတော့ရှယ်ယာဈေးကွက် မရှိသေးသည့် နိုင်ငံများက ရှယ်ယာဈေးကွက် များထူထောင်နေကြရာ၊ လာအိုနိုင်ငံက ဇန်န၀ါရီလတွင်လည်းကောင်း၊ ကမ္ဘောဒီယားနိုင်ငံက မကြာမီတွင် ထူထောင်ရန်လည်းကောင်း ပြဆင်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသည် စတော့ရှယ်ယာဈေးကွက် ထူထောင်ရန် တောင်ကိုရီးယားကုမ္ပဏီနှင့် ဆွေးနွေးမှုများ ရှိနေကြောင်း တောင်ကိုရီးယားနိုင်ငံအခြေစိုက် သတင်းဌာနတချို့၏  ဇန်န၀ါရီလအတွင်း ထုတ်ပြန်သော သတင်းများအရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်