အသိမ်းခံလယ်မြေပြန်ရရေး ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံရသူများ ပြစ်ဒဏ်လျှော့

E-mail Print
မကွေးတိုင်း ကံမမြို့နယ် စစ္စရံရွာရှိ လယ်ဧက ၄၀၀၀ ကျော် သိမ်းဆည်းမှုကို တရားစွဲဆိုသည့်အတွက် ရိုက်နှက်ခံရပြီး ထောင်ဒဏ် ကျခံနေရသော လယ်ပိုင်ရှင် တောင်သူ ၅ ဦးကို ပြစ်ဒဏ်လျှော့ပေါ့ ချမှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။

alt“သူတို့ကို ၉ နှစ်နဲ့ ၇ လ၊ ၁၀ နှစ်နဲ့ ၇ လ ဆိုပြီးချထားတာကို အယူခံဝင်လိုက်တော့ အကုန်လုံးကို တပေါင်းတည်း ၃ လ ပြစ်ဒဏ်ဆိုပြီး လျှော့ပေးလိုက်တယ်။ ချုပ်ရက်ခံစားခွင့်တွေနဲ့ သူတို့ လွတ်လာမယ်။ အခု လွှတ်ဝရမ်းကို သရက်ထောင် ယူသွားပြီ”ဟု တောင် သူများ၏ ရှေ့နေ ဦးအောင်သိန်းက ပြောသည်။

ဦးသန်းဦး၊ ဦးအောင်လင်း အပါအ၀င် တောင်သူများ ပိုင်ဆိုင်သော လယ်ဧက ၄၀၀၀ ကျော်ကို ပြီးခဲ့သည့် ၂၀၁၀ ပြည့် နှစ်ကုန်ပိုင်း အတွင်း မြန်မာ့စီးပွားရေးဦးပိုင် ကုမ္ပဏီ လီမိတက်က ကော့စတစ်စက်ရုံဆောက်ရန်ဟုဆိုကာ နစ်နာကြေးတစုံတရာမပေးဘဲ သိမ်း ယူ ခဲ့သည်။ ထို့ကြောင့် တောင်သူများက လယ်မြေပိုင်ဆိုင်ခွင့် ပြန်လည်ရလိုမှုနှင့် မတရားသိမ်းယူမှုအပေါ် တရားရုံးအဆင့်ဆင့်သို့ တိုင်ကြား ထားခဲ့သည်။

၂၀၁၁ မတ်လ ၂၁ ရက်နေ့ညတွင် ကုမ္ပဏီမှ စေခိုင်းသူဟု ယူဆရသူများက ဦးဆောင်တိုင်ကြားသည့် တောင်သူ ၆ ဦးကို ရိုက်နှက် ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည့်အပြင် ရဲစခန်းမှ တောင်သူတဦးကိုလွှတ်ပေးပြီး ကျန် ၅ဦးကိုဖမ်းဆီးထားကာမြန်မာ့ စီးပွားရေး ဦးပိုင်လီမီတက် တာဝန်ရှိသူ ဗိုလ်မှူးဝင်းမြင့်က တရားလိုပြု၍ ပုဒ်မ ၄ ခုဖြင့် တရားစွဲဆိုခဲ့သည်။
ထို့နောက် ယင်းတောင်သူ ၅ ဦးကို မင်းလှမြို့နယ်တရားရုံးက သရက်ထောင်တွင် ထောင်ဒဏ် ၉နှစ် ၇ လမှ ၁၀ နှစ် ၇ လအထိ အသီးသီး ထောင်ဒဏ်ကျခံရန် မေလအတွင်း စီရင်ချက်ချမှတ်ခဲ့ရာ မင်းဘူးခရိုင်တရားရုံးသို့ အယူခံလျှောက်ထားခဲ့ပြီး ယခုကဲ့သို့
ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။

“တရားရုံးက သူတို့ကို အပြစ်ရှိတယ်၊ ဒါကြောင့် ၃ လ ချတယ်ပေါ့ အဲ့ဒီလိုပြောတယ်။ အပြစ်မရှိဘူးလို့တော့ မပြောဘူး။ ဒီလိုမထင် မှတ်လောက်အောင် လျှော့လိုက်တာတော့ အံ့သြစရာ ကောင်းတယ်။ အမှန်တော့ ဒါက အာဏာပိုင်နဲ့ ပေါင်းပြီးလုပ်တဲ့အမှုပေါ့။ ဒီ ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က နိုင်ငံတကာကို တင်ပြတာတွေလည်းရှိတော့ ဖိအားတွေကြောင့် ဒီလိုလုပ်တာ ဖြစ်မယ်”ဟု ရှေ့ နေ ဦးအောင်သိန်း က ပြောသည်။

လယ်မြေပြန်လည်ရပိုင်ခွင့်အတွက် တောင်သူများက စွဲဆိုထားသည့်အမှုအတွက်ကိုမူ မကွေးတိုင်းတရားရုံးက လာမည့် သြဂုတ်လ ၁ ရက်နေ့တွင် ရုံးချိန်းခေါ်ယူထားသည်ဟု ဆိုသည်။

ပဲမျိုးစုံနှင့် နှမ်းတို့ အဓိကထား စိုက်ပျိုးရာ စစ္စရံကျေးရွာအနီးရှိ အဆိုပါ ကော့စတစ်စက်ရုံစီမံကိန်းအတွက် မြေနေရာ၊ လယ်မြေများတွင် လယ်ပိုင်ရှင်များကို အသိမပေးဘဲ အလံများစိုက်သတ်မှတ်ထားကြောင်း၊ ဆောက်လုပ်ရေးအတွက် ထူးကုမ္ပဏီက တာဝန်ယူ ထားကာ ကနဦး မြေဖော်မှု ဆောက်လုပ်မှုများ ပြုလုပ်နေကြောင်း၊ ဒေသခံများက မိမိတို့ လယ်မြေများ ဆုံးရှုးံရမှုကြောင့် အဆိုပါ စက်ရုံ တည်ဆောက်မှုကို မလိုလားကြကြောင်း ပြောဆိုနေကြသည်။

ထိုသို့ လယ်မြေသိမ်းယူမှုများမှာ ကချင်ပြည်နယ်၊ မွန်ပြည်နယ် အပါအ၀င် နိုင်ငံ တ၀န်း၌ ဖြစ်ပွားလျက်ရှိပြီး ၂၀၀၇ ခုနှစ် က ကချင် ပြည်နယ် ဟူးကောင်း ချိုင့်ဝှမ်းတွင် ယုဇနကုမ္ပဏီ မြေသိမ်းမှုမှာ အကြီးမားဆုံးတခု ဖြစ်သည်။

ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ရက်မှ ထုတ်ပြန်ခဲ့သည့် “အာဏာရှင်များ၊ သူဌေးကြီးများနှင့် ကျားများ” (Tyrants, Tycoons and Tigers) အမည်ရှိ အစီရင်ခံစာတွင် ဟူးကောင်း ချိုင့်ဝှမ်းမှ ကမ္ဘာ့အကြီးဆုံး ကျားထိန်းသိမ်းရေးနယ်မြေတွင် ကြံနှင့် ဇီဝလောင်စာ ဆီအတွက် ပီလောပီနံ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် မြေဧက၂ သိန်းကို ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက သိမ်းယူခဲ့ကြောင်း၊ ထိုသိမ်းယူမှုကြောင့် ဒေသခံများ အဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ မြေတူးစက်များ အသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက် စီးရခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရကြောင်း ဖော်ပြထားသည်။

ယင်း ဟူးကောင်း ချိုင့်ဝှမ်း မြေသိမ်းမှုများအား ကာယကံရှင် တချို့က တရားစွဲဆိုမှု ဖြစ်ပွားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်