ထောက်လှမ်းရေး တပ်ဖွဲ့ တိုးချဲ့ရန် ပြင်ဆင်နေ

E-mail Print
အာရပ်နိုင်ငံများတွင် ဖြစ်ပွားနေသော လူထုလှုပ်ရှားမှု ဂယက်များ မြန်မာနိုင်ငံသို့ ကူးစက်လာပါက နှိမ်နှင်းရန်အတွက် ထောက်လှမ်းရေး တပ်ဖွဲ့များ တိုးချဲ့ရန် စစ်အစိုးရက ပြင်ဆင်လျက် ရှိသည်။

top-leader-Senior-Gen-Than-Shweအရှေ့အလယ်ပိုင်း ဒေသတွင် ဖြစ်ပွားနေသော လှုပ်ရှားမှုများက တရုတ်နိုင်ငံအထိ ကူးစက်လာသည့်အတွက် အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့(NIB)ကို ပြန်လည် ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နှင့် အခြား ထိပ်တန်း စစ်ခေါင်းဆောင် ၆ ဦး တို့က ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း စစ်တပ် အသိုင်းအ၀န်းက ဆိုသည်။

ယခင် NIB ဖွဲ့စည်းပုံအတိုင်း စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့၊ အထူး သတင်းတပ်ဖွဲ့ နှင့် ပြည်ထဲရေးဝန်ကြီး လက်အောက် ခံ အထူး စုံစမ်းစစ်ဆေးရေး ဦးစီးဌာန(စစစ)များအပြင် အခြားဝန်ကြီးဌာန အုပ်ချုပ်ရေးပိုင်းနှင့် လုံခြုံရေး အဖွဲ့များလည်း ပါဝင် မည်ဖြစ်သည်။

လူထုတရပ်လုံးပါဝင်သည့် အမျိုးသားကွန်ရက် ဖွဲ့စည်းထူထောင်ရန် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြိုးပမ်းမှုသည် လူထုအုံကြွမှု တရပ်အဖြစ်အသွင်ပြောင်းလဲသွားမည်ကို စစ်ခေါင်းဆောင်များက စိုးရိမ်မှုဖြင့် NIB ကိုပြန် လည်ဖွဲ့စည်းရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ရာထူးမှ ဖြုတ်ချခဲ့ပြီးနောက်ပိုင်း NIB အဖွဲ့ကိုလည်း ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်း နိုင်ငံများ၏ လူထုလှုပ်ရှားမှု ဖြစ်ပွားခဲ့ပြီးနောက် ပြည်တွင်းပြည်ပမှ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူများက အင်တာနက် လှုမှုကွန်ရက် စာမျက်နှာများမှတဆင့် အာရပ်နိုင်ငံများရှိ လူထုလှုပ်ရှားမှုမျိုး လုပ်ဆောင်ရန် လှုံ့ဆော်မှုများ ပြုလုပ်လာကြသည်။

ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ဖြစ်သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖေ့စ်ဘွတ်(Face Book)အင်တာနက် စာမျက်နှာများမှ တဆင့် Just Do It လှုံ့ဆော်မှု တခုကို စတင်ခဲ့သည်။ ယင်းလှုပ်ရှားမှု စတင်ခဲ့ပြီး တပတ်အကြာ စစ်အစိုးရက  အင်တာနက် ၀န်ဆောင်မှုကိုလည်း ယခင်ထက် ပိုမိုထိန်းချုပ်ခဲ့သည်။

“၂၀၀၇ နောက်ပိုင်း အင်တာနက် အသုံးပြုမှုတွေကို စစ်ဆေးနေတာက ဖြစ်နေကြပါ၊ ဒါပေမယ့် ဒီရက်ပိုင်းအတွင်းမှာ အင်တာနက်ဆိုင် တော်တော်များများနဲ့ ရတနာပုံ ဆိုက်ဘာစီးတီးကို ပိုပြီးစစ်ဆေးတာတွေလုပ်နေတယ်”ဟု ရတနာပုံ ဆိုက်ဘာ စီးတီးမှ အိုင်တီ ပညာရှင်တဦးက ပြောသည်။

နိုင်ငံရပ်ခြားတွင် သံတမန် တာဝန်ကို ထမ်းဆောင်နေကြသည့် သံတမန်များနေရာတွင် စစ်ဘက်ဆိုင်ရာမှ လူများဖြင့် အစားထိုးရန် စီစဉ်နေခြင်းသည် အာရပ်ဒေသတွင်ဖြစ်ပွားနေသည့် အရေးအခင်းများအတွင်း သံတမန် အများအပြား သက်ဆိုင်ရာ အာဏာရှင်များကို ဆန့်ကျင်ကြသည့် ဂယက်၏ အကျိုးသက်ရောက်မှု တခုဖြစ်ကြောင်း လည်းသိရသည်။

“နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်သားတွေအတွက်တော့ သတင်းဆိုးတခုပေါ့၊ ဒါကို ကြည့် ရတာက ဒီဝန်ကြီးဌာနအတွင်းမှာ အရပ်သားတွေကို ရာထူးထပ်မတိုးတော့မယ့် သဘောပဲ”ဟု နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိတဦးကပြောသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပါဝင်သော နိုင်ငံ့ဥသျှောင်အဖွဲ့ ဖွဲ့စည်းပြီးဖြစ်ကြောင်းနှင့် ရုံးခန်းကို နေပြည် တော်ရှိ ဥပ္ပါတသန္တိ စေတီအနီးတွင် ဖွင့်လှစ်ထားကြောင်းလည်း နေပြည်တော်မှလာသော သတင်းများအရ သိရသည်။

သမ္မတ ဦးသိန်းစိန်ကို အစိုးရ အုပ်ချုပ်ရေး အာဏာလွှဲပေးမည် ဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင် ပါဝင် သော နိုင်ငံ့ဥသျှောင် အဖွဲ့ ဖွဲ့က အုပ်ချုပ်ရေး ယန္တရားကို ကြီးကြပ်ကွပ်ကဲမည် ဖြစ်သည်။

နိုင်ငံ့ဥသျှောင်အဖွဲ့တွင် အဖွဲ့ဝင် ၈ ဦး ပါဝင်မည်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး ဟောင်းနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ သီဟ သူရ ဦးတင်အောင်မြင့်ဦး၊ ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးနှင့်အတူ တခြားအဆင့်မြင့် စစ်အရာရှိဟောင်း ၂ ဦး ပါဝင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“အစိုးရသစ်ဖွဲ့ပြီးတော့ ဗိုလ်ချုပ်တွေအကြားမှာ အာဏာ ပြိုင်ဆိုင်မှုတွေမဖြစ်လာနိုင်အောင် နိုင်ငံ့ဥသျှောင်ကိုဖွဲ့တာပါ၊ အစိုးရအဖွဲ့မှာ သမ္မတ၊ ဒု သမ္မတ စတဲ့ ရာထူးတွေကွဲနေပေမယ့် နိုင်ငံ့ဥသျှောင်အဖွဲ့မှာတော့ အတူတူပါပဲ”ဟု နေပြည်တော် ရှိ စစ်ဘက်ဆိုင်ရာ အရာရှိတဦးက ဆိုသည်။

ရန်ကုန်အခြေစိုက် ဧရာဝတီ သတင်းထောက်များ ပါဝင် ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်