မြန်မာ့ ယွန်းလုပ်ငန်း ပျက်လုနီးပြီ

E-mail Print
ပုဂံမြို့ မြင်းကပါရပ်က ယွန်းထည် လုပ်ငန်းပိုင်ရှင် ကိုချမ်းအေး တယောက် သူ့ ယွန်းထည် အလုပ်ရုံကို လွန်ခဲ့တဲ့ ၂ လခန့် ကတည်းက ပိတ်ထားလိုက်ရပါတယ်။ နိုင်ငံခြား ခရီးသွား လုပ်ငန်းအပေါ် ၉၀ ရာခိုင်နှုန်း မှီခိုနေရတဲ့ ပုဂံမြို့ရဲ့ အဓိက စီးပွားရေး လုပ်ငန်းတခု ဖြစ်တဲ့ ယွန်းထည် လုပ်ငန်းဟာ နိုင်ငံခြား ဧည့်သည် အ၀င်မရှိသလောက် ပါးနေတဲ့အတွက် ရပ်တည်ဖို့ ခက်ခဲလာပြီး ခုလို ပိတ်လိုက်ရခြင်း ဖြစ်ကြောင်း ကိုချမ်းအေးက ပြောပြပါတယ်။

မြန်မာ့ ယွန်းထည် ပစ္စည်းတွေကို အများဆုံး ၀ယ်ယူသူများဟာ နိုင်ငံခြားသား ဧည့်သည်တွေ ဖြစ်တဲ့အတွက် နိုင်ငံခြားသား ဧည့်သည် ၀င်ရောက်မှုနဲ့ ယွန်းထည် လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဟာ တိုက်ရိုက် ဆက်နွှယ်နေတယ်လို့ သူက ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေး အကြပ်အတည်းကြောင့် မြန်မာနိုင်ငံကို လာရောက် လည်ပတ်သူ နိုင်ငံခြားသား ခရီးသည်တွေ မရှိသလောက် ရှားပါးနေတဲ့အပြင် တရုတ်နိုင်ငံနဲ့ ဂျပန်နိုင်ငံကို တင်ပို့ ရောင်းချနေတာကိုလည်း ရပ်နားထားရတဲ့ အတွက် ယွန်းထည် လုပ်ငန်းတွေ အနေနဲ့ အလုပ်ရုံတွေ ပိတ်ထားရတဲ့ အနေအထားနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။

“ကျနော့် တသက်မှာ အလုပ်ရုံကို နားလိုက်ရတာ ဒါ ပထမဆုံးအကြိမ်ပါပဲ။ အဲဒီအတွက် ကျနော် တော်တော့်ကို စိတ်ထိခိုက် နေရပါတယ်” လို့ သူက ပြောဆိုပါတယ်။

သူလက်ရှိ လုပ်ကိုင်နေတဲ့ ယွန်းထည် လုပ်ငန်းဟာ သူ့အဘိုး အဘေးတွေ အင်္ဂလိပ် လက်ထက် ကတည်းက စတင် လုပ်ကိုင်ခဲ့တဲ့ မိရိုးဖလာ လုပ်ငန်းတခု ဖြစ်ပါတယ်။

 ၂၀၀၀ ပြည့်နှစ်က စပြီး အဲဒီလုပ်ငန်းကို သူ့ဖခင်ဆီက လွှဲပြောင်းယူခဲ့တာ ဖြစ်ပြီး ၂၀၀၁ -၂၀၀၂ ခုနှစ်များဟာ ရောင်းအားလည်း ကောင်းခဲ့တဲ့နှစ်တွေ ဖြစ်တယ်လို့ သူကဆိုပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး ဧည့်သည်အ၀င် နည်းလာတဲ့ အတွက် ရောင်းအား ကျဆင်းခဲ့ရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင်းကို ကမ္ဘာလှည့် ခရီးသွား ၀င်ရောက်မှု ပမာဏ ကျဆင်းခဲ့ပြီး  ၂၀၀၇ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၀၈ နှစ် တနှစ်ပတ်လုံး ဧည့်သည် ၀င်ရောက်မှု နည်းပါးတယ်ဆိုတာကို ဟိုတယ်နဲ့ ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
 
ရန်ကုန်နဲ့ မန္တလေး လေဆိပ် ဧည့်သည် ၀င်ရောက်မှု အနေနဲ့ ၂၀၀၆ ခုနှစ်မှာ ၂ သိန်း ၆ သောင်း ၃ ထောင်ကျော်၊ ၂၀၀၇ ခုနှစ်မှာ ၂ သိန်း ၄ သောင်း ၈ ထောင်ကျော်၊ ၂၀၀၈ ခုနှစ်မှာ ၁ သိန်း ၇ သောင်း ၇ ထောင်ကျော် ၀င်ရောက် ခဲ့တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလာရေး လုပ်ငန်းရှင်များ အသင်းက စာရင်းထုတ်ပြန် ထားပါတယ်။

ပုဂံဟာ ခရီးသွားလုပ်ငန်းများ စိတ်ဝင်စားဆုံး နေရာဒေသ တွေထဲမှာ အပါအ၀င်ဖြစ်ပြီး  ယွန်းပစ္စည်း တွေဟာလည်း နိုင်ငံခြားသား ခရီးသွား ဧည့်သည်တွေ အတွက် အိမ်ပြန် လက်ဆောင်အဖြစ် အများဆုံး ၀ယ်ယူ အားပေးလေ့ ရှိတယ်လို့ ဧည့်လမ်းညွှန် တဦးဖြစ်သူ ကိုမောင်မောင်သက်က ပြောဆိုပါတယ်။

ပုဂံဒေသမှာ နေထိုင်ကြသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ယွန်းလုပ်ငန်းကို အသက်မွေး ၀မ်းကျောင်း လုပ်ငန်းတခု အဖြစ် လုပ်ကိုင်နေကြတာ ဖြစ်ပြီး မြင်းကပါ တရွာလုံးမှာဆိုရင် အိမ်တိုင်းစေ့ ယွန်းထည်လုပ်ငန်း လုပ်ကိုင်ကြတဲ့ အတွက် ကလေးကအစ အဲဒီပညာကို တတ်မြောက် လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

ပုဂံမှာ နေထိုင်သူ အများစုဟာ ယွန်းပညာကို ငယ်စဉ် ကလေးဘ၀ ကတည်းက သင်ယူ တတ်မြောက် ထားကြပြီး သူတို့ ကြီးပြင်းလာချိန်မှာ ငွေကြေး တတ်နိုင်သူတွေက လုပ်ငန်း ထူထောင်ကြပါတယ်။ ငွေကြေး မတတ်နိုင် ရင်လည်း ယွန်းပညာ ကောင်းကောင်း တတ်တဲ့သူတွေက ယွန်းပန်းချီ ပညာရှင်အနေနဲ့ လုပ်ငန်းကြီးတွေမှာ လက်ခစား၊ နေ့စား အလုပ်သမားတွေ အဖြစ် အသက်မွေး ၀မ်းကျောင်း ပြုကြတယ်လို့ ယွန်းပညာရှင် တဦးဖြစ်သူ ဦးဇော်က ပြောပြပါတယ်။

“ငွေရှိတဲ့ သူတွေကတော့ လုပ်ငန်းတွေ ထူထောင်ကြတာပေါ့။ ငွေမရှိရင်တော့ ပညာကောင်းတဲ့သူက ယွန်းထည် ပစ္စည်းတွေ ပုတ်ပြတ်လက်ခံပြီး လုပ်ငန်းကြီး တွေကို ပြန်သွင်း ကြတယ်။ ဘယ်သူမှ အစိုးရ ဖွင့်ထားတဲ့ ယွန်းကျောင်းကို တကူးတက သွားတက်တဲ့သူ မရှိဘူး” လို့ ယွန်းပညာရှင် တဦးဖြစ်သူ ဦးဇော်က ဆိုပါတယ်။

ခုလို အလုပ်ရုံကြီးတွေပါမကျန်  ပိတ်ပစ်လိုက်ရတဲ့ အတွက် မှီခိုနေရတဲ့  အလုပ်သမား တော်တော်များများ ဒုက္ခရောက်နေကြပြီ ဖြစ်တယ်လို့ ပုဂံမြို့သစ်က ယွန်းထည် လုပ်ငန်းကြီး တခုမှာ လက်ခစား လုပ်ကိုင်နေတဲ့ ဦးထွန်းရွှေက ပြောပါတယ်။

တချို့ကတော့ ပုဂံမြို့ပေါ်မှာ မနေနိုင်ကြတော့ဘဲ ကျောက်ပန်းတောင်း၊ ပခုက္ကူ၊ မန္တလေး စတဲ့ ပုဂံနဲ့ နီးစပ်တဲ့ မြို့ကြီးတွေမှာ ရရာအလုပ် လုပ်ကိုင်ဖို့ အတွက် ထွက်သွားကြရပြီလို့ သူက ဆက်ပြောပါတယ်။

“ယွန်းထည် လုပ်ငန်းတွေ တိမ်ကောတော့မယ့် နောက်ထပ် အကြောင်းရင်း တချက်ကတော့ သစ်စေးတွေ ဈေးတက် လာတာပဲ။ အဲဒါကြောင့်ပဲ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ လုပ်ငန်း သေးလေးတွေ ပြုတ်ကုန်ကြတယ်” လို့ ဦးထွန်းရွှေက ပြောဆိုပါတယ်။

၂၀၀၇ ခုနှစ် ကတော့ ပုဂံမှာ အကြီးစား ယွန်းထည်လုပ်ငန်း အလုပ်ရုံပေါင်း ၁၁ ရုံနဲ့ အလတ်စား၊ အသေးစား အလုပ်ရုံ ၆၀ လောက် ရှိတော့ပေမယ့် လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် တုန်းကတော့ ယွန်းထည် လုပ်ငန်းပေါင်း ၂၀၀ ကျော်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ယွန်းထည် လုပ်ငန်းမှာ ယွန်းစစ်၊ သရိုးပန်းယွန်း၊ ရွှေစကားဝါယွန်း၊ ဂျပန်ယွန်းဆိုပြီး ယွန်းအမျိုးအမည်များ ရှိကြောင်း၊ အဆိုပါ ယွန်းများကို မယ်တင်ခ ၀ါးဖြင့် ယက်လုပ်ပြီး၊ ယက်လုပ်ထားတဲ့ အထည်တွေကို သစ်စေးနဲ့ ရှစ်ထပ် အထပ်ထပ် မွမ်းမံရပြီး မြေတိုက်ထဲမှာ ၁ နှစ်နီးပါး အချိန်ယူ အခြောက်ခံရပြီးမှ အရည် အသွေးကောင်း ယွန်းထည်များ ရရှိကြောင်း သိရပါတယ်။

ယွန်းထည် ထုတ်လုပ်ရာမှာ အရေးပါဆုံး ကုန်ကြမ်းဖြစ်တဲ့ သစ်စေး (Maelyn Moyaer) ဟာ မြန်မာနိုင်ငံမှာ အပေါများဆုံး ဖြစ်ပေမယ့် ၁၉၉၅ ခုနှစ် ကတည်းက ရှားပါးပြီး ဈေးတက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှာတော့ သိသိသာသာ ဈေးမြင့်တက်လာ ခဲ့တယ်လို့ ယွန်းပညာရှင် တဦးဖြစ်သူ ဦးစိန်ဝင်းက ပြောဆိုပါတယ်။

“လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ၁၀ ပိဿာပါတဲ့ သစ်စေးတပုံး ဈေးနှုန်းက ကျပ် ၅ ထောင်ဈေးပဲ။ အဲဒီကနေ ဈေးက တက်သွားလိုက်တာ သစ်စေး တပုံးဈေးဟာ ၂ သိန်းကျော် ဖြစ်နေပြီဆိုတော့ တနိုင်တပိုင် လုပ်နေတဲ့သူတွေ မလုပ်နိုင်တော့ဘူး။ ပြုတ်သွားတယ်။ လုပ်ငန်းကြီးတွေ ဆီမှာပဲ လက်ခစားတွေ အနေနဲ့ ၀င်လုပ်ကြရတယ်” လို့ သူက ဆက်ပြောပါတယ်။
 
ယွန်းထည် ပစ္စည်း ဈေးကွက်အနေနဲ့ ပြည်တွင်းမှာ အဓိက အော်ဒါမှာယူတဲ့ လုပ်ငန်း တွေကတော့ ဟိုတယ် လုပ်ငန်း၊ စားသောက်ဆိုင် လုပ်ငန်း၊ နိုင်ငံခြား သံရုံးတွေ၊ အိုင်အန်ဂျီအို အဖွဲ့အစည်းတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ။

မြန်မာ့ ယွန်းထည်လုပ်ငန်းဟာ ပုဂံခေတ် ကတည်းက ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး နိုင်ငံခြားသား ခရီးသွား လုပ်ငန်း အတွက် အင်္ဂလိပ်ခေတ်မှာ အအောင်မြင်ဆုံး ဖြစ်ခဲ့ပြီး ဂျပန်ခေတ်မှာ ယွန်းပညာရှင် အမြောက်အများ ထပ်မံ ပေါ်ထွက်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ကတည်းက ယွန်းထည် လုပ်ငန်းတွေ တိုးတက်လာခဲ့ပြီး နိုင်ငံခြားသား တွေရဲ့ ၀ယ်ယူ အားပေးမှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ယွန်းလုပ်ငန်းကို ရှေးခေတ် ကတည်းက မုံရွာမြို့မှာရှိတဲ့ ကျောက်ကာရွာ၊ ပုဂံမှာရှိတဲ့ မြင်းကပါ၊ ပုဂံမြို့သစ်၊ စလေမြို့၊ ကျိုင်းတုံမြို့ တွေမှာ လုပ်ကိုင်ခဲ့ ကြပေမယ့် ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း မှာတော့ ပုဂံဒေသမှာပဲ တွင်တွင် ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြပြီး တခြားဒေသတွေမှာ တိမ်မြုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အနေအထားမှာလည်း ပုဂံက ယွန်းထည် လုပ်ငန်းကြီး တချို့တောင် ပြုတ်တော့မယ့် အနေအထားနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ယွန်းထည် အလုပ်ရုံတွေကို ရပ်ထားရပြီး ယွန်းဆိုင် တွေကိုသာ ဟန်မပျက် ဖွင့်ထားရတဲ့ အနေအထား ရှိနေပြီလို့ ယွန်းပညာရှင် တဦးက ပြောဆို သုံးသပ်ပါတယ်။

“မြန်မာ့ယွန်းထည် လုပ်ငန်းကို ရေရှည် ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ ဆိုတာကတော့ မျှော်လင့်ချက် တော်တော် နည်းတယ်” လို့ သူက ဆက်ပြောပါတယ်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်