ကုလ ကိုယ်စားလှယ် ပြောဆိုချက်တချို့ စိစစ်ရေးဖြုတ်

E-mail Print
ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီးယား၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့သော သတင်းအချက်အလက် တချို့ကို အစိုးရ စာပေစိစစ်ရေးက ဖော်ပြခွင့်မပြုဘဲ ဖြုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။

UN_IMG_0348

မစ္စတာ ဗီဂျေနမ်ဘီးယား မြန်မာနိုင်ငံသို့ ၃ ရက်ကြာ လာရောက်လည်ပတ်ခဲ့ပြီး မေလ ၁၃ ရက်နေ့ ညနေက ရန်ကုန် လေဆိပ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

၎င်းက နိုင်ငံရေးအကျဉ်းသားများ အားလုံး လွှတ်ပေးရေးကိစ္စကို မြန်မာအစိုးရအာဏာပိုင် များနှင့် တွေ့ဆုံစဉ် လေးနက်စွာ တောင်းဆိုခဲ့ကြောင်း၊ နိုင်ငံရေး အင်အားစုများ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကိစ္စများ လုပ်ဆောင် သင့်သည်ဟုလည်း ပြောဆိုခဲ့ကြောင်း သတင်းသမားများအား တရားဝင်ထုတ်ဖော် ပြောဆိုခဲ့ သော်လည်း အဆိုပါ အချက်အလက်များကို ဂျာနယ်များတွင် ဖော်ပြခွင့် မရခဲ့ပေ။

“မစ္စတာဗီဂျေ နမ်ဘီးယား တိုက်တွန်းတောင်းဆိုတဲ့ အချက်တွေကို စာပေစိစစ်ရေးက ဖြုတ်တယ်။ နိုင်ငံရေး အကျဉ်းသား ဆိုတဲ့ အသုံးအနှုန်းကို လက်ခံချင်ပုံ မရဘူး။ တခြား အပြုသဘောဆောင်တဲ့ မြန်မာအစိုးရကို ကြိုဆိုတယ်၊ သမ္မတမိန့်ခွန်းကို ကြိုဆိုတယ် ဆိုတာမျိုးတွေတော့ ဖော်ပြခွင့်ရတယ်” ဟု ပြည်တွင်း သတင်းသမားတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာဗီဂျေ နမ်ဘီးယား တွေ့ဆုံသည်ဆိုသော သတင်းကို ဂျာနယ်များတွင် ဖော်ပြခွင့် ပြုသော်လည်း ဓာတ်ပုံကိုမူ အတွင်းစာမျက်နှာ၌သာ ဖော်ပြရန် သတင်းဂျာနယ်များအား စာပေစိစစ်ရေးက ညွှန်ကြားခဲ့ကြောင်း၊ သတင်းစာ ရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့သော စကားများကိုလည်း စိစစ်ရေးက ဖြုတ်ပယ်ခဲ့ကြောင်း သိရသည်။

“အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ ကြိုးစားနေတဲ့ မြန်မာအစိုးရအပေါ် ဘယ်လိုမြင်သလဲ ဆိုတဲ့ သတင်း ထောက်တဦးရဲ့အမေးကို ဒေါ်အောင်ဆန်းစုကြည်က အာဆီယံဥက္ကဋ္ဌ ဖြစ်ဖို့ထက် ပြည်တွင်းရေး ပြုပြင်ပြောင်းလဲဖို့က အရေးကြီးတယ်လို့ ပြန်ဖြေတယ်။ အဲဒါကို စာပေစိစစ်ရေးက ပယ်ချတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

စာပေစိစစ်ရေးဌာနသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားမှု သတင်းများကို လုံးဝ ဖော်ပြခွင့်မပြုဘဲ ပိတ်ပင်ထားသည်ဟုလည်း ပြည်တွင်း စာနယ်ဇင်းအသိုင်းအဝန်းမှ သိရသည်။

NLD သတင်းများကို ပိတ်ပင်နေသော်လည်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) ၏ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက ၎င်းပါတီ၏ ကျောင်းဆောက်၊ ငွေချေး စသည့် သတင်းများထည့်ပေးရန် သတင်းထောက်များအား ခေါ်ယူ၍ ပြောဆိုကြောင်း စာနယ်ဇင်းသမားများက ပြောကြသည်။

“ဦးဌေးဦးက ဟင်္သာတမှာ ကြံ့ဖွံ့ပါတီရဲ့ လှူဒါန်းငွေနဲ့ ဆောက်တဲ့ ကျောင်းဖွင့်ပွဲက အစ၊ ကြံ့ဖွံ့ပါတီနဲ့ နိုင်ငံတကာ သံတမန်တွေ တွေ့တဲ့ သတင်းအဆုံး မီဒီယာတွေကို ခေါ်ပြီး ထည့်ခိုင်းတယ်။ ကြံ့ဖွံ့ပါတီအနေနဲ့ ပြည်သူ့အကျိုးပြု  လုပ်ငန်းတွေ လုပ်နေပါတယ်ဆိုတဲ့ သတင်းမျိုးတွေ ဂျာနယ်စာမျက်နှာပေါ်မှာ ပုံမှန်ပါစေချင်တဲ့ သဘောရှိတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက် တဦးက ဆိုသည်။

မကြာသေးမီက အပတ်စဉ်ထုတ် True (ခေါ်) သစ္စာသတင်းဂျာနယ်ကို ထုတ်ဝေခွင့် ၂ ပတ် ရပ်ဆိုင်းခဲ့ပြီး အဆိုပါ ပိတ်ပင်မှုသည် အစိုးရသစ် လက်ထက်တွင် သတင်းမီဒီယာများအပေါ် ပထမဆုံး အရေးယူမှုဖြစ်သည်။

နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က အဆိုပါ သစ္စာဂျာနယ် ၂ ပတ်ပိတ်ခံသည့်ကိစ္စကို ရှုံ့ချကြောင်း ကြေညာချက် တစောင်အား မေ ၁၇ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ယင်း ကြေညာချက်တွင် မြန်မာနိုင်ငံ၌ အင်တာနက် သုံးစွဲမှုအပေါ် တင်းကျပ်သော ဥပဒေများ ထုတ်ပြန်ထားကြောင်း၊ သမ္မတ ဦးသိန်းစိန်က စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားမည်ဟု ၎င်းမိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုထားသော်လည်း ယခုအချိန်အထိ စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ထူးခြားသော ပြောင်းလဲမှုများ မမြင်တွေ့ရသေးကြောင်း ရေးသားထားသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်