မှတ်ပုံတင်ပျောက် နာဂစ် ဒုက္ခသည်များ အခက်အခဲဖြစ်

E-mail Print
နာဂစ် မုန်တိုင်းဒဏ် ပြင်းပြင်း ထန်ထန် ခံခဲ့ရသည့် ဧရာဝတီ တိုင်းအတွင်း သက်ဆိုင်ရာ အာဏာပိုင်များက နိုင်ငံသား မှတ်ပုံတင် ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေးသည့် အတွက် ဒေသခံ အများစုမှာ အခက်အခဲများ ဖြစ်နေကြကြောင်း သိရှိရသည်။

နာဂစ် မုန်တိုင်းကြောင့် ၎င်းတို့၏ အိုးအိမ်၊ လုပ်ငန်းများနှင့် အတူ ပျက်စီး ဆုံးရှုံးခဲ့ရသော နိုင်ငံသား မှတ်ပုံတင်များကို ယခု အချိန်ထိ ပြန်လည် ပြုလုပ်ပေးခြင်း မရှိသေး သောကြောင့် တခြားသော မြို့ရွာများသို့ ညဥ့်အိပ် ညဥ့်နေ ခရီးသွားလာရန် အခက်အခဲ ဖြစ်ရသည်ဟု ဧရာဝတီတိုင်း ပြင်စလူခရိုင် ရေတွင်း ရေကန် ကျေးရွာမှ ရွာသားတဦးက ပြောဆိုသည်။

“ပိုက်ဆံ တတ်နိုင်တဲ့ သူတွေကတော့ဗျာ လပွတ္တာ မြို့ပေါ်တက်ပြီး ပိုက်ဆံပေး လုပ်လိုက်ကြတာပဲ၊ မလုပ်နိုင်တဲ့ သူတွေကတော့ ဒီအတိုင်းပဲ ငုတ်တုတ်ပေါ့၊ ခရီးသွားစရာရှိရင် ထောက်ခံစာ တောင်းပေါ့” ဟု ထောက်ခံစာနှင့် ခရီးသွားလာ နေရသည့် တခြားသော ရေတွင်း ရေကန် ကျေးရွာသား တဦးကလည်း ပြောသည်။

အဆိုပါ မုန်တိုင်းသင့် ဒေသများမှ ငွေကြေးရှိသူ တချို့သည် မှတ်ပုံတင် ရရှိရေးအတွက် လပွတ္တာ မြို့ပေါ်သို့ သွားရောက် လုပ်ဆောင် နိုင်ကြသော်လည်း အများစုမှာ ငွေကြေး ကြပ်တည်း ကြသောကြောင့် မှတ်ပုံတင်မရှိဘဲ ရပ်ကွက်လူကြီး၏ ထောက်ခံချက်ဖြင့်သာ နေထိုင်လျက် ရှိကြသည်ဟုလည်း ဆိုသည်။

မြန်မာ နိုင်ငံတွင် ဒေသတခုမှ ဒေသတခုသို့ ညဥ့်အိပ် ညဥ့်နေ သွားလာပါက ဧည့်စာရင်း တိုင်ရသောကြောင့် မှတ်ပုံတင် မရှိသူများမှာ အခက်အခဲ ဖြစ်ရကြောင်း၊ အဆိုပါ မုန်တိုင်းသင့် ဒေသများမှ မှတ်ပုံတင် မရှိသူများ အနေနှင့် တခြား အရပ်ဒေသ တခုခုသို့ ညဥ့်အိပ် ညဥ့်နေ သွားလိုပါက ၎င်းနေထိုင်ရာ ရပ်ကွက်လူကြီး ရယက ထံမှ ထောက်ခံစာ၊ ၎င်းတို့ ဒေသကို အုပ်ချုပ်လျက် ရှိသော စစ်တပ်၏ ထောက်ခံစာ စသဖြင့် ထောက်ခံစာ များကို အဆင့်ဆင့် တောင်းယူ ခွင့်တောင်းခြင်းများ ပြုလုပ်ရကြောင်း သိရှိရသည်။

“ထောက်ခံစာဖိုးတောင် မတတ်နိုင်တဲ့ သူတွေလည်း ရှိတယ်၊ ခုချိန်ထိ ငွေ ကျပ် ၁၀၀၀ ပြည့်အောင် မရှိတော့တဲ့ သူတွေလည်း အများကြီးဆိုတော့ ထောက်ခံစာဖိုး ၂၀၀၀ ဆိုတာ သူတို့ အတွက်တော့ များတာပေါ့” ဟု ပြင်စလူ မြို့နယ်တွင်းရှိ ကျေးရွာများသို့ ပုံမှန် ကွင်းဆင်းနေရသူ ပြည်တွင်း အန်ဂျီအို အဖွဲ့အစည်း တခုမှ ကြီးကြပ်ရေးမှူး တဦးက ပြောဆိုသည်။

လူဝင်မှု ကြီးကြပ်ရေး ၀န်ကြီးဌာနမှ ဧရာဝတီ တိုင်းတွင် တာဝန် ထမ်းဆောင်လျက် ရှိသော အရာရှိ တဦးကမူ တချို့ ဒေသများကို မှတ်ပုံတင်များ ထုတ်ပေးပြီး တချို့ကို ထုတ်ပေးရန် စီစဉ်လျက် ရှိကြောင်း ပြောသည်။
 
“အားလုံးကိုတော့ ထုတ်ပေးသွားမှာပဲ၊ လောလောဆယ်မှာတော့ ရနေတဲ့ သူတွေလည်း ရှိပါတယ်” ဟု အဆိုပါ အရာရှိက ဆိုသည်။

မုန်တိုင်းသင့် ဒေသများတွင် ပျက်စီး ဆုံးရှုံးခဲ့သည့် နိုင်ငံသား မှတ်ပုံတင်များအား ပြန်လည် ထုတ်ပေးတော့မည်ဟု ၂၀၀၈ ခုနှစ် ဇူလိုင်လ ကတည်းက ကြေညာ ထားသော်လည်း အများစုမှာ ယနေ့အထိ မှတ်ပုံတင် မရှိကြကြောင်း သိရှိရသည်။

၂၀၀၈ ခု မေလ ၂ ရက်နှင့် ၃ ရက်တွင် ရန်ကုန်တိုင်းနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသများကို တိုက်ခတ်ခဲ့သည့် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဧရာဝတီ တိုင်းအတွင်း အိုးမဲ့အိမ်မဲ့ ၈၀၀၀၀၀ ကျော်ရှိပြီး လူပေါင်း ၇.၅ သန်းခန့် ဘေးဒုက္ခ ကြုံတွေ့ရကြောင်း သုတေသန အစီရင်ခံစာများအရ သိရသည်။

ကမ္ဘာ့ကုလသမဂ္ဂက ယင်း နာဂစ် မုန်တိုင်းကြောင့် သေဆုံးသူပေါင်း ၁၃၄၀၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားသည်။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်