KIA နှင့် အစိုးရတပ် တိုက်ပွဲ ဆက်ဖြစ်

E-mail Print
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် မြန်မာအစိုးရ တပ်တို့ကြား တင်းမာနေသည့် စစ်ရေးအခြေအနေကို ဆက်လက် ထိန်းသိမ်း ညှိနှိုင်းရန် အလားအလာ မရှိတော့ကြောင်း ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) မှ တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောဆိုလိုက်သည်။

kia-mm
“ကျနော်တို့ဘက်က သည်းညည်းခံတဲ့ အခြေအနေကတော့ ဆုံးသွားပါပြီ။ အခုထိတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပါပဲ။အခု ညနေပိုင်းလောက် ဆိုရင်တော့ တိုက်ပွဲအခြေအနေက ဒေသအားလုံးကို တော်တော်လေး ပျံ့သွားလိမ့်မယ်လို့ ပြောရမယ်” ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်မှ တပ်ရင်း ၁၅ နှင့် အစိုးရတပ်များသည် လအတန်ကြာ စစ်ရေး တင်းမာခဲ့ပြီးနောက် ဇွန် ၉ ရက်နေ့က စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

“၉ ရက်နေ့က တိုက်ပွဲဖြစ်ပြီး ခဏနားတယ်။ ၁၁ ရက်နေ့ ညနေ ၃ နာရီကျော်လောက်က ပြန်တိုက်တယ်။ ညဘက် ခဏနားပြီး ပြန်တိုက်တယ်။ လက်နက်ကြီးတွေနဲ့ ချကြတော့ တိုက်ပွဲကတော်တော်လေး ပြင်းတယ်” ဟု တရုတ်-မြန်မာ နယ်စပ်ရှိ KIA ဗဟိုဌာနချုပ် ရှိရာ လိုင်ဇာမြို့မှ ဒေသခံ ကိုဆိုင်းအောင်က ပြောသည်။

ထို့အပြင် မြန်မာအစိုးရဘက်မှ တပ်အင်အား ထပ်မံတိုးချဲ့လာသောကြောင့် တိုက်ပွဲပိုမို ကြီးထွားလာနိုင်သည်ဟု သူက ဆိုသည်။

စစ်အစိုးရသည် ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းရှိ တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီးရှိ KIA တပ်များအား လုံခြုံရေးအရ စိတ်မချရသောကြောင့်ဟု အကြောင်းပြကာ ထွက်ခွာရန် ပြောဆိုခဲ့ပြီး KIA ဘက်ကလည်း ကချင်ဒေသတွင်းရှိ မြန်မာအစိုးရတပ်များအား ထွက်ခွာရန် ပြန်လည်တောင်းဆို ညှိနှိုင်းကြရာမှ မပြေလည်ဘဲ တင်းမာမှုများ စတင်ခဲ့သည်ဟု သိရသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ နှစ်ဘက် အပြန်အလှန်ဆွေးနွေးရန် ၂ ကြိမ်ခန့် ပြောဆိုခဲ့သော်လည်း နေပြည်တော်မှ အကြောင်းပြန်ခဲ့ခြင်းမရှိဟု မြန်မာအစိုးရတပ်နှင့် နီးစပ်သူတဦးက ပြောသည်။

၅ ရက်ကြာ ဆက်လက်ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများ ရာနှင့်ချီ၍ တရုတ်နယ်စပ်နှင့် KIA ထိမ်းချုပ်ရာ ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်သည်ဟု သိရသည်။

ထို့ပြင် တာပိန် ရေအားလျှပ်စစ် စီမံကိန်းတွင် လာရောက် လုပ်ကိုင်နေသည့် တရုတ်အင်ဂျင်နီယာများနှင့် အလုပ်သမား များလည်း တိုက်ပွဲကြောင့် မိခင်နိုင်ငံသို့ ပြန်လည် ၀င်ရောက်ထွက်ပြေးကြရ သည်ဟု ကိုဆိုင်းအောင်က ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် မိုးမောက်မြို့နယ် အနီးတ၀ိုက်တွင် ကျေးရွာ ၁၀ ရွာခန့်ရှိပြီး အိမ်ခြေ ၃၀ မှ ၅၀ ခန့်ရှိရာ အနည်းဆုံး စစ်ပြေး ဒေသခံပြည်သူ ဦးရေ ၅၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။

“တိုက်ပွဲက ရေအားလျှပ်စစ် စီမံကိန်း ဧရိယာ နားမှာဆိုတော့ တရုတ် အလုပ်သမားတွေကလည်း သူတို့နိုင်ငံထဲ ပြန်ဝင်ပြေး ကြတဲ့ သဘောမျိုးပဲ” ဟု ကိုဆိုင်းအောင်က ဆိုသည်။

ကချင် သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းက “တရုတ်နယ်စပ်မှာ KIO လက်အောက်က ကျေးရွာတွေရှိတယ်။ လုံခြုံရေး အတွက် စိတ်မချရတော့ ပြေးကြတာများတယ်။ အရေအတွက် ၅၀၀ လောက်ရှိမယ်လို့ မှန်း ထားကြတယ်။ တချို့ကလည်း တရုတ် ပြည်ထဲမှာ အမျိုးတွေရှိတော့ တရုတ်ပြည်ထဲ ၀င်သွားတာလည်း ရှိတယ်။ အစုလိုက်အပြုံလိုက် တရုတ်နိုင်ငံထဲကို ၀င်သွားတာတော့ မဟုတ်ဘူး” ဟု ပြောသည်။

KIA သည် ၎င်းတို့ ထိန်းချုပ်သည့် နယ်မြေထဲသို့ မ၀င်ရောက်ရန် ယခင်လကတည်းက သတိပေးခဲ့သော်လည်း KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေထဲသို့ အစိုးရတပ်များ ၀င်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ KIA တပ်မဟာ ၃ ထိန်းချုပ်သည့် နယ်မြေအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကတည်းက အစိုးရတပ်များနှင့် စစ်ရေး တင်းမာနေကြခြင်း ဖြစ်ကြောင်း လည်း သိရသည်။

KIOသည် ယခင် စစ်အစိုးရ ကမ်းလှမ်းထားသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀ စက်တင် ဘာလ ၁ ရက်နေ့က ငြင်းဆိုခဲ့ပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာနယ်မြေအတွင်း နအဖ တပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။

မိုးမောက်မြို့နယ်ရှိ ဒေသခံများကို ယမန်နေ့ညမှ စတင်၍  မြန်မာအစိုးရတပ်များက ပေါ်တာ ၀င်ဆွဲခြင်းများ ပြုလုပ်လာ သည်ဟု ကြားရကြောင်း ကိုနော်ဒင်းက ပြောသည်။

ဗန်းမော် ဒေသခံများ၏ ပြောဆိုချက်အရ မြန်မာအစိုးရတပ်ဘက်မှ စစ်သား ၆၀ ခန့် ဒဏ်ရာရ၍ ဗန်းမော် ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်နေကြောင်း သိရသည်။ 

ဗန်းမော်မြို့နေ ဒေသခံတဦးက “ဒဏ်ရာရလို့ ဆိုပြီး လာပို့တဲ့ စစ်သားတွေတော့ တွေ့တယ်။ အရေအတွက် ဘယ်လောက်ရှိလဲ ဆိုတာတော့ အတိအကျ မသိဘူး။ မိုးမောက်ဘက်က နည်းနည်းဝေးတော့ တိုက်ပွဲဖြစ်နေတယ် ဆိုတာပဲ ကြားနေရတယ်” ဟု ပြောပြသည်။

၂၀၀၉ ခုနှစ် သြဂုတ်လကလည်း ကိုးကန့်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ကိုးကန့် - တရုတ် ဒေသခံ ၂၇၀၀၀ ခန့်တို့ တရုတ်နိုင်ငံအတွင်း ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာ ၁၈ ရက်တွင် KIA ၏ နိုင်ငံရေးအဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ ၂ ဦးကို ဖမ်းဆီးခဲ့သည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နယ်ခြားစောင့် တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေး ပျက်ပြား လျက်ရှိသည်။ နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်