ကမ္ဘာ့စီးပွားရေး အကြပ်အတည်း စစ်အစိုးရ၀င်ငွေကို ထိခိုက်

E-mail Print
ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနှင့် အတူ ကုန်ဈေးနှုန်း ကျဆင်းလာ သောကြောင့် သဘာဝ ဓာတ်ငွေ့ ပြည်ပသို့ တင်ပို့မှုကိုသာ အားထားနေရသော မြန်မာ စစ်အစိုးရ၏ ၀င်ငွေကို သိသိသာသာ ထိခိုက်လိမ့်မည်ဟု ကျွမ်းကျင်သူ တဦးက သုံးသပ်ပြောဆို လိုက်သည်။

သဘာဝ ဓာတ်ငွေ့မှ ရရှိသော ၀င်ငွေသည် လက်ရှိ ဘဏ္ဍာရေးနှစ်၏ ၉ လ အတွင်း လျော့နည်း ကျဆင်းလာကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနက ယခုတပတ်အတွင်း ထုတ်ပြန်သော သွင်းကုန် ထုတ်ကုန် လုပ်ငန်းနှင့် ပတ်သက်သည့် ကိန်းဂဏန်းများအရ သိရသည်။

သဘာဝဓာတ်ငွေ့ တင်ပို့မှုသည် ဧပြီနှင့် ဒီဇင်ဘာလ အတွင်း ၂၈.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၀န်ကြီးဌာန၏ အစီရင်ခံစာက ဆိုသည်။ သဘာဝ ဓာတ်ငွေ့သည် ပို့ကုန်စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းရှိသည်။ ပြီးခဲ့သည့်နှစ် ကိန်းဂဏန်း များနှင့် နှိုင်းယှဉ်ပါက ဒေါ်လာ သန်း ၆၇၀ လျော့ကျသွားသည်။  

မြန်မာ့စီးပွားရေးကို လေ့လာ စောင့်ကြည့်နေသော ပညာရှင် တဦးဖြစ်သူ သြစတေးလျနိုင်ငံ Macquarie တက္ကသိုလ် ပါမောက္ခ Sean Turnell က မကြာမီ လများအတွင်း အခြေအနေ ပို၍ ဆိုးဝါးလာဖွယ်ရှိသည်ဟု ပြောဆိုလိုက်သည်။

“ဒီဘဏ္ဍာရေးနှစ်မှာ မြန်မာပြည်ရဲ့ ပို့ကုန်လုပ်ငန်းက ရတဲ့ဝင်ငွေက ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် ထိခိုက်သွားတယ်။ ဒါပေမယ့် ဒီလိုထိခိုက်တာကို ဖုံးချင် ဖုံးထားနိုင်မှာပေါ့လေ။ နိုဝင်ဘာကစပြီး နိုင်ငံတကာမှာ ကုန်စည် ဈေးနှုန်းတွေ၊ ၀ယ်လိုအားတွေက ထိုးကျနေတာ၊ ဒီအစီရင်ခံစာမှာ ဒီ အကျပိုင်း ကာလနဲ့ ပတ်သက်ပြီး အပြည့်အစုံ မပါသေးဘူး” ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။

“ရှိတဲ့ ကိန်းဂဏန်းကို ကြည့်ပြီး ခန့်မှန်းရရင်တော့ ဒီဘဏ္ဍာရေး နှစ်ထဲမှာ ကုန်သွယ်ရေး ပိုငွေပြမှုက ၅၅ ရာနှုန်းကနေ ၆၀ ရာနှုန်းအထိ ကျလိမ့်လို့ ပြောလို့ရပါတယ်” ဟု ဆိုသည်။

သို့သော်လည်း ပါမောက္ခ Turnell က သဘာဝ ဓာတ်ငွေ့ အရောင်းကျမှုသည် သာမန် ပြည်သူများထက် စစ်ဗိုလ်ချုပ်များကို ပို၍ ထိခိုက်စေမည်ဟု ဆိုသည်။ သဘာဝ ဓာတ်ငွေ့မှ ရသည့်ငွေများကို လက်နက်ပစ္စည်းများ ၀ယ်ယူခြင်း သို့မဟုတ် လူထုအတွက် အကျိုးဖြစ်ထွန်းမှု နည်းသည့် ဟန်ပြစီမံကိန်းများ အတွက်သာ အသုံးပြုသောကြောင့် ဖြစ်သည်ဟု ဆိုသည်။

“လက်ရှိစစ်အစိုးရက ဈေးကွက် စီးပွားရေးစနစ်နဲ့ ပတ်သက်ပြီး သဘောပေါက် နားလည်မှု သိပ်မရှိဘူး။ နိုင်ငံ့စီးပွား အဆောက်အဦး ဖွံ့ဖြိုးရေးဆိုရင် လမ်းဖောက်၊ တံတားဆောက်၊ ဆည်ဆောက်ဖို့ လောက်ပဲ သိထားတာ” ဟု မကြာသေးမီက ထုတ်ဝေခဲ့သော ပါမောက္ခ Turnell ၏ “Burma Economic Watch” အစီရင်ခံစာတွင် ဖော်ပြထားသည်။

နာဂစ် ဆိုင်ကလုန်းဒဏ် မခံရမီကပင် မြန်မာပြည်၏ စီးပွားရေး ကျဆင်းလျက်ရှိသည်။ မြန်မာပြည်၏ ကြွယ်ဝသော သဘာဝ ဓာတ်ငွေ့သိုက်က စီးပွားရေး ပြန်လည် နာလန်ထူရန် အားသာချက် ဖြစ်နေသော်လည်း ပါမောက္ခ Turnellက သဘာဝ ဓာတ်ငွေ့သိုက်ကို မြန်မာပြည်အတွက် “ကျိန်စာသင့်စေသည့် သယံဇာတ”ဟု ဆိုသည်။

“ဓာတ်ငွေ့ ရောင်းရငွေတွေက ပြဿနာတွေ ပေါ်ခဲ့ပြီးပြီ။ အကောင်အထည် မမြင်ရတဲ့ ရသုံးငွေ စာရင်းမှာ ဒီဝင်ငွေတွေက ဟန်ပြ စီမံကိန်းကြီး တွေအတွက် သုံးဖို့ ဖြုန်းဖို့ လျာထားပြီး ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရတွေ ဒီလိုပဲ ဖြုန်းတီး ပစ်ခဲ့ကြတာပါပဲ” ဟု ပါမောက္ခ Turnell က ပြောပြသည်။

နာဂစ်မုန်တိုင်းကြောင့် မြန်မာပြည်၏ ဆန်စပါး စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း မထိခိုက်မီကပင် မိသားစုများ၏ ၅၀ ရာခိုင်နှုန်း နီးပါးမှာ အကြွေးဝန်ပိလျက် ရှိကြောင်းလည်း ပါမောက္ခက ဆိုသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ရှိသော်လည်း မြန်မာ့ ပြည်တွင်း ထွက်ကုန် ပစ္စည်း၏ ၄၇ ရာနှုန်းမှာ စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်နေသေးသည်။

နာဂစ်မုန်တိုင်းလွန် ကာလတွင် လယ်သမားများက မျိုးစပါးနှင့် လုပ်ငန်းသုံး ပစ္စည်းကိရိယာများ လိုအပ်လာသည်။ စစ်အစိုးရက ထောင်သောင်းချီသော လယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို အတိုးငွေ ၁၇ ရာခိုင်နှုန်း သတ်မှတ်ပြီး ထုတ်ချေးခဲ့သည်။ ရလဒ်အားဖြင့် ဆင်းရဲတွင်းနှင့် အကြွေးသံသရာမှ လယ်သမားများ မလွတ်မြောက် နိုင်တော့ပေ။

အတိုးမဲ့ ချေးငွေများ ထုတ်ပေးခြင်း နည်းလမ်းကို “မည်သည့် အစိုးရမဆို သဘာဝ ဘေးဒဏ်များမှ ပြန်လည် ရှင်သန်လာရေးအတွက် ကျင့်သုံးလေ့ရှိသည်”ဟု ပါမောက္ခ Turnell က မှတ်ချက်ချထားသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်