မြ၀တီ နေ့စဉ်သတင်းစာ အရှုံးခံ ဖြန့်ချိ

E-mail Print
အစိုးရသစ် တက်ပြီး ပထမဆုံး ထုတ်ခွင့်ရသည့် စစ်တပ်ပိုင် မြ၀တီ နေ့စဉ်သတင်းစာသည် တစောင်လျှင် ၁၂၀ ကျပ် အရှုံးခံ၍ ဖြန့်ချိနေရကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပျဉ်းမနား မြို့ကြီးများသို့ လတ်တလော စောင်ရေ ၁ သောင်းခန့် ဖြန့်ချိလျက်ရှိသည့် မြဝတီသတင်းစာတိုက်အတွက် တနေ့လျှင် ကျပ် ၁၀ သိန်းထက်မက အရှုံးရှိနိုင်သည်ဟု ရန်ကုန်မြို့ အရောင်း ကိုယ်စားလှယ်များက ခန့်မှန်းနေကြသည်။

myawaddy_newspaperအထူးသဖြင့် စီးပွားရေးကြော်ငြာ စာမျက်နှာ မရရှိခြင်းကြောင့် ဤမျှ ရှုံးနေရခြင်း ဖြစ်သည်ဟုလည်း တချို့က ပြောကြသည်။

“ဈေးကွက်ဝေစု ကျယ်ပြန့်အောင် ရန်ကုန်က ဆိုင်တွေမှာ စတင်ဖြန့်ချိခဲ့တဲ့ ဧပြီတလလုံး ပရိုမိုးရှင်းသဘော အခမဲ့ ပေးခဲ့တယ်။ မေ ၁ ရက်နေ့ကမှ သတ်မှတ်တန်ဖိုးနဲ့ ဆက်ဖြန့်တယ်။ ဒါပေမယ့် လူစိတ်ဝင်စားမှု အရမ်းနည်းတယ်” ဟု ရန်ကုန် ရွှေဂုံတိုင်ရှိ သတင်းစာနှင့် ဂျာနယ် ဖြန့်ချိရေး အရောင်းဆိုင်တဆိုင်က ဆိုသည်။

လူအများစိတ်ဝင်စားမည့် သတင်းနည်းခြင်း၊ အစိုးရအဖွဲ့ဝင်များ၏ နေ့စဉ် လုပ်ဆောင်ချက်များကိုသာ အားပြုတင်ပြထားခြင်း၊ စစ်တပ်က ထုတ်ဝေသည်ဟူသော အစွဲများ ရှိနေခြင်းတို့က မြ၀တီနေ့စဉ် သတင်းစာ၏ အားနည်းချက်များ ဖြစ်သည်ဟု အများက ပြောဆိုနေကြသည်။

ထို့အပြင် ဖြန့်ချိရေး ဈေးကွက်သို့ နံနက် ၁၀ နာရီ နောက်ပိုင်းမှ ရောက်ရှိလေ့ ရှိသောကြောင့် ဖြန့်ချိရေးဆိုင်များ စိတ်ဝင်စားမှု နည်းပါးသည်ဟုလည်း သိရသည်။

“ရန်ကုန်မြို့ မြို့နယ်တိုင်းမှာ မြ၀တီကိုယ်စားလှယ် အသစ်တွေ ခန့်ထားတယ်။ လိုအပ်နေသေးတယ် ဆိုပြီးတော့လည်း နေ့တိုင်း ကြော်ငြာခေါ်နေတယ်။ ဒါပေမယ့် ကိုယ်စားလှယ်တဦးကို အစောင် ၄၀၊ ၅၀ နေ့တိုင်း ဖြန့်ချိနိုင်ဖို့ အတော် လုပ်နေရတယ်” ဟု အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။

မြ၀တီ နေ့စဉ်သတင်းစာအား ကြေးမုံ၊ မြန်မာ့အလင်း အပါအ၀င် နိုင်ငံပိုင် သတင်းစာ ကိုယ်စားလှယ် အများစုမှာ မယူကြ ကြောင်းလည်း သိရသည်။

“မြ၀တီ သတင်းစာ တာဝန်ရှိသူတွေက သူတို့ ကိုယ်စားလှယ်တွေကို ခေါ်ညှိတယ်။ ကိုယ်စားလှယ်ဖြန့်ဈေး ၅၀ ကျပ်ကနေ ၆၀ ယူချင်တယ်ပေါ့။ တခြား ဂျာနယ်တွေ၊ သတင်းစာတွေလို မနက် ၇ နာရီ မတိုင်ခင် ရောက်အောင် ဖြန့်ပေးနိုင်ရင် တိုးပေးပါ့မယ် ပြောတာကျတော့ သူတို့ဘက်က မလိုက်လျောနိုင်ဘူး” ဟု ကိုယ်စားလှယ် တဦးက ပြောသည်။

မြ၀တီ သတင်းစာသည် ဖြန့်ချိရေးဈေးကွက်သို့ အစောဆုံး နံနက် ၁၀ နာရီခန့်မှ ရောက်ရှိလေ့ရှိပြီး နေပြည်တော် ယာဉ်အ၀င် နောက်ကျပါက ထိုနေ့ သတင်းစာကို နောက်တနေ့ နံနက်မှ ဖတ်ရှုကြရသည်ဟု သိရသည်။

မြ၀တီ သတင်းစာတိုက် အယ်ဒီတာများနှင့် သတင်းအဖွဲ့သည် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်၊ ဘောက်ထော်၊ တပ်မတော် မှတ်တမ်းရုံးဟောင်း ၀န်းအတွင်း ရုံးထိုင်သည်။

သတင်းတည်းဖြတ်ခြင်း၊ ကွန်ပျူတာစာရိုက်၊ မျက်နှာဖွဲ့ခြင်းများ ပြုလုပ်အပြီးတွင် အီးမေးလ်ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ဘုရင့်နောင် ရပ်ကွက်ရှိ မြ၀တီ သတင်းစာတိုက်သို့ ပို့ပေးရသည်။ နေပြည်တော်မှ အဆိုပါ သတင်းများကို ထပ်မံတည်းဖြတ်၍
အစိုးရအဖွဲ့ အာဘော်များ ဖြည့်စွက်ကာ မြ၀တီပုံနှိပ်စက်၌ ရိုက်နှိပ်ပြီး နံနက် အရုဏ်တက်တွင် ရန်ကုန်နှင့် တခြား မြို့များသို့ မော်တော်ယာဉ်များဖြင့် နေ့စဉ် ပို့ဆောင်ပေးရသည်ဟု သိရသည်။

“အင်တာနက် သတင်းတွေကောင်းရင် စောင်ရေ နည်းနည်းတိုးတယ်။ အိုစမာဘင်လာဒင် သေဆုံးတဲ့ သတင်းကို နိုင်ငံပိုင် သတင်းစာတွေက မထင်မရှား ဖော်ပြတယ်။ ဒါပေမယ့် မြ၀တီကတော့ သတင်းဓာတ်ပုံ ဝေေ၀ဆာဆာနဲ့ မျက်နှာပြည့် ဖော်ပြလိုက်တော့ အဲဒီရက် ရောင်းအားကောင်းသွားတယ်”  ဟု လက်ပွေ့ အရောင်းသမားတဦးက ပြောသည်။

မြ၀တီ သတင်းစာတိုက်မှနေ၍ မြ၀တီ၊ ငွေတာရီ၊ တေဇ၊ မိုးသောက်ပန်း အစရှိသည့် စာစောင်များ ထုတ်ဝေလျက်ရှိပြီး မြ၀တီ နေ့စဉ်သတင်းစာကို ပြီးခဲ့သည့် ဧပြီ ၁ ရက်မှ စတင်ထုတ်ဝေ ဖြန့်ချိခဲ့သည်။ စာမျက်နှာ ၁၆ မျက်နှာ ပါဝင်ပြီး တစောင်လုံး ၄ ရောင် (အရောင်ပြည့်) ဖြင့် ပုံနှိပ်ထားသည်။

ကိုယ်စားလှယ်နှုန်းမှာ ၅၀ ကျပ်၊ လက်ပွေ့ အရောင်းသမားများက ၆၀ ကျပ်နှင့် ရယူကာ တစောင်ချင်း ၁၀၀ ကျပ်၊ လပေး အဖြစ် တလလျှင် ၂၀၀၀ ကျပ်ဖြင့် ပြန်လည် ဖြန့်ချိကြသည်။

နေပြည်တော်တွင် လက်ရှိ တာဝန်ထမ်းဆောင်မည့် တိုက်ပိုင် သတင်းထောက်မရှိ၍ အိမ်ထောင်မရှိသူ အဆောင်ပေးမည်၊ အိမ်ထောင်ရှိပါက တိုက်ခန်းပေးမည်၊ သတင်းရင်းမြစ်ထံမှ သတင်းရယူစဉ် ယာဉ်အကြိုအပို့ စီစဉ်ပေးမည်ဟူ၍ ကြော်ငြာကာ ဝန်ထမ်းများ ခေါ်ယူနေသည်။

သို့ရာတွင် ရန်ကုန်မြို့ရှိ မြ၀တီ တိုက်ပိုင် သတင်းထောက်များ၊ အလွတ်တန်း သတင်းထောက်များမှာ သတင်းစာ စတင် ထုတ်ဝေသည့်နေ့မှ ယနေ့အထိ သတင်းခများ လုံးဝ မရရှိသေးကြောင်း ကြားသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်