DKBA စစ်ဆင်ရေး သတင်းကြောင့် မြဝတီမြို့ခံများ တိမ်းရှောင်

E-mail Print
တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်း - မြန်မာ နယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် ယနေ့ စစ်ဆင်ရေး ပြုလုပ်မည် ဆိုသည့်သတင်း ထွက်ပေါ် နေသဖြင့် မြို့ခံများ ဘေးကင်း လုံခြုံရာသို့ ရှောင်တိမ်း နေကြသည်ဟု သိရသည်။

soldiers-take-position2မြ၀တီမြို့ခံတဦးက “DKBA ဗိုလ်နှုတ်ခမ်းမွေး အဖွဲ့က ဝင်တိုက်မယ်ဆိုတော့ ထိုင်းဘက်နဲ့ ကော့ကရိတ် ဘက်ကို ရှောင်တာရှိသလို၊ မြို့ပြင် ဘက်ကိုလည်း ရှောင်နေကြတယ်။ အာဏာပိုင်တွေကတော့ ဒီသတင်း မဟုတ်ဘူး၊ ကောလာဟလလို့ ရပ်ကွက်ထဲ လိုက်ပြောနေတယ်။ ဒါပေမယ့် ရှောင်နေတဲ့အထဲမှာ သူတို့ ဆွေမျိုး သားချင်းတွေ ရှေ့ဆုံးကပဲ” ဟု ဧရာဝတီသို့ ပြောသည်။

တိုက်ပွဲ သတင်းများကြောင့် မြဝတီမြို့၌ ကျီးလန့်စာစားဖြစ်နေချိန်တွင် ထိုင်းဘက်ခြမ်း နယ်ခြားမျဉ်းအနီးရှိ သုဿန်တွင် ပြုလုပ်သော ဈာပနမှ ပစ်ဖောက်သည့် မီးကျည်အသံများကြောင့် မြို့ခံများ ထိတ်လန့်ကာ တမြို့လုံး အသွားအလာမရှိဘဲ ငြိမ်သက်နေသည်ဟု သူက ဆိုသည်။

DKBA တပ်မဟာ ၅ မှ စစ်ဆင်ရေးမှူး တဦးဖြစ်သည့် ဗိုလ်မှူးဆန်းအောင်က “ဒီနေ့ စစ်ဆင်ရေးရှိတာ ဟုတ်တယ်။ ကျနော်တို့တပ်ဖွဲ့တွေ မြို့ကိုဝိုင်းထားပေမယ့် ဒီရက်တွေမှာ မိုး တအား ရွာနေတာကြောင့် စစ်ဆင်ရေးကို အဟန့်အတား ဖြစ်မှာစိုးလို့ ဒီနေ့တော့ မလုပ်ဖြစ်ပါဘူး။ ဒီစစ်ဆင်ရေးက နအဖ ရဲ့ ယန္တရား ကိုပဲ အဓိကတိုက်မှာ ဖြစ်တဲ့အတွက် အရပ်သားတွေ စိုးရိမ်ဖို့ မလိုဘူး။ ဒါပေမယ့် သတိနဲ့တော့ သွားလာဖို့ လိုတယ်” ဟု ပြောသည်။

DKBA တပ်မဟာ ၅ အဖွဲ့သည် ၁၀ တန်း ကျောင်းသားများ စာမေးပွဲပြီးသည့် ရက်ပိုင်းအတွင်း မြ၀တီမြို့ကို ထိုးစစ်ဆင်မည် ဆိုသည့်အကြောင်း မြို့ခံများ သိရှိစေရန် ကြိုတင်ပြောကြားထားပြီး ဖြစ်သည်ဟုလည်း ဗိုလ်မှူးဆန်းအောင်က ဆိုသည်။

လွန်ခဲ့သည့် ၃ ရက်ခန့်ကလည်း DKBA အဖွဲ့သည် မြ၀တီ - ကော့ကရိတ် ကားလမ်းပေါ်ရှိ တောင်သုံးလုံး ဒေသ အနီးတွင် နအဖ တပ်စခန်းများကို ၀င်ရောက်ပစ်ခတ်ခဲ့သည့် အတွက် နအဖ တပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့သည်ဟု မြ၀တီမြို့ခံ ယာဉ်မောင်းတဦးကပြောသည်။

DKBA အဖွဲ့သည် ဆက်လက်ရပ်တည်ရန် ဘဏ္ဍာငွေ မရှိတော့သဖြင့် မြ၀တီမြို့ကို ၀င်ရောက်တိုက်ခိုက်ပြီး ပြည်သူများထံမှ ဓားပြတိုက် လုယက်ရန် အစီအစဉ်ရှိသည်ဟု မြ၀တီခရိုင် အစိုးရ အာဏာပိုင်များက ခရိုင် အတွင်း သတင်းဖြန့်ထားသည်ဟု သိရသည်။

မြဝတီမြို့ခံ ယာဉ်မောင်းက “မြ၀တီခရိုင်နဲ့ ကော့ကရိတ်ခရိုင် နှစ်ခုကို DKBA နဲ့ KNU (ကရင်အမျိုးသား အစည်းအရုံး) က ဘယ်အချိန် ၀င်တိုက်တိုက် ရတဲ့အနေအထား ရှိတာကို လူထုက သိထားတယ်။ သူတို့မှာ အတွေ့အကြုံနဲ့ အဆက်အသွယ်တွေက ရှိပြီးသားဆိုတော့ အရင်ရှောင်ထားတာ အလကားမဖြစ်ဘူးဆိုတာ သိနေကြတယ်။ မြ၀တီနဲ့ ကော့ကရိတ်လမ်းကိုတောင် လုံခြုံရေး မပေးနိုင်တဲ့ အာဏာပိုင်တွေကို လူထုက အယုံအကြည် မရှိတာ ရှေ့မှာ နမူနာတွေအများကြီး ရှိခဲ့တယ်” ဟုပြောသည်။

DKBA အဖွဲ့က မြ၀တီမြို့ စစ်ဆင်ရေးကို အကောင်အထည်ဖေါ်မည့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု ပြောထားပြီး မြ၀တီခရိုင်အာဏာပိုင်များ ဘက်မှ မြို့တွင်းလုံခြုံရေးအတွက် ပုံမှန်ထက် တပ်အင်အားများ တိုးမြှင့်ချထားကြောင်း၊ ခရိုင်အတွင်း တပ်လှန့် ထားကြောင်း ကရင် နယ်ခြားစောင့်တပ်မှ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင် စစ်အစိုးရ ရွေးကောက်ပွဲ ကျင်းပသည့် ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့မှစ၍ နအဖတပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေသခံများ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ထွက်ပြေးခဲ့ကြ ရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်