ယနေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်က သန်လျှင် ဂျီတီစီ ကျောင်း ကြို/ပို့ ပြုလုပ်သည့် ဘီအမ် အမျိုးအစား၊ ယာဉ်အမှတ် ၂ခ/၂၄၃၁ သည် တောင်ဒဂုံမှ တဆင့် ယုဇန ဥယျာဉ် မြို့တော်တွင် နေထိုင်သည့် ကျောင်းသားများကို ဝင်ကြိုရန် အသွား ပဲခူးမြစ် လမ်းမပေါ်တွင် မောင်းနှင်လာစဉ် လိုင်းကား တစီးကို ရှောင်ရင်း လမ်းဘေး မြောင်းထဲ ထိုးကျ တိမ်းမှောက် သွားခဲ့သည်ဟု သိရသည်။
ထိုသို့ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်ပေါ် ပါရှိသည့် ကျောင်းသားများ ဒဏ်ရာ အနည်းငယ်စီ ရရှိခဲ့သော်လည်းး ပြင်းထန်စွာ ဒဏ်ရာရသူ မရှိဟု ဒဂုံဆိပ်ကမ်း ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။
သန်လျင်မြို့တွင် အရှေ့ပိုင်း တက္ကသိုလ်၊ သန်လျင် ဂျီတီစီ၊ သမဝါယမ ကောလိပ်နှင့် ရေကြောင်း တက္ကသိုလ်တို့ ဖွင့်လှစ်ထားရာ ကျောင်းကား အများစုမှာ ဘီအမ် အမျိုးအစား ယာဉ်ဟောင်းများ ဖြစ်သည်။
“ကျောင်းကားတွေက မောင်းတာ တော်တော်ရမ်းတယ်။ ဘီအမ်တွေ ခဏခဏ မှောက်တယ်။ ဘီအမ်တွေက တော်တော်လည်း စုတ်နေပြီ။ လူမပြည့်ရင် ကားက လုံးဝမငြိမ်ဘူး” ဟု သန်လျင်မြို့ခံ တဦးက ပြောပြသည်။
< Prev | Next > |
---|