စာရေးဆရာကြီး ပါရဂူ ဈာပန ပို့ဆောင်သူများပြား

E-mail Print
ကွယ်လွန်သူ စာပေပညာရှင် စာရေးဆရာကြီး ပါရဂူ၏ ဈာပနအား မူလ သတ်မှတ်ချိန် ၅ နာရီထက် စော၍ ယမန်နေ့ညနေ ၄ နာရီခွဲတွင် ရေဝေးသုသာန်၌ သင်္ဂြိုဟ်ခဲ့ရာ လူတန်းစား အလွှာ အသီးသီးမှ ပရိသတ် ထောင်ချီ၍ လိုက်ပါ ပို့ဆောင်ခဲ့သည်။

paragu
ဆရာကြီး ပါရဂူ၏ ဈာပန အခမ်းအနားသို့ သတင်းစာ ဆရာကြီး ဦးဝင်းတင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များ၊ နာရေးကူညီမှု အသင်းမှ ကိုကျော်သူ၊ စာရေးဆရာမ သန်းမြင့်အောင် နှင့် အသင်းသူ အသင်းသားများ အပါအ၀င် နိုင်ငံရေး နှင့် စာပေ၊ ယဉ်ကျေးမှု နယ်ပယ်များမှ ပရိသတ်များစွာ လိုက်ပါ ပို့ဆောင်ခဲ့ကြသည်။

ဈာပန အခမ်းအနားတွင် အိန္ဒိယသံရုံး၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ကော်မတီ၊ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ စာပေစိစစ်ရေး၊ နာရေးကူညီမှု အသင်း(ရန်ကုန်) အပါအ၀င် လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးမှ လွမ်းသူ့ပန်းခြင်းများလည်း ပေးပို့ ခဲ့ကြသည်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ဆရာ ပါရဂူ ဈာပန အခမ်းအနားသို့ လွမ်းသူ့ ပန်းခြင်း ပေးပို့သည်။

သတင်းစာဆရာကြီး ဦးဝင်းတင် က“စာပေလောကမှာ ဘ၀တလျှောက်လုံး စာအုပ်စာပေများစွာ ရေးသားခဲ့ရုံမက ဘာသာရေးအပါအ၀င် လွန်စွာ သြဇာကြီးမားခဲ့သူတဦး ဆုံးရှုံးရသလို ခံစားရပါတယ်။ ဒါ့အပြင် ဆရာကြီးဟာ သူနဲ့ အတူ ရေးဖော်ရေးဖက်တွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေအပေါ် လွန်စွာ ကူညီ စောင့်ရှောက်တတ်သူ ဖြစ်ပါတယ်”ဟု ပြောသည်။

ဈာပန အခမ်းအနား တက်ရောက်လာသူ စာရေးဆရာ မောင်မိုးသူ ကလည်း“ဆရာ ပါရဂူဟာ စာပေလောကမှာ ဘ၀တလျှောက် လုံး ကျနော်တို့နဲ့အတူ လက်တွဲပြီး စာပေ၊ ဘာသာရေး၊ လူမှုရေးတွေ လုပ်လာခဲ့ကြပါတယ်။ ဒီတော့ ဆရာ ပါရဂူ ကွယ်လွန်ခဲ့ခြင်း ဟာ မြန်မာစာပေလောက အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်ပါတယ်”ဟု ပြောဆိုသည်။

စာရေးဆရာကြီး ပါရဂူ ၏ ဈာပန အခမ်းအနားသို့ တက်ရောက်လာသူများက အမှတ်တရ ၀မ်းနည်းမှတ်တမ်းလည်း ရေးသားကြ သည်။

ဝမ်းနည်း မှတ်တမ်းတွင် သတင်းစာဆရာ မောင်ဝံသ က“ဆရာပါရဂူ ကွယ်လွန်သွားခြင်းသည် မြန်မာနိုင်ငံ စာပေလောကအတွက် အကြီးမားဆုံး ဆုံးရှုံးမှု ဖြစ်ပါသည်။ အသက်အရွယ်ကြီးရင့်သည်နှင့်အမျှ ဂုဏ်သိက္ခာလည်း ကြီးမားသော ဆရာကြီး ပါရဂူ၏ ပရဟိတ စိတ်ဓာတ်ကို အထူးတလည် သတိရပါသည်”ဟု ရေးသားသည်။ 

စာရေးဆရာ ချစ်စံဝင်းကလည်း“ဆရာ ဆုံးပါးသွားတဲ့အကြောင်း ရုတ်တရက် ကြားလိုက်ရတော့ အတော့်ကို အံ့အားသင့်သွားတယ်။ ဆရာ အိုပြီ ဆိုတာ သိပါတယ်။ ဒါပေမယ့် ဆရာ ရှိနေဦးမယ်လို့ ထင်နေတာ။ ဆရာ ဆုံးပါးသွားတယ် ဆိုတော့ ဖြေမဆည် နိုင်တာ အမှန်ပါပဲ”ဟု အမှတ်တရ ရေးသားထားသည်။

ထိုသို့ စာပေနယ်တွင်သာမက ဘာသာရေး နယ်ပယ်တွင်ပါ ထင်ရှား ကျော်ကြားသူ စာရေး ဆရာကြီး ပါရဂူ (အသက် ၉၀) သည် ဧပြီ ၉ ရက် နံနက် ၁၀ နာရီခန့်တွင် ရန်ကုန်မြို့အာရှတော်ဝင် အထူးကု ဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။

စာရေးဆရာကြီး ပါရဂူ ကိုယ်ရေး အကျဉ်း
လင်းသန့်

ဆရာကြီးပါရဂူကို ဧရာဝတီတိုင်း၊ ဟင်္သာတ မြို့နယ်၊ သနွံသနော့ ကျေးရွာတွင် အဘ ဦးဘစော၊ အမိ ဒေါ်မေတုတ် တို့က နိုဝင်္ဘာလ ၁၀ ရက် ၁၉၂၁ ခုနှစ်(ကြာသပတေးနေ့) တွင် မွေးဖွားခဲ့သည်။ ကျေးရွာ မူလတန်းကျောင်းတွင် စတုတ္ထတန်းအထိ ပညာသင်ကြားခဲ့သည်။

အသက် ၁၁ နှစ် အရွယ်တွင်ရှင်သာမဏေ ၀တ်ခဲ့ပြီး ရှင်ဘွဲ့မှာ ရှင်ပုဏ္ဍရိက ဖြစ်သည်။ စာပေနှင့် ကျမ်းဂန်များကို သင်ယူခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် လူဝတ်လဲခဲ့သည်။

အသက် ၁၅ နှစ်အရွယ်တွင် အစိုးရပထမပြန်စာမေးပွဲ ပထမငယ်တန်းအောင်မြင်သည်။ အသက် ၁၆နှစ် တွင် ပထမလတ်တန်း၊ ၁၇ နှစ်ရွယ်တွင် ပထမကြီးတန်းအောင်မြင်ခဲ့ရာတွင် ဟံသာဝတီတစ်ခရိုင်လုံးတွင် တဦးတည်း အောင်မြင်သူဖြစ်ခဲ့သည်။

အသက် ၂၀ တွင် ရဟန်းခံခဲ့သည်။ ၁၉၄၇ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ အိန္ဒိယနိုင်ငံ ဗာရာဏသီ ဟိန္ဒီတက္ကသိုလ်တွင် ဟင်ဒီ၊ ပါဠိ၊ သက္ကတ၊ အင်္ဂလိပ် စသည့်စာပေများကို လေ့လာသင်ကြားခဲ့သည်။

ဆရာကြီးသည် ရှင်သာမဏေဘ၀၊ ရဟန်းဘ၀များဖြင့်ဒဂုန်မဂ္ဂဇင်း၊ တိုးတက်ရေးမဂ္ဂဇင်းတို့တွင် “မျိုးညွန့်နွယ်” ကလောင်အမည်ဖြင့် စာပေများစတင် ရေးသားခဲ့သည်။  “ဘုန်းကြီးကျောင်းသား”ကလောင်ဖြင့် “ရင်သွေး” အမည်ရှိဝတ္ထုကို  ပထမဆုံး ၀တ္တုအဖြစ်ရေးခဲ့သည်။

၁၉၄၄ ခုနှစ်တွင် ဂျပန်စာ ၂ နှစ်သင်ယူပြီးနောက် ပြည်တွင်းထုတ်ဂျပန်သတင်းစာတစောင်တွင် ဂျပန်ဘာသာဖြင့် လည်း  ဆောင်းပါးတပုဒ်ရေးသားခဲ့သည်။

ဘာသာပြန်စာပေ၊ ကိုယ်တိုင်ရေးစာပေများကို ဘ၀တလျှောက်လုံးရေးသားခဲ့ပြီး အသက် ၈၀ အရွယ်တွင် ရေးသား ခဲ့သော စာအုပ်ပေါင်း ၁၀၀ ပြည့်ခဲ့သည်။ ကွယ်လွန်ချိန်အသက် ၉၀ အရွယ်တွင် စာအုပ်ရေ ၁၀၀ ကျော်ကို ရေးသား ပြုစုခဲ့သည်။

စာရေးဆရာကြီးပါရဂူသည် အထူးသဖြင့် အိန္ဒိယစာပေများကို မြန်မာဘာသာဖြင့်ပြန်ဆိုမိတ်ဆက် တင်ပြခဲ့သူဖြစ်သည်။

ဘာသာရေး၊ လူမှုရေး နှင့်ပတ်သက်သည်များကို ဦးစား ပေးခဲ့သည်။ ပန်းချီ၊ ကဗျာ၊ ရသ၊ သုတ၊ ၀တ္တု၊ နိုင်ငံရေး၊ ဒဿန စသည့် စာပေများကိုလည်း ရေးသား တင်ပြခဲ့သည်။

စာရေးဆရာကြီး ပါရဂူသည် ၁၉၆၃ ခုနှစ်တွင် ညီတော် မင်းနန် စာအုပ်ဖြင့် အနုပညာစာပေ (ဘာသာပြန် ပထမ)၊ ၁၉၈၆ ခုနှစ်တွင် ဂေါ်ရီ စာအုပ်ဖြင့် အမျိုးသား စာပေဆု (ဘာသာပြန် - ရသ)၊ ၁၉၆၇ ခုနှစ်တွင် မြန်မာနိုင်ငံ ဟိန္ဒီစာပေ အသင်း၏ စာပေ ရွှေတံဆိပ် ဆု၊၂၀၀၁ ခုနှစ်တွင် ပခုက္ကူ ဦးအုန်းဖေ တသက်တာ စာပေဆုနှင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားစာပေ တသက်တာ စာပေဆုများ ချီးမြှင့် ခံခဲ့ရသည်။

၁၉၅၆ ခုနှစ်တွင် အာရှတိုက် စာရေးဆရာများညီလာခံသို့ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ အိန္ဒိယ သံရုံး ပြန်ကြားရေးဌာန၌ ဘာသာပြန်အရာရှိ၊ မြန်မာနိုင်ငံ တက္ကသိုလ်နှင့် ကောလိပ်များ၏ အရှေ့တိုင်းပညာ သင်ကြားရေး အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာပြု ဗဟိုအဖွဲ့ အမှုဆောင်၊ သီယိုဆိုဖီ အသင်း နာယက၊ မြန်-စာ-ပြန့် ဒုတိယ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ တဂိုး အသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဟိန္ဒီ စာပေအသင်း ဥက္ကဋ္ဌတာဝန်များကိုထမ်းဆောင်ခဲ့သည်။

ထို့အပြင် ၁၉၅၈ မှ ၁၉၆၅ ခုနှစ်အထိ မြန်မာနိုင်ငံ စာရေးဆရာ အသင်းနှင့် သမဂ္ဂများတွင် အမှုဆောင်အဖြစ် ထမ်းရွက် တာဝန်ယူခဲ့ပြီး ၁၉၇၁ မှ ၁၉၇၅ အထိ မြန်မာစာပေကော်မရှင်အဖွဲ့ဝင်အဖြစ်ထမ်းဆောင်ခဲ့သည်။

၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ လူထုလှုပ်ရှားမှုကြီးတွင် အဖိနှိပ်ခံပြည်သူများဘက်က ရပ်တည်ကာ တိုင်းပြည်ငြိမ်းချမ်းရေးအတွက် စာရေးဆရာသမဂ္ဂမှ မဆလ အစိုးရ၏  နိုင်ငံတော် ကောင်စီထံသို့ လက်မှတ်စုထိုး တောင်းဆိုသည့်လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။

၁၉၃၉ ခုနှစ်မှ ယခု ကွယ်လွန်ချိန်အထိ ဆရာကြီး၏ ထင်ရှားသော စာအုပ်များမှာ ဗုဒ္ဓစကား၊ ဓမ္မစကား၊ ဗုဒ္ဓဒိုင်ယာရီ၊ နေရူး၏ သမီးထံပေးစာ၊ ဗုဒ္ဓ၀ါဒနှင့် ဆိုရှယ်လစ်ဝါဒ၊ ကွန်မြူနစ်ဝါဒ သာလျှင် အဘယ်ကြောင့်၊တော်လှန်သော အတွေးအခေါ်၊ မဟာလူသား ဗုဒ္ဓ၊ လူ့ဘောင်သစ်၊ နိဗ္ဗာန်၊ ညီတော် မင်းနန်၊ သားတော် ရာဟုလာ၊ သိဒ္ဓတ္ထ၊ စိတ္တရလေခါ၊ အမ္ဗပါလီ၊ ဟိတောပဒေသ၊ ပီယဒဿီ၊ ပရကထာ၊ ဘ၀ခရီးသည်၊ တမ္ပပဏ္ဍိ၊ ပုဂံခရီးသည်နှင့် ယယာတိ စသည်တို့ဖြစ်သည်။

ဆရာ ပါရဂူသည် အများပြည်သူတို့ စာဖတ်သည့် အလေ့အထ အမူအကျင့်များ ပွားများ လာစေရန်အတွက် ပါရဂူ သျှန်တိနိကေတန် စာကြည့်တိုက်ကို ရန်ကုန်တိုင်း၊ ရွှေပေါက်ကံ မြို့သစ်၊ ၁၆ ရပ်ကွက်၊ ဦးပုညလမ်း၊ အမှတ် ၉၈၈/၉၉၀ နေအိမ်ဝင်းအတွင်း ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်တည်ထောင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါ စာကြည့်တိုက်ကြီးတွင် ဘာသာစုံ စာအုပ် စာစောင်ပေါင်း ငါးသောင်းကျော် ထားရှိပြီး ဆရာကြီး၏ စာမူခများဖြင့် ထောက် ကန်မတည်ထားခြင်းလည်း ဖြစ်သည်။

ဆရာကြီးပါရဂူသည် ကွယ်လွန်ချိန်အထိ အိမ်ထောင်မပြုဘဲ အဆိုပါ သျှန်တိနိကေတန် စာကြည့်တိုက်ဖွင့်လှစ်ခဲ့ရာ နေရာတွင်ပင် နေထိုင်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်