အခါမဲ့မိုးကြောင့် မတ်ပဲများ ပျက်စီး

E-mail Print
ပဲခူးတိုင်း အနောက်ဘက် မတ်ပဲစိုက်ပျိုးသည့် ဒေသများ၌ ၃ ရက်ခန့် ဆက်၍ ရွာသွန်းသော အချိန်အခါမဲ့မိုးကြောင့် နုတ်ပြီး မတ်ပဲ များ လေလွင့် ပျက်စီးမှု များနိုင်မည်ဟု ဒေသခံ တောင်သူများက ပြောသည်။

အထူးသဖြင့် မင်းလှမြို့နယ်ရှိ ကျေးရွာများ၏ လယ်ကွက်များအတွင်း စုပုံထားသော နုတ်ပြီး မတ်ပဲများ၏ ရာခိုင်နှုန်း ထက်ဝက် မျှ ပျက်စီးနိုင်မည်ဖြစ်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။

မင်းလှ မြို့နယ် စိန်ကန့်လန့်ကျေးရွာ တောင်သူတဦးက“အခုလောက် မိုးပမာဏနဲ့ ထောင်လျက် မတ်ပဲခင်းတွေ မထိခိုက်နိုင်ဘူး။
နုတ်ပြီး အမိုးအကာအောက်ရောက်သွားတဲ့ မတ်ပဲတွေလည်း အပျက်အစီးနည်းမယ်။ ဒါပေမယ့် တလင်းထဲ မရောက်သေးဘဲ လယ်ကွက်တွေထဲ စုပုံထားတဲ့ မတ်ပဲတွေတော့ မိုးကြောင့် အတော်ပျက်စီးကြလိမ့်မယ်”ဟု ပြောသည်။

ထို့အပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မင်းလှမြို့နယ်အတွင်းရှိ အနိမ့်ပိုင်း လယ်မြေများ ရေတင်ကာ မတ်ပဲခင်းတချို့ လုံးဝ ပျက်စီး သွားကြသည်ဟုလည်း ဒေသခံတောင်သူများက ဆိုသည်။

“မတ် ၁၄ ရက်ကတည်းက အခုရက်အထိ တောက်လျှောက် မိုးမပြတ်ဘူး။ ဒီလိုမျိုး နောက်နှစ်ရက်လောက် ဆက်ပြီး မိုးစွေနေရင် နုတ်ထားတဲ့ မတ်ပဲတွေ ရိပြီး ပျက်စီးကုန်လိမ့်မယ်”ဟု အုတ်ဖိုမြို့နယ်မှ မတ်ပဲစိုက် တောင်သူတဦးက ပြောသည်။

မတ်ပဲသည် ပူသော သဘာဝ ရှိ၍ နွေရာသီ၌ ထယ်ထိုး၊ ဒလိမ့်တုံး လိုက်အပြီး မြေငွေ့နှင့်ပင် အပင်ပေါက်လွယ်ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ မိုးထိထားသော မတ်ပဲစေ့များ မကြာမီ အစို့ပေါက်တော့မည် ဖြစ်သည့်အတွက် ရေစို မတ်ပဲများကို အမိုးအကာ များအောက် ဖြန့်ခင်း၍ ခြောက်သွေ့ရန် ပြုလုပ်ပေးနေရသည်ဟုလည်း တောင်သူများက ပြောဆိုကြသည်။

လယ်မြေကွက်များအတွင်းမှ အမိုးအကာအောက်ရောက် စိုထိုင်းနေသော မတ်ပဲများသည် ဆောင်းရာသီတမျှ အေးနေသော ယခုကာလတွင် မည်သို့မျှ ခြွေလှေ့၍ မရကြောင်း သိရသည်။

“မတ်ပဲဆိုတာ ကြွမ်းခြောက်နေမှ ခြွေလို့ရတယ်။အ ခုလို ရေထိ မတ်ပဲတွေကို ဒလိမ့်တုံးတွေ၊ ခြွေလှေ့စက်တွေသုံးလဲ မရဘူး။ အနည်းဆုံး၂ ရက် ၃ ရက် နေပြပြီးမှ ခြွေလို့ရနိုင်မယ်”ဟု ကြို့ပင်ကောက်မြို့နယ် စိုင်ခေါင်းကျေးရွာ တောင်သူများက ဆိုသည်။

လတ်တလောအခြေအနေအရ ခြွေလှေ့၍ မရသေးခြင်းကြောင့် မတ်ပဲ ပမာဏမည်မျှ လေလွင့်ပျက်စီးမည်ကိုမူ မှန်းဆ၍ မရသေး ကြောင်းလည်း ၎င်းက ပြောသည်။

ယခင်နှစ်များထက် မတ်ပဲအထွက်စောသော ကြို့ပင်ကောက်မြို့နယ်မှ မတ်ပဲစိုက် တောင်သူတဦးကလည်း“နုတ်ပြီးတာနဲ့ တလင်း ထဲ တိုက်ယူ၊ လှည်း၂ စီးတိုက်ကို တပြန့်နှုန်းခင်း၊ ဒလိမ့်တုံးနဲ့လှိမ့်ပြီး ချက်ချင်း ခြွေလှေ့တယ်။ အဲဒီလို နုတ် - လှမ်း - နယ်နဲ့ ထောင့်စေ့ နေတာတောင် ရိုးကြမ်း(မတ်ပဲရိုးပြတ်)တွေ မိုးမိလိုက်သေးတယ်။ ရိုးကြမ်းတွေနဲ့ ရောနေတဲ့ မတ်ပဲစေ့တွေဆိုတာ အခုလောက်မိုးနဲ့တင် အစို့ပေါက်စ ပြုနေပြီ”ဟု ပြောသည်။

ရိုးကြမ်းများနှင့် ရောနှောနေ၍ ခြွေလှေ့ရန် ကျန်ရှိနေသည့် မတ်ပဲ တချို့ လေလွင့်ဆုံးရှုံးခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။

ကြို့ပင်ကောက်မြို့နယ်မှ မတ်ပဲစိုက် တောင်သူက ဆက်လက်၍“အခုလို အခါမဲ့မိုးမှာ စောပြီးတဲ့ သူတွေတောင် အလေအလွင့် ရှိတယ်။ အမိုးအကာမရှိ ပုံထားတဲ့ မတ်ပဲတွေတော့ လုံးဝ အပျက်အစီးများလိမ့်မယ်”ဟု ပြောသည်။

ပူပြင်းခြောက်သွေ့သော ယခုကဲ့သို့ နွေဦးရာသီတွင် တောင်သူများသည် စပါးပုတ်စင်၊ နွားတင်းကုပ်မှအစ အမိုးအကာများ ကာရန် ခြင်းပြုလုပ်လေ့ မရှိကြောင်း၊ အခါမဲ့မိုး ရွာသွန်းသောအခါ နုတ်ပြီးမတ်ပဲများအတွက် အမိုးအကာ အသင့်မဖြစ်ခဲ့ကြောင်း၊ မတ်ပဲ ပုံ များပေါ် ဖုံးအုပ်ရန် အရေးပေါ် အခြေအနေကြောင့် မြို့နယ်များအတွင်း တာလပတ် မိုးကာစများ ပြတ်လပ်သည်အထိ ရောင်းအား ကောင်းခဲ့ကြောင်း၊ တချို့တောင်သူများ ပေါင်းတည်မြို့၊ ပြည်မြို့များအထိ သွားရောက်ကာ ဈေးကြီးပေး၍ ၀ယ်ယူ အသုံးပြုခဲ့ရ
ကြောင်း သိရသည်။

သို့သော် ရန်ကုန် - ပြည်မြို့တလျှောက် မတ်ပဲထွက်နှုန်း အကောင်းဆုံး ဖြစ်သည့် နတ္တလင်း မြို့နယ်အတွင်း မတ်ပဲခင်းများ ယခုမှ စတင် နုတ်သိမ်းနေစဉ်ဖြစ်၍ ထိခိုက်ပျက်စီးမှု နည်းကြောင်း၊ မတ်ပဲ အထွက်နှုန်းကောင်းသော ကြို့ပင်ကောက်မြို့ အရှေ့ခြမ်း
တောင်ချောင်း၊ ငှက်ကြီးသိုက်၊ သရက်ကိုင်းကျိုး၊ လှေဒုန်း အပါအ၀င် ပဲခူးရိုးမ တောင်ခြေ ကျေးရွာများအထိ မတ်ပဲခင်းများ လက်ရှိ နုတ်နေဆဲ ဖြစ်၍ လေလွင့်ဆုံးရှုံးမှု မသိသာကြောင်း ဒေသခံများက ပြောဆိုကြသည်။

မင်းလှမြို့နယ် မတ်ပဲစိုက် တောင်သူများက“လယ်ကွက်တွေထဲ ကျန်ခဲ့တဲ့ မတ်ပဲစေ့တွေ အခုလိုမိုးနဲ့ မကြာမီရက်ပိုင်းမှာ အပင်တွေ ပေါက်တော့မယ်”ဟု ပြောသည်။

ယမန်နေ့အထိ ပဲခူးတိုင်း အနောက်ဘက် ပြည်မြို့မှ လက်ပံတန်း မြို့နယ်အထိတောက်လျှောက် ကွက်ကြားမိုး ရွာသွန်းလျက်ရှိရာ နုတ်ထားသော မတ်ပဲများပျက်စီး လေလွင့်မည်ကို စိုးရိမ်နေကြကြောင်း တောင်သူများက ဆိုသည်။

ဒေသတွင်း မတ်ပဲ တတင်း လက်ရှိပေါက်ဈေး ၂၃၈၀၀ ကျပ် ရှိနေသော်လည်း မကြာမီ ရောင်းချလာမည့် ရေစို မတ်ပဲများကြောင့် ယခုထက် ဈေးနိမ့်လာဖွယ် ရှိသည်ဟု တောင်သူများက ခန့်မှန်းနေကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်