စိစစ်ရေး ကင်းလွတ်ခွင့် သတင်းဂျာနယ်များ မပါ

E-mail Print
“အရပ်သား”အစိုးရသစ် ပေါ်ပေါက်လာပါက အခြေခံဥပဒေသစ်အရ မီဒီယာများ အပေါ် ထိန်းချုပ်မှု လျှော့ပေါ့ပေးသည့် အနေဖြင့် စာပေအမျိုးအစား ၆ မျိုး ကို စာပေစိစစ်ရေး ကင်းလွတ်ခွင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

journalist-mmအနုပညာ သုတရသ၊ အားကစား၊ ကျန်းမာရေး၊ ကလေး၊ ဂမ္ဘီရ၊ နည်းပညာ စသည့် စာပေ အမျိုးအစား ၆ မျိုး နှင့် အကျုံးဝင်သော ဂျာနယ်၊ မဂ္ဂဇင်း၊ လုံးချင်းဝထ္ထုများနှင့် ရုပ်ပြများကို စာပေစိစစ်ရေး မတင်ရဘဲ ထုတ်ဝေခွင့် ရတော့မည်ဖြစ်ကြောင်း ဂျာနယ် ကိုယ်စားပြု ကော်မတီ ဥက္ကဋ္ဌ ဦးကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။

“ထုတ်ခွင့်ရမယ့် ရက်ကိုတော့ အတိအကျမသိရသေးပါဘူး။ အစိုးရသစ်က စပြီး ညွှန်ကြားတဲ့ နေ့မှာ လုပ်ခွင့်ရမယ်လို့ သိထားပါတယ်။ ကျန်ပိတ်ပင်ထားတဲ့ စာပေအမျိုးအစားတွေကိုလည်း တဆင့်ပြီးတဆင့်ဖွင့်ပေးမယ်လို့ ပြောထားပါတယ်”ဟု ဦးကိုကိုကပြော သည်။

ယခု အစီအစဉ်အရ ကင်းလွတ်ခွင့် ပေးမည်ဆိုပါက လက်ရှိ မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ၁၇၂ စောင်၌ ၈၄ စောင်၊ မဂ္ဂဇင်း ၁၈၄ စောင်၌ ၁၁၃ စောင်တို့မှာ စာပေစိစစ်ရေး တင်စရာမလိုတော့ကြောင်း ပြည်တွင်း မီဒီယာသမားများက ခန့်မှန်း နေကြသည်။

စာပေစိစစ်ရေးသို့ ကြိုတင်ရန် မလိုဟု ဆိုသော်လည်း ပုံနှိပ်ပြီး အချော ဂျာနယ်များ၊ စာအုပ်များကိုမူ စာပေစိစစ်ရေးသို့ တင်ပြရ မည်ဖြစ်သည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် အစိုးရမူဝါဒများကို ဝေဖန်သော အကြောင်းအရာများ ပါဝင်လေ့ရှိသည့် စာပေများမှာမူ ကင်းလွတ်ခွင့် ပေး မည့် စာရင်းထဲ မပါဝင်သေးပေ။

ကြိုတင် စိစစ်ရေး မတင်သည့်အတွက် “မိမိဘာသာ ဆင်ဆာဖြတ်မှု” လုပ်ရတော့မည် ဖြစ်ကြောင်း၊ သတင်းများ မှားယွင်းဖော်ပြ လျှင် စာပေစိစစ်ရေး ဥပဒေများ၊ အသရေဖျက်မှု ဥပဒေများ၊ ဌာနဆိုင်ရာကို အကြည်ညိုပျက်အောင် လုပ်မှု၊ မှားယွင်းသည့် သတင်း ဖော်ပြမှု စသည့် ဥပဒေကြောင်းအရ အရေးယူခံရဖွယ်ရှိကြောင်း ဦးကိုကိုက ပြောသည်။

“စာပေစိစစ်ရေး မရှိတဲ့အတွက်ကြောင့် ပြဿနာတွေဖြစ်လာရင် ကိုယ့်ဟာကိုယ် ရင်ဆိုင်ကြရမှာပဲ။ ရေးသားတဲ့သူတွေရော၊ အယ်ဒီတာတွေရော၊ ထုတ်ဝေသူတွေရော တာဝန်ကြီးလာတယ်။ အရင်က စာပေစိစစ်ရေးက ဖြုတ်မလား၊ မဖြုတ်ဘူးလား စဉ်းစားရတယ်။ အခုတော့ ကိုယ်တရားစွဲခံရနိုင်လား၊ မစွဲခံရနိုင်ဘူးလား စဉ်းစားရမယ်။ ဒါကြောင့် ကိုယ့်ဘက်က ကျင့်ဝတ်နဲ့ ဥပဒေကို နားလည်ပြီး လိုက်နာနိုင်မှ တော်ရာကျမယ်”ဟု ဦးကိုကိုက ရှင်းပြသည်။

ဥပဒေပညာရှင်များကို ဂျာနယ်တိုက်များတွင် ထားရှိရန် လိုအပ်ကြောင်းလည်း သူက ပြောသည်။

စိစစ်ရေး တင်ပြရမည့် သတင်းဂျာနယ်တစောင်မှ အမှုဆောင်အယ်ဒီတာ တဦးက“ဘာဘဲ ပြောပြော ကျမတို့ မရနိုင်ရင်တောင်မှ တခြား ကင်းလွတ်တဲ့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ လုပ်ရ ကိုင်ရတာ ပိုအဆင်ပြေသွား နိုင်တာပေါ့။ ဒါဟာ ကောင်းတဲ့ ခြေလှမ်း တရပ်ပဲလို့ ထင်ပါတယ်”ဟု ပြောသည်။

အားကစားဂျာနယ် အယ်ဒီတာ တဦးကလည်း“အခုလို ကျနော်တို့ အားကစားဂျာနယ်တွေ စိစစ်ရေးလွတ်မယ်လို့ သိရလို့ တော် တော်လေး ၀မ်းသာပါတယ်။ အစောကြီး ကတည်းက လုပ်ပေးသင့်တာပါ”ဟု ပြောသည်။

ပြည်ပ အခြေစိုက် မြန်မာ့သတင်း သမဂ္ဂ ဒုတိယ ဥက္ကဋ္ဌ ဦးဇင်လင်းကမူ ယခုကဲ့သို့ ပြုလုပ်ပေးခြင်းမှာ နိုင်ငံရေးအပြောင်းအလဲ မလုပ်ချင်သည့်အတွက် ကျန်အပေါ်ယံ အခြေအနေများကို အလှည့်အပြောင်းဖြစ်စေရန် လုပ်ပြခြင်းသာဖြစ်သည်ဟု ပြောဆိုသည်။

“တကယ့်အနှစ်သာရ အပြောင်းအလဲ မဟုတ်ဘူး။ လှည့်ကွက်တကွက်လို့ပဲမြင်တယ်။ ဒီလို လွတ်လပ်ခွင့်ပေးတယ်ဆိုပေမယ့် ဖဆပလ ခေတ်လောက် ကတောင် မလွတ်လပ်ဘူး။ ဒီခေတ် က အီးမေးလ် လေးတခုနဲ့တောင် ၆၅ နှစ် ချချင် ချနေတာကိုး။ ပုံနှိပ်ပြီးရင် သူတို့ဆီ တင်ရဦးမှာပဲ။ တင်ပြီးရင် ဘာပြဿနာဖြစ်မယ်ပြောလို့မရဘူး။ လွတ်လပ်တယ်ဆိုပေမယ့် စိတ်တထင့်ထင့်နဲ့ လွတ် လပ်တာလေ၊ အနှစ်သာရရှိတဲ့ စာပေလွတ်လပ်ခွင့် မဟုတ်ဘူး။ လွတ်တော်ထဲမှာ ဘာလို့ သတင်းယူခွင့်မပေးလဲ။ ဒါကိုကြည့်ရင် လူတွေကိုလှည့်စားတာ ဆိုတာ ပေါ်လွင်ပါတယ်”ဟု ဦးဇင်လင်းက ပြောသည်။

ကင်းလွတ်ခွင့်ရသည့် စာပေအမျိုးအစားများကို ထုတ်ဝေရာတွင် ထုတ်ဝေသူ အနေဖြင့် ၁၉၆၂ ပုံနှိပ်သူနှင့် ထုတ်ဝေသူများ ဥပဒေ အရ မှတ်ပုံတင်ရရှိရန် လိုသည့်အပြင် ထုတ်ဝေသူနှင့် စာရေးဆရာများ အကြား သဘောတူညီချက်များကိုလည်း စာပေစိစစ်ရေးသို့တင်ပြရန် လိုသေးကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်